နေပြည်တော် ဇန်နဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ဥပဒေချုပ်ရုံးနှင့် တရားလွှတ်တော်အဆောက်အဦ ဖွင့်ပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်ရှိ၊ အဆိုပါရုံး နေရာများ၌ သီးခြားစီကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့်
ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ တွဲဖက်အတွင်းရေးမှူး
ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုတရား သူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်
ဒေါက်တာ သီတာဦး၊ ဦးမောင်မောင်အုန်း၊ ဦးကိုကို၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးမင်းသိန်းဇံ၊
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်း၊
တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ၊
ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မန္တလေးတိုင်း ဒေသကြီး၊ ဥပဒေချုပ်ရုံးသစ်ဖွင့်ပွဲ
အခမ်းအနားသို့ ရောက် ရှိကြပြီး ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်
ဒေါက်တာ သီတာဦး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့်
တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင် တို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် က
မန္တလေးတိုင်းဒေသကြီး၊ ဥပဒေချုပ်ရုံး ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊
နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြပြီး
မန္တလေး တိုင်းဒေသကြီး၊ ဥပဒေချုပ်ရုံး ကမ္ပည်းမော်ကွန်း အား အမွှေးနံ့သာရည်များဖြင့်
ပက်ဖျန်းပေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊
နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မန္တလေးတိုင်းဒေသကြီး၊ ဥပဒေချုပ်ရုံး
အဆောက်အဦအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပြီး တိုင်းဒေသကြီး၊ ဥပဒေချုပ်ရုံးမှ ဝန်ထမ်းများအား
ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊
နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် မန္တလေးတိုင်းဒေသကြီး၊ တရားလွှတ်တော်
အဆောက်အဦသစ် ဖွင့်လှစ်ခြင်း အခမ်းအနားသို့ ရောက်ရှိကြပြီး ပြည်ထောင်စုတရားသူကြီးချုပ်
ဦးထွန်းထွန်းဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးမောင်ကို၊ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်
ဒေါ်ခင်သင်းဝေ တို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က မန္တလေးတိုင်းဒေသကြီး၊ တရားလွှတ်တော် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ် ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊
နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြပြီး
မန္တလေးတိုင်းဒေသကြီး၊ တရားလွှတ်တော် ကမ္ပည်းမော်ကွန်း အား အမွှေးနံ့သာရည်များဖြင့်
ပက်ဖျန်းပေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မန္တလေးတိုင်းဒေသကြီး၊ တရားလွှတ်တော် အဆောက်အဦအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပြီး တိုင်းဒေသကြီး၊ တရားလွှတ်တော်အစည်းအဝေးခန်းမ အတွင်း၌ အခမ်းအနားဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ပြုလုပ်သည်။
ဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက
တိုင်းဒေသကြီး၊ တရားလွှတ်တော်ရုံး အဆောက်အဦသစ်နှင့် ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းတင်ပြပြီး
အဆောက်အဦ သစ်ဆောက်လုပ်ခဲ့ရခြင်းနှင့်ပတ်သက်သည့် Video Clip ကို ပြသသည်။ ယင်းနောက် အဆောက်အဦနှင့်
သက်ဆိုင်သည့် စာရွက် စာတမ်းများကို ပြည်ထောင်စုတရားသူကြီးချုပ် ထံသို့ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊
နိုင်ငံတော် ဝန်ကြီးချုပ် ထံသို့ ပြည်ထောင်စု တရားသူကြီးချုပ်က မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်
အဆောက်အဦသစ်ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အဆောက်အဦပုံစံငယ် ငွေပန်းချီကား ကို ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊
နိုင်ငံတော် ဝန်ကြီးချုပ် က မန္တလေးတိုင်း ဒေသကြီး၊ ဥပဒေချုပ်ရုံးနှင့် တရားလွှတ်တော်အဆောက်အဦသစ်
ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ပြောကြား ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်
နိုင်ငံတော်တာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှဲပြောင်းရယူ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊
ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် ၉ ရပ်တို့
ကို ချမှတ်၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသား ပြည်သူများ၏
လူမှုစီးပွားဘဝများတိုးတက် ဖြစ်ထွန်းရေးတို့ကို ဦးတည်ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်
ခေတ်ကာလနှင့်လျော် ညီစေရန် အချို့သောဥပဒေများ နည်းဥပဒေများကို ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊
အစားထိုးဖြည့်စွက်ခြင်း၊ အသစ်ရေးဆွဲပြဌာန်းခြင်းများ ပြုလုပ်ပေး လျက်ရှိကြောင်း။
တရားစီရင်ရေး၊ ဥပဒေအကြံပြုရေးတို့နှင့်ပတ်သက်ပြီး
မှုခင်းကိစ္စများကို ဆောင်ရွက်ရာတွင်လည်း မှန်ကန်မြန်ဆန် မှုရှိစေရန်နှင့် လုံခြုံစိတ်ချစွာဆောင်ရွက်
နိုင်ရန်အတွက် တရားလွှတ်တော်အဆောက် အဦများနှင့် ဥပဒေရုံးသစ်များကို ရန်ပုံငွေများ
နှစ်အလိုက်လျာထားပြီး လိုအပ်သည့်နေရာများတွင် တည်ဆောက်ပေး လျက်ရှိ ကြောင်း၊ ခွင့်ပြုရန်ပုံငွေဖြင့်အဆင့်မီစွာ
တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်ပြီး တရားစီရင် ရေးနှင့် ဥပဒေရေးရာကဏ္ဍအတွက် ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုများပင်ဖြစ်ကြောင်း။
မြန်မာနိုင်ငံ၏တရားစီရင်ရေးစနစ်သည် အင်္ဂလိပ်ရိုးရာဥပဒေစနစ်
(Common Law System) ကို အခြေခံထားသည့်စနစ်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈
ခုနှစ်)အရ တရားစီရင်ရေး အာဏာသည် နိုင်ငံတော်၏အာဏာသုံးရပ်ထဲမှ တစ်ရပ်ပင် ဖြစ်ကြောင်း၊
ပြည်ထောင်စုတရား လွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံး ဖြစ်ကြောင်း၊
ပြည်ထောင်စုတရား လွှတ်တော်ချုပ်၏ လက်အောက်တွင် တိုင်းဒေသကြီး၊ ပြည်နယ် တရားလွှတ်တော်များ
၊ ခရိုင်တရားရုံးများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း
တရားရုံးများ၊ မြို့နယ် တရားရုံးများကို အသီးသီးဖွဲ့စည်းထားရှိကြောင်း။
ဥပဒေရေးရာဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအတွက်
အဓိကကျသည့် အခန်း ကဏ္ဍတွင်ရှိနေပြီး ပြည်ထောင်စုရှေ့နေချုပ်သည် နိုင်ငံတော်၏အကြီး အကဲ
ကို တာဝန်ခံရသကဲ့သို့ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များသည်လည်း ဝန်ကြီး ချုပ်များမှတစ်ဆင့်
