Sunday, January 23, 2022

စည်းလုံးညီညွတ်မှုဖြင့် နိုင်ငံတော်ကိုတည်ဆောက်

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး တန်းတူညီမျှခံစား နိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက် ညီစွာဖွံ့ဖြိုးတိုးတက်စေရေးနှင့် တိုင်းရင်းသားပြည်သူများ ငြိမ်းချမ်း သာယာရေး၊ စည်းလုံးညီညွတ်ရေး၊ စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေး တို့ကို ဦးစားပေးအလေးထားဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံဖြစ်၍ တိုင်းရင်းသားများ အရေးကို အလေးထားဆောင်ရွက်ရခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ပထဝီအနေ အထားအရ မတူကွဲပြားသော တောတောင် ရေမြေ၊ သဘာဝအနေအထားများတွင် တိုင်းရင်းသားများ သည် မွေးဖွားကြီးပြင်း လာကြ သည်ဖြစ်၍ အသွေးအရောင်၊ ဓလေ့စရိုက်၊ ယဉ်ကျေးမှုကွဲပြားကြ သော်လည်း တစ်မြေတည်းနေ၊ တစ်ရေတည်းအတူ သောက်ကြသူများဖြစ်၍ တစ်သွေးတည်း တစ်သားတည်း ညီအစ်ကိုမောင်နှမအရင်း အချာများပင်ဖြစ်သည်။ အနေမနီးသော် လည်း တစ်ခရီးတည်း အတူသွားနေကြသူမိသားစုများဖြစ်သည်။

တစ်မြေတည်းအတူနေ မိသားစုဝင်များဖြစ်၍ တစ်ဦး၏ကောင်းကျိုးကို တစ်ဦးက နှစ်နှစ်သက်သက် လိုလိုလားလား ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ တစ်ဦး၏အကျိုးစီးပွား ပျက်စီးရာပျက်စီးကြောင်းကို တစ်ဦးက မည်သည့်အခါမျှ မည်သို့မျှ မပြုလုပ်မဆောင်ရွက်ရပေ။ တစ်ဦးအပေါ်တစ်ဦး နားလည်မှု၊ စာနာမှု၊ ယုံကြည်မှု၊ လေးစားမှုတို့ဖြင့် အတူနေထိုင်ကြရမည်ဖြစ်သည်။ တစ်ဦး၏ယဉ်ကျေးမှု စရိုက်လက္ခဏာများကို တစ်ဦးက တန်ဖိုးထားလေးစား အသိအမှတ်ပြုရမည် ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ၂၂ တွင် နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေဖို့ ကူညီဆောင်ရွက်မည်။ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီ ညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက်မည်ဟု ပြဋ္ဌာန်းထားသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ဦးတည်ချက်(၉) ရပ်ရှိ လူမှုရေးဦးတည်ချက်တွင် “စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန် ထက်မြက်ရေး၊ တိုင်းရင်းသား လူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းစဉ်လာများကိုလေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေး မှုစရိုက် လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး ဟူသည့်အချက်ပါရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါအချက်များနှင့် လူမှုရေးဦးတည်ချက်ပါအချက်များကို လေးစားလိုက်နာ ရမည်ဖြစ် သည်။ လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက် ရမည်ဖြစ်သည်။ လေးလေးစားစား အသိ အမှတ်ပြုရ မည်ဖြစ်သည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းသာယာဝပြော နေသောအခါတွင် တိုင်းရင်းသားလူမျိုး အသီးသီး၏ ယဉ်ကျေးမှုထုံးတမ်းစဉ်လာမလေ့များကို ထုတ်ဖော်ပြသ ခွင့်ရကြ သည်။ နေ့ကြီး ရက်ကြီးများနှင့် အထိမ်းအမှတ်အခါကာလများ၌ ထုတ်ဖော်ပြသခွင့်ရကြသည်။ မတူကွဲပြားသော တိုင်းရင်းသား လူမျိုးအချင်းချင်း ကြားဝယ် ပျော်ရွှင်ကြည်နူးဖွယ်ရာ အတိဖြစ် ကြရသည်။ တစ်ဦးအပေါ်တစ်ဦး နှစ်သက် မြတ်နိုး၊ ချစ်ခင်လေးစားမှုကို ဖြစ်စေခဲ့သည်။ မြတ်နိုးဖွယ်ရာ ဓလေ့များကို တန်ဖိုးထားလာတတ်သည်။

