Saturday, January 8, 2022

အခြေခံစည်းမျဉ်း စည်းကမ်းများ တိကျစွာ လိုက်နာနေထိုင်


မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ရာခိုင်နှုန်းမှာ နေ့စဉ် ၁ ရာခိုင်နှုန်းကျော်ကျော်ခန့် တွင်သာ ရှိနေပြီး ဇန်နဝါရီလ ၇ ရက်နေ့ ည ၈ နာရီအချိန်အထိ ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှုအနေဖြင့် ၅၃၀၀၀၀ ကျော်သာရှိနေသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကူးစက်ပျံ့နှံ့မှုက လွှမ်းမိုးလျက်ရှိရာ နိုင်ငံပေါင်း ၁၄၀ ကျော်တွင် ပျံ့နှံ့နေပြီး အမေရိကန်နိုင်ငံတွင် ကူးစက်မှုမှာ တစ်နေ့တည်းတွင် ၁ သန်းခန့်ရှိကြောင်း သတင်းများက မိမိတို့အနေဖြင့်လည်း သတိပြုဖွယ်ဖြစ်သည်။ လက်ရှိအခြေအနေတွင် ကယ်ဆယ်ရေးလေယာဉ် များဖြင့် ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူ အချို့တွင် အိုမီခရွန်ကူးစက်ခံရသူအချို့ ပါရှိနေသည်ကို စစ်ဆေးတွေ့ရှိရပြီး သီးသန့်ခွဲခြားစောင့်ကြည့်မှုများ ပြုလုပ်ထားသည်ဟု သိရသည်။


အိုမီခရွန်မျိုးကွဲသည် ကူးစက်မှုနှုန်း လွန်စွာမြန်ဆန်မြင့်မားသော်လည်း ရောဂါပြင်းထန်မှု နည်းပါးခြင်း ကြောင့် အလွန်အမင်း စိုးရိမ်ပူပန်ရန်မလိုကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားပြီး ရောဂါ ဖြစ်ပွားမှုကို မျက်ခြည်မပြတ် စောင့်ကြည့်လျက်ရှိကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။ အလွန် အမင်းစိုးရိမ်ပူပန်ရန် မလိုဟုဆိုရာတွင် မေ့လျော့ပေါ့ဆမှု မပြုရန်လည်း ဂရုပြုကြရမည်ဖြစ်သည်။ အိုမီခရွန်ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားပြီးနောက် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ၎င်းကိုဗစ်-၁၉ ရောဂါ မျိုးဗီဇ အသစ်ကြောင့် အသက်ဆုံးရှုံးမှုစုစုပေါင်း ၁၀၀ ကျော်ရှိနေသည့်အချက်က မပေါ့ဆရန် သတိပေး နေခြင်းပင် ဖြစ်သည်။ ကပ်ရောဂါတစ်ခု ကူးစက်ပျံ့နှံ့မှုကာလ ရှည်ကြာသည်နှင့်အမျှ နောက်ထပ် နောက်ထပ်မျိုးကွဲသစ်များ ပေါ်ပေါက် လာခြင်းနှင့်အတူ ရောဂါ လက္ခဏာများ ကွဲပြားလာခြင်း၊ လက်ရှိ ကာကွယ်ဆေးများ၏ ထိရောက်မှုအာနိသင်များ လျော့နည်းလာခြင်း၊ ကုထုံးများ ပြောင်းလဲရခြင်း စသည့် ပြဿနာ အသစ်များလည်း ထပ်မံပေါ်ပေါက် လာလေ့ရှိကြောင်း ကျန်းမာရေး ပညာရှင်များက ပြောကြားလျက်ရှိရာ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် အရေးကြီးသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ဒယ်လ်တာ ကူးစက်ပျံ့နှံ့ခဲ့သည့် တတိယလှိုင်း ကာလ အစပိုင်းတွင် ကျန်းမာရေးဆိုင်ရာ အကျပ်အတည်း ကျရောက်မှုပမာဏ ကြီးမားစွာနှင့် ရင်ဆိုင်ကြုံတွေ့ ခဲ့ကြရပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန် ဆရာမများ၊ ဝန်ထမ်းများ၊ တပ်မတော်ဆေးဘက် ဆိုင်ရာမှ အရာရှိ၊ အကြပ်စစ်သည်များ၊ လူမှုကူညီရေးပရဟိတ အဖွဲ့ အစည်းများ၊ ပြည်သူများ၏ တစ်တပ်တစ်အား စုစည်းမှုစွမ်းအားဖြင့် ရင်ဆိုင်ဖြေရှင်းကာ အောင်မြင်မှုလည်း ရရှိခဲ့ကြသည်။ ယင်းအတွေ့အကြုံများက နောက်ထပ်ကြုံတွေ့လာရမည့် ကပ်ရောဂါလှိုင်းများအတွက် တန်ဖိုးရှိလှစွာ သော သင်ခန်းစာများပင်ဖြစ်ရာ ရောဂါကူးစက်မှု ဟန့်တားထိန်းချုပ်ရေးတွင် လူတိုင်းကိုယ်စီပါဝင်ခြင်း ဖြင့် အိုမီခရွန်ကိုလည်း ကာကွယ်နိုင်မည် မှာ မုချပင်ဟု ယုံကြည်သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးတွင် လူစုလူဝေးကို ရှောင်ခြင်း၊ ပါးစပ် နှာခေါင်းစည်း တပ်ဆင်ခြင်း၊ မကြာမကြာ လက်ဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေခွာနေခြင်းဟူသော အခြေခံစည်းမျဉ်းများက နောက်ထပ်မျိုးဗီဇကွဲများ မည်မျှပေါ်ပေါက်လာစေကာမူ ကားဆီးကာကွယ် နိုင်သည့် အလေ့အကျင့် များ ပင်ဖြစ်သည်။ အထူးသဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် သော သတင်းအချက်အလက် များ၊ အသိပေးနှိုးဆော် တိုက်တွန်းချက်များနှင့်အညီ လိုက်နာ ကျင့်သုံးနေထိုင်ခြင်းအားဖြင့် ကမ္ဘာမြေ ပေါ်တွင် ကြာရှည်စွာ ရှိနေဦးမည်ဖြစ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါမှ လွတ်ကင်းကာ ကျန်းမာခြင်းနှင့် ပြည့်စုံသည့် လူမှုဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ ကြောင်း။ ။

No comments:

Post a Comment