နိုင်ငံတော်၏အကြီးအကဲကို တာဝန်ခံရသည် ပင်ဖြစ်ကြောင်း၊ အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို
ကိုလိုနီမပြုမီကာလတွင် မြန်မာ့လူ့အဖွဲ့ အစည်းသည် မြန်မာ့ရိုးရာတရားစီရင်ရေးစနစ်ကိုအသုံးပြုပြီး
တရားစီရင်ရေးကို ဆောင်ရွက်ခဲ့ကြ ကြောင်း၊ ရှေးမြန်မာ့တရား စီရင်ရေးသည် ဓလေ့ထုံးတမ်းဥပဒေအပေါ်တွင်
အခြေခံသည့် တရားစီရင်ရေး ဖြစ်ကြောင်း၊ မြန်မာဘုရင်များ လက်ထက်တွင် တိုင်းပြည် အုပ်ချုပ်သူဘုရင်သည်
နိုင်ငံ၏အမြင့်ဆုံး တရားစီရင်ရေးအာဏာပိုင် ဖြစ်ကြောင်း၊ တရားစီရင်ရေးအာဏာများသည် ဘုရင်မှတစ်ဆင့်
မိဖုရားခေါင်ကြီး၊ အိမ်ရှေ့စံ၊ လွှတ်တော်မှ မင်းညီမင်းသားများ၊ လွှတ်တော်ဝန်ကြီးများ၊
ဘုရင်ကခန့်ထားသည့် တရားသူကြီးများ၊ မြို့ဝန်၊ မြို့အုပ်၊ သူကြီး စသည်ဖြင့် အဆင့်ဆင့်ဆင်း
သက်သွားကြ သည်ပင်ဖြစ်ကြောင်း၊ မြန်မာဘုရင်များခေတ်တွင် တရားစီရင်ရေး၌ ကျင့်သုံးခဲ့သည့်
ဥပဒေအရင်းအမြစ်များအနေဖြင့် ရာဇသတ်များ၊ ဓမ္မသတ်များ၊ ဖြတ်ထုံးများပင် ဖြစ်ကြောင်း၊
ဗြိတိသျှအင်္ဂလိပ်တို့သည် မြန်မာနိုင်ငံကိုကျူးကျော်စစ်သုံးကြိမ်ပြုခဲ့ပြီး ကိုလိုနီပြုပြီးနောက်တွင်
၎င်းတို့၏ အင်္ဂလိပ်ရိုးရာတရားစီရင်ရေးစနစ် (Common Law System)ကို မြန်မာ့တရား စီရင်ရေးစနစ်တွင်
အစားထိုးခဲ့ခြင်းဖြစ်ကြောင်း။
တရားစီရင်ရေးအတွက် တရားစီရင်ရေးသည် မှန်ကန်မြန်ဆန်ပြီး
ဥပဒေနှင့် အညီ လွတ်လပ်စွာ တရားစီရင်ရေးနှင့် အဂတိလိုက်စားမှု ကင်းရှင်းရေးသည်လည်း အဓိကအရေးပါသည့်
အခန်းကဏ္ဍ တစ်ခုဖြစ် ကြောင်း၊ တရားစီရင်ရာတွင် အမြန်ဆုံးတရားစီရင်ရေးသည် အမှန်ဆုံးတရားစီရင်ရေးကို
တိုက်ရိုက်အကျိုး ပြုနိုင်ကြောင်း၊ ထို့ကြောင့်လည်း အမှုများကိုမြန်မြန်နှင့် မှန်မှန်ဆောင်ရွက်နိုင်ရေး
အတွက် “တရားရုံး စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာတရားစီရင်ရေး အထောက်အကူပြုအဖွဲ့” ဖွဲ့စည်းပေးပြီး
အထောက်အကူပေး ဆောင်ရွက်စေလျက်ရှိကြောင်း၊ ယင်းအဖွဲ့တွင် ပြည်ထောင်စု တရားလွှတ်တော်
ချုပ်နှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့က ပုဂ္ဂိုလ်များလည်း ပါဝင် ဖွဲ့စည်း ထားကြောင်း။
အဆောက်အဦများ ဥပဓိရုပ်ကောင်းရန်လိုသကဲ့သို့
တရားစီရင်ရေးနှင့် ဥပဒေ ရေးရာကဏ္ဍ များတွင် မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်ဖြင့် မျှမျှတတ
ဆောင်ရွက် ရန်လိုသည်ဟု ပြောကြားလိုကြောင်း၊ နိုင်ငံတော် အနေဖြင့် အဆောက်အဦသစ်များကို
တည်ဆောက်ပေးရသည့် ရည်ရွယ်ချက်သည် မြန်မာနိုင်ငံတွင် မဏ္ဍိုင်ကြီး သုံးရပ်ဖြစ် သည့်
ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကဏ္ဍများ ဆောင်ရွက်ရာ၌ ဂုဏ်သိက္ခာရှိစွာဖြင့်
အောင်မြင်စွာဆောင်ရွက်နိုင်ရန်ဖြစ်ပြီး အရည်အချင်းပြည့်မီသည့် တရားရေးနှင့် ဥပဒေအရာရှိများကို
ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက်လည်း ဖြစ် ကြောင်း၊ ထို့ပြင် တက္ကသိုလ်အသီးသီးမှ ဥပဒေဘွဲ့ရ၊
မဟာဥပဒေဘွဲ့ရ၊ ပါရဂူဘွဲ့ရ များကိုလည်း လုပ်ငန်းခွင် လက်တွေ့လုပ်ငန်း ပိုမိုလေ့လာသင်ယူခွင့်
အခွင့်အလမ်း ရရှိစေရေးနှင့် ဖြောင့်မတ်မှန်ကန်ပြီး ကျင့်ဝတ်သိက္ခာနှင့် ပြည့်စုံသည့်
အထက်တန်း ရှေ့နေများ၊ တရားလွှတ်တော်ရှေ့နေများ၊ ဥပဒေအကြံပေးများနှင့် ဥပဒေပညာရှင်များ
ကို မွေးထုတ်နိုင်ပြီး မှန်ကန်သည့် တရားစီရင်ရေး စနစ်ဖြင့် အဂတိလိုက်စားမှုကင်း သောနိုင်ငံတစ်နိုင်ဖြစ်လာစေရေး
