တောင်ကြီး နိုဝင်ဘာ ၂၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း (အောင်ပန်း) လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ် စက်ပြင်သင်တန်း၊ ဆောက်လုပ်ရေးသင်တန်းနှင့် လက်ကိုင်ဖုန်းပြင်သင်တန်း အမှတ်စဉ် (၁) သင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် (၉) နာရီက အောင်ပန်းမြို့ စက်မှုလက်မှု သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်
တာဝန်များကို ထမ်းဆောင်ရာတွင် ရှေ့လုပ်ငန်းစဉ်(၅)ရပ် ဦးတည်ချက်(၉)ရပ်ချမှတ်ပြီး လက်တွေ့
အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို အားလုံးအသိအမြင် ဖြစ်ပါကြောင်း၊ နယ်စပ်ရေးရာ
ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများတွင် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
မူဝါဒ (၄) ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခေတ်အဆက်ဆက် ပညာသင်ယူမှု
အခွင့်အလမ်း ဆုံးရှုံးခဲ့ကြရသည့် ဝေးလံခေါင်ပါး သော နယ်စပ်ဒေသများတွင် တိုင်းရင်းသား
လူငယ်လေးများအတွက် ပညာသင်ယူနိုင်ရန် ရည်ရွယ်ပြီး နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး
သင်တန်းကျောင်း (၄၅)ကျောင်း ဖွင့်လှစ်ပေးခဲ့ပြီး အခြေခံပညာများ သင်ယူနိုင်အောင် အခမဲ့ဆောင်ရွက်
ပေးလျက်ရှိပါကြောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း
(အောင်ပန်း) တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမအကြိမ် သင်တန်းအဖြစ် (၂၂)ပတ်ကြာ ဖွင့်လှစ်
သင်ကြားပေးပြီး သင်တန်းများတွင် လက်သမား၊ ပန်းရံ၊ သံချည်သံကွေး ဘာသာရပ်များ ပါဝင်သည့်
ဆောက်လုပ်ရေးသင်တန်း၊ အိမ်တွင်းလျှပ်စစ်မီး သွယ်တန်းခြင်းနှင့် Air Con ပြုပြင်ထိန်းသိမ်းခြင်း
ဘာသာရပ်များ ပါဝင်သည့် လျှပ်စစ်သင်တန်း၊ လျှပ်စစ်ဂဟေနှင့် ကြေးဂဟေ ဘာသာရပ်များပါဝင်သည့်
ဂဟေသင်တန်း၊ ဒီဇယ်/ဓာတ်ဆီ ကားအင်ဂျင်ဆိုင်ရာ၊ ကားလျှပ်စစ်ပိုင်းဆိုင်ရာ ကားအောက်ပိုင်း
ပြုပြင် ထိန်းသိမ်းခြင်းဆိုင်ရာ ဘာသာရပ်များပါဝင်သည့် မော်တော်ယာဉ် စက်ပြင်သင်တန်းနှင့်
လက်ကိုင်ဖုန်းပြင် သင်တန်းများ သင်ကြားလေ့ကျင့် ပေးသွားမည်ဖြစ်ပါကြောင်း၊ သင်တန်းသားများကို
အထူးမှာကြား လိုသည်မှာ သင်တန်းကာလ ပြီးမြောက်သည်အထိ တက်ရောက်သွားကြရန်နှင့် မိမိသင်ကြားရသော
ဘာသာရပ်အလိုက် သင်ခန်းစာများကို စာတွေ့လက်တွေ့ ကျွမ်းကျင်စွာ အမှန်တကယ် တတ်မြောက်မှ
သာလျှင် သင်တန်းသားများ၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သော သင်တန်းဆင်းပြီး လက်တွေ့နယ်ပယ်တွင်
အသုံးချလုပ်ကိုင် ဆောင်ရွက်သည့်အခါ တတ်မြောက်ထားသည့် ပညာရပ်ဖြင့် အောင်မြင်စွာ အသုံးချ
နိုင်မည်ဖြစ်သောကြောင့် နည်းပြများသင်ကြားပေးသော အတတ်ပညာရပ်များကို အထူးကြိုးစား သင်ယူ
သွားကြရန် ပြောကြားသည်။
ဆက်လက်၍ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန
ရှမ်းပြည်နယ်ဦးစီးမှူးရုံး ပြည်နယ်ဦးစီးမှူး ဦးရွှေဝင်းမှ သင်တန်းဆိုင်ရာ အချက်အလက်များ
ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့်
တာဝန်ရှိသူတို့သည်ခန်းမတွင်း ခင်းကျင်းပြသ ထားသော လျှပ်စစ်သင်တန်း ဆိုင်ရာ သင်ထောက်ကူပစ္စည်းများ၊
လေအေးပေးစက်နှင့် ရေခဲသေတ္တာ သင်တန်းဆိုင်ရာ သင်ထောက်ကူ ပစ္စည်းများ၊ လက်ကိုင်ဖုန်းပြင်
သင်တန်းဆိုင်ရာ သင်ထောက်ကူ ပစ္စည်းများ၊ ဆောက်လုပ်ရေး သင်တန်း ဆိုင်ရာ သင်ထောက်ကူပစ္စည်းများ၊
မော်တော်ယာဉ် စက်ပြင် သင်တန်းဆိုင်ရာ သင်ထောက်ကူ ပစ္စည်းများ၊ 3D Alignment
Workshop တို့ကို လှည့်လည်ကြည့်ရှုကြကြောင်းသိရသည်။
အဆိုပါ လူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(အောင်ပန်း)တွင်
ဆောက်လုပ်ရေး သင်တန်း (၁၀)ဦး၊ လျှပ်စစ် သင်တန်း(၁၀)ဦး၊ ဂဟေသင်တန်း(၁၀)ဦး၊ မော်တော်ယာဉ်
စက်ပြင် သင်တန်း(၁၅)ဦး၊ လက်ကိုင်ဖုန်းပြင် သင်တန်း(၅)ဦး၊ စုစုပေါင်း(၅၀)ဦး တက်ရောက်ကြကြောင်း
သိရသည်။
မောင်မောင်သန်း (တောင်ကြီး)
No comments:
Post a Comment