နေပြည်တော် ဇန်နဝါရီ ၁၂
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သော ကြည့်ရှု စစ်ဆေးရေး အဖွဲ့သည် ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ကျိုင်းတုံအကျဉ်းထောင်နှင့် ကျိုင်းတုံမြို့မ ရဲစခန်း၊ တရားရုံးအချုပ် ခန်းများကိုလည်းကောင်း၊ ယနေ့တွင် တာချီလိတ်မြို့မရဲစခန်း၊ တရားရုံးအချုပ်ခန်းများကို လည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးရာတွင်
ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများကို
အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံး ရရှိမည့် အခွင့်အရေး ဖြစ်သော
နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု ရှိ မရှိ၊ ထောင်ဝင်စာပစ္စည်းများ
စုံလင်စွာ ရရှိခြင်း ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင် ပစ္စည်းများ ရရှိခြင်း
ရှိမရှိနှင့် ညှဉ်းပန်း နှိပ်စက်မှု ရှိ မရှိ စသည်တို့ကို မေးမြန်းမှတ်တမ်းတင်ခြင်းနှင့်
ယခင်က ကြည့်ရှုစစ်ဆေးသည့် အကြံပြုချက် များအပေါ် အကောင်အထည်ဖော်
ဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ကျိုင်းတုံအကျဉ်းထောင်ကို
ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/ အကျဉ်းသူ၊ အချုပ် သား/အချုပ် သူများ၏
အိပ်ဆောင်များ၊ အချုပ်ထောင်၊ အကျဉ်းထောင်ဆေးရုံ၊ တိုက်ခန်းများ၊ စာကြည့်တိုက်၊ စားဖိုကြီး၊
ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သောက်ရေနှင့် သုံးရေကန်များ၊ Quarantine
ထားရှိသည့်အဆောင်၊ အတွင်း/ အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ မရှိတို့ကို
လည်းကောင်း၊ လတ်တလော ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် စပ်လျဉ်း၍
ဆောင်ရွက်ထားရှိမှု တို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ အကြံပြုပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment