နေပြည်တော်၊ ဇန်နဝါရီ - ၁၄
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့ မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့ အခြေခံပညာအထက်တန်း ကျောင်းသို့ သွားရောက်၍ မြို့နယ်ပညာရေး မှူးများ၊ ဆရာဆရာမများနှင့်တွေ့ဆုံကာ ဘုတ်ပြင်းမြို့နယ်ရှိ အခြေခံပညာ ကျောင်းများ၊ ဆရာဆရာမများ၏ သင်ကြားရေး၊ စီမံခန့်ခွဲရေးဆိုင်ရာ ပိုမိုကောင်းမွန်ရေးနှင့် လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးသည်။
ထို့အတူပြည်ထောင်စုဝန်ကြီးသည်
သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ထားဝယ်မြို့ရှိ ထားဝယ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌
ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ ဌာနမှူးများ၊ ပါမောက္ခများ၊
ဆရာဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံရာစဉ်
ပြည်ထောင်စုဝန်ကြီးက ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင်
သာယာလှပရေး၊ စိမ်းလန်းစိုပြေရေးနှင့် ပညာရပ်ဝန်းကျင် ကောင်းများ ဖန်တီးပေးကြစေလို ပါကြောင်း၊
ဘာသာရပ်အလိုက် သက်ဆိုင်ရာ စာအုပ်၊ စာတမ်းများ ဝယ်ယူဖြည့်ဆည်းနိုင်ရေး အတွက် ရန်ပုံငွေများ
ချထားပေးလျက်ရှိ ပါကြောင်း၊ သိပ္ပံဘာသာရပ်များအတွက် ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်နိုင်ရေး၊
လိုအပ်သော ဓာတ်ခွဲခန်းသုံး ပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရေးအတွက် စာရင်းပြုစု တင်ပြပေးကြရန်နှင့်
ဝိဇ္ဇာဘာသာရပ်များ အတွက် လိုအပ်သော သင်ထောက်ကူ ပစ္စည်းများကို စာရင်းပြုစုတင်ပြပေးကြစေလိုပါကြောင်း၊
တက္ကသိုလ် သုတေသန ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ အမှန်တကယ် တတ်မြောက်သော ပညာတတ်များကို လေ့ကျင့်မွေးထုတ် ပေးကြစေလိုပါကြောင်း၊
လက်ရှိဘာသာရပ်များအပြင် စီးပွားရေးဆိုင်ရာဘာသာရပ်တစ်ခုကို ထပ်မံဖြည့်ဆည်း ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်
ဖြစ်ပါကြောင်း၊ ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညီညီညွတ်ညွတ်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်
ပေးကြစေလို ပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသူများက တက္ကသိုလ် ဖွံ့ဖြိုးတိုးတက်
ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးကြပြီး ပြန်ထောင်စုဝန်ကြီးက ပြန်လည်ညှိနှိုင်း ဆွေးနွေး၍
လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ထားဝယ်ပညာရေးဒီဂရီ ကောလိပ်၌ ကျောင်းအုပ်ကြီး၊ သက်ဆိုင်ရာဘာသာရပ်ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံကာ သင်ကြား၊ သင်ယူရေး၊ စီမံခန့်ခွဲရေးဆိုင်ရာများ ပိုမိုကောင်းမွန် ရန် ဆောင်ရွက်ရေး မှာကြား၍ ကျောင်းအတွက် လိုအပ်သည့် စာသင်ဆောင်၊ အိပ်ဆောင်၊ ကွန်ပျူတာ၊ အင်တာနက် Wifi နှင့် CCTV များ တပ်ဆင်ဖြည့်ဆည်းနိုင်ရေးနှင့် ဆရာဆရာမ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး တို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တနင်္သာရီတိုင်းဒေသကြီး ပညာရေး မှူးရုံးသို့သွားရောက်၍ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ် ကြီးများနှင့်ဆရာဆရာမများနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ဆရာဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူ များကို အမှန်တကယ် စာတတ်မြောက်အောင် သင်ကြား၍ ပညာတတ် လူငယ်များကို မွေးထုတ်ပေးကြစေလိုပါကြောင်း မှာကြားကာ ကျောင်းနှင့်ဝန်းကျင် သန့်ရှင်း သာယာရေးဆောင်ရွက်ကြရန်နှင့် ရေသန့်စက်၊ ဆိုလာစနစ်သုံး ရေတင်စက်နှင့် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးတို့ကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment