နေပြည်တော် ဇန်နဝါရီ ၁၇
NUG CRPH PDF အမည်ခံအကြမ်းဖက်သမားများသည် ဒေသအချို့၌ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်ကြသည့် ပြည်သူအချို့ အား အကြောင်းပြချက်အမျိုးမျိုးဖြင့် ခြိမ်းခြောက်၊ သတ်ဖြတ်၊ လုယက်မှုများ ကျူးလွန်လျက် ရှိသည့်အပြင် ကိုးကွယ်ဆည်းကပ်ရာဖြစ်သော သံဃာတော်များကိုပါ လုပ်ကြံသတ်ဖြတ်သည့် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိကြသည်။
ထိုသို့ အကြမ်းဖက်မှုများလုပ်ဆောင်ခဲ့ရာ
ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊
ဥသျှစ်ကုန်းကျေးရွာ၊ ပန်းကုန်းသာတော တိုက်ရှိ ပန်းကုန်းသာဘုန်းကြီးကျောင်း၌ သီတင်းသုံးနေသည့်
ဆရာတော် ဘဒ္ဒန္ဒပဏ္ဍိတ သက်တော်(၅၅) နှစ်၊ ဝါတော်(၂၂)ဝါ ထံသို့ ဆွမ်းလာပို့သည့် ဒါယကာ/ဒါယိကာမများက
ဆရာတော်အား မတွေ့ရှိရသဖြင့် လိုက်လံရှာဖွေရာ ည ၈ နာရီ ၅၀ မိနစ်အချိန်တွင် အဆိုပါ ဘုန်းကြီးကျောင်း၏
အနောက်ဘက် ၂ ဖာလုံခန့်အကွာ လယ်ကွက်အတွင်း၌ PDF အမည်ခံ အကြမ်းဖက်သမားများက ဓါးဖြင့်ခုတ်၊
မီးဖြင့်ရှို့၍ သတ်ဖြတ်ခဲ့ခြင်းကြောင့် ခန္ဓာကိုယ်အပေါ်ပိုင်း ဓါးဒဏ်ရာများနှင့် အောက်ပိုင်းတွင်
မီးရှို့ခံထားရသည့် ဒဏ်ရာများဖြင့် ပျံလွန်တော်မူနေသည့် ဆရာတော်ကို တွေ့ရှိရကြောင်း
သိရသည်။
အလားတူ ည ၉ နာရီ ၅၀
မိနစ်တွင် မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်၊ စိန်ပန်းလမ်းပေါ်၌ သံဃာတစ်ပါး လဲကျနေကြောင်း
သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ မုံရွာမြို့၊ လက်ဇင်အုပ်စု၊ ရွာထောင်ဘုန်းကြီးကျောင်း၌
သီတင်းသုံးနေသည့် ကိုရင်ကြီး ဇဝန(ခ) ငြိမ်းချမ်း (၃၈)နှစ် (ဘ) ဦးတင်ရွှေ ဖြစ်ပြီး ယာဘက်နားအောက်
ညိုမဲဒဏ်ရာ၊ ဝဲမျက်ခုံးအထက် စုတ်ပြဲဒဏ်ရာ၊ နားနှင့် နှာခေါင်းသွေးထွက်ဒဏ်ရာများဖြင့်
လဲကျသေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ အဆိုပါကိုရင်ကြီးသည် ည ၉
နာရီ ၅၀ မိနစ်အချိန်တွင် စိန်ပန်းနီလမ်းမပေါ်၌ တစ်ပါးတည်းလမ်းလျောက်နေစဉ် ဆိုင်ကယ်မောင်းနှင်လာသည့်
အကြမ်းဖက်သူ အမျိုးသားတစ်ဦး က တုတ်ဖြင့်ရိုက်နှက်ကာ ထွက်ပြေးသွားခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိ
ပျံလွန်တော်မူခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အကြမ်းဖက်အဖွဲ့များသည်
မြန်မာနိုင်ငံသားအများစု ကိုးကွယ်ရာဘာသာ ဖြစ်သော ဗုဒ္ဓဘာသာ၏ ရဟန်းသံဃာများကို ယခုကဲ့သို့
အကြမ်းဖက်သတ်ဖြတ်နေမှုများကို ကျူးလွန် လုပ်ဆောင်လျက်ရှိရာ ယနေ့အထိ သံဃာတော် ၂၀ ပါးသည်
၎င်းတို့၏လုပ်ကြံသတ်ဖြတ်မှုကြောင့် ပျံလွန်တော်မူခဲ့ကြရကြောင်းနှင့် ၇ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ရကြောင်း
သိရသည်။
အကြမ်းဖက်သမားများအနေဖြင့်
၎င်းတို့အပေါ်လိုလားထောက်ခံခြင်းမရှိသော အပြစ်မဲ့ပြည်သူများကိုသာမက ကိုးကွယ်ယုံကြည်ရာဖြစ်သော
ရဟန်းသံဃာများကိုပင် အကြောင်းအမျိုးမျိုးပြစွပ်စွဲ၍ သတ်ဖြတ်ခြင်းများကို ကျူးလွန်လျက်ရှိသဖြင့်
ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ကာကွယ်သွားကြပါရန်နှင့် အကြမ်းဖက်သမားများ၏
လှုပ်ရှားမှုသတင်းများကိုရရှိပါက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လျှို့ဝှက်စွာ
ဆက်သွယ် သတင်းပေးပို့၍ အကြမ်းဖက်သမားများ ရပ်တည်မှုမရှိနိုင်သည်အထိ ပူးပေါင်း ဆောင်ရွက်သွားကြပါရန်
မေတ္တာရပ်ခံသတင်းထုတ်ပြန်အပ်ပါသည်။
No comments:
Post a Comment