လက်ရှိအချိန်ကာလတွင် ကိုဗစ်-၁၉ကပ်ရောဂါကြောင့် တိုင်းရင်းသားလူမျိုး အသီးသီးတို့၏ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာများကို အပြည့်အဝထုတ်ဖော် ပြသခွင့်မရသဖြင့် ကျန်းမာရေး စည်းကမ်းနှင့်အညီ အတတ်နိုင်ဆုံး၊ အဖြစ်နိုင်ဆုံး၊ အကောင်းဆုံး ထုတ်ဖော်ပြသလျက်ရှိသည်။ ယခုကာလတွင် တစ်နိုင်ငံလုံး စီးပွားရေးနှင့် လူမှုရေးဘဝ ရပ်တည်လှုပ်ရှားမှုဆိုင်ရာတို့တွင် အခက်အခဲများ နှင့်စိန်ခေါ် မှုများစွာတို့ကို ရင်ဆိုင်ကျော်လွှားနေရချိန်ဖြစ်သည်။ သို့သော် တိုင်းရင်း သားတို့၏ ထုံးတမ်းစဉ်လာလေ့များကို ပစ်ပယ်ထားခြင်းမရှိဘဲ အတတ်နိုင်ဆုံးစီစဉ်ဖန်တီး ပေးလျက် ရှိသည်။

မကြာမီကာလတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ကမ္ဘာ့အလယ်တွင် ခိုင်မာဝင့်ထည်စွာ ရပ်တည်နိုင်ရေး အတွက် တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှု၊ တူညီဆများဖြင့် ပြည်ထောင်စု အုတ်မြစ်ကိုတည် ဆောက်ခဲ့သော ပြည်ထောင်စုနေ့သို့ ရောက်ရှိတော့မည်ဖြစ်သည်။ ယခုနှစ် ပြည်ထောင်စုနေ့သည် တစ်မူထူးခြား လေးနက်သောအသွင်ဆောင်သည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ဖြစ်သည်။ စိန်ရတု ပြည်ထောင်စုနေ့တွင် အခက်အခဲများ၊ စိန်ခေါ်မှုများကြားမှ တိုင်းရင်းသားလူမျိုးအသီးသီးတို့၏ မြတ်နိုးဂုဏ်ယူဖွယ်ရာ ယဉ်ကျေးမှု အစဉ်အလာများကို ထုတ်ဖော်ပေးကြရမည်ဖြစ်သည်။ ပြည်ထောင်စု စိတ်ဓာတ် ထက်သန်နိုးကြားရှင်သန်လာရေးအတွက် ဝိုင်းဝန်းကြိုး ပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခါသမယတွင် တိုင်းရင်းသားလူမျိုးများ အားလုံး၏ ယဉ်ကျေးမှုအစဉ်အလာများကိုတန်ဖိုးထား မြှင့်တင်ကြပြီး ပြည်ထောင်စုစိတ်ဓာတ်၊ နိုင်ငံချစ် စိတ်ဓာတ်၊ စည်းလုံးညီညွတ်သော အားမာန်များဖြင့် နိုင်ငံတော်ကြီးငြိမ်းချမ်း သာယာဝပြောအောင် ဝိုင်းဝန်း တည်ဆောက်ကြ ရမည်ဖြစ်ပါကြောင်း။

(ကြေးမုံအယ်ဒီတာ့အာဘော်)

No comments:

Post a Comment