နေပြည်တော် နိုဝင်ဘာ ၂၄
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည့် အခမ