မျှော်မှန်းဆောင်ရွက်ခြင်း ပင်ဖြစ်ကြောင်း။
နိုင်ငံသား အားလုံးလိုလားသည့် စစ်မှန်၍စည်းကမ်းပြည့်ဝပြီး တရားမျှတသည့် ဒီမိုကရေစီစနစ်ဖော် ဆောင်ရာတွင် အခြေခံလိုအပ်ချက်ဖြစ်သည့် လူ့အခွင့်အရေးကို လေးစားလိုက်နာရန် ၊ ကာကွယ်ရန်၊ မြှင့်တင်ရန်နှင့် ဖြည့်ဆည်းပေးရန်လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေး အခြေခံ လူ့ အခွင့်အရေးများ ရရှိခံစားနိုင်ရန်လည်းလိုကြောင်း၊ တရားစီရင်ရေး ကဏ္ဍတွင်လည်း မလိုအပ်ဘဲ ကြန့်ကြာနေသည့် တရားမမှုများ၊ ရာဇဝတ်မှုများ၊ အယူခံမှု၊ ပြင်ဆင်မှု များကို အချိန်တိုတိုအတွင်း မှန်ကန်မြန်ဆန်စွာ ပြီးမြောက်အောင်မြင်အောင် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် ရန်လိုကြောင်း၊ မိမိတို့ပြည်သူများ၏ ဆန္ဒနှင့်အညီ ပါတီစုံ ဒီမိုကရေစီကျင့်သုံးသည့် ပြည်ထောင်စုနိုင်ငံတော်ကြီး ခိုင်မာစွာဖြစ်ပေါ်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိခြင်းကြောင့် တရားရေး အရာရှိများနှင့် ဥပဒေအရာရှိများက မိမိတို့သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ အားဖြည့်ဆောင် ရွက်ပေးနိုင်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ်က မန္တလေးတိုင်းဒေသကြီး၊ တရား လွှတ်တော် အဆောက်အဦ သစ်ကြီးကို တရားလွှတ်တော် အင်္ဂါရပ်နှင့်အညီ ခန့်ညား ထည်ဝါစွာ ဆောက်လုပ်ဖွင့် လှစ်နိုင်ခဲ့သဖြင့် ကျေးဇူးတင်ရှိကြောင်းနှင့် ရေရှည် တည်တံ့ခိုင်မြဲရေး၊ သန့်ရှင်းသာယာလှပရေး၊ လုံခြုံရေးတို့အတွက် တာဝန်ရှိ သူများက ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရန်လိုအပ်သည့် အခြေအနေတို့အား ပြောကြားသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊
နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး
နှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော် ဝန်ကြီးချုပ် သည် အဖွဲ့ဝင်များလိုက် ပါ၍ မန္တလေးမြို့တော်စီပင်သာယာရေးကော်မတီက
ကျုံးမြို့ရိုး အနီးတည်ဆောက်လျက်ရှိသည့် ရတနာပုံဥယျာဉ်တည် ဆောက်နေမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာရှင်းလင်းဆောင်၌ မန္တလေးတိုင်းဒေသကြီး
ဝန်ကြီးချုပ်နှင့် မြို့တော်ဝန် တို့က ရတနာပုံဥယျာဉ် စီမံကိန်းတည်ဆောက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် အများပြည်သူများအပန်းဖြေ အနားယူနိုင်ရေး အပိုင်းလိုက်ဖွင့်လှစ်ဆောင်ရွက် သွားမည့်
အခြေအနေများအား ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က
အများပြည်သူများ စိတ်လက်ချမ်းမြေ့စွာဖြင့် အနားယူနိုင်ရေး ဆောင်ရွက်ရန်၊ အပန်းဖြေနေရာနှင့်
လျှောက်လမ်းများ တည်ဆောက်ရာတွင် အပန်းဖြေအနားယူမှုများ သာမကလမ်းလျှောက်ခြင်းများကိုပါ
လွတ်လပ်စွာ ဆောင်ရွက်နိုင်ရေး ထည့်သွင်းစဉ်းစားတည်ဆောက်သွားရန်၊ ရတနာပုံဥယျာဉ် စီမံကိန်းအား
တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတကာ အဆင့်မီဖြစ် စေရေးနှင့် ရေရှည်ထိန်း
သိမ်းနိုင်ရေးအတွက်ကိုပါ တွက်ချက်ဆောင်ရွက် ရန်နှင့် လိုအပ်သည်များ အား လမ်းညွှန်မှာကြားသည်။
ယင်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ရတနာပုံဥယျာဉ် တည်ဆောက်ပြီးစီးသည့်အခြေအနေများနှင့်
ဆက်လက်တည်ဆောက်နေမှုတို့အား လှည့်လည်ကြည့် ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ
ဖြည့်စွက်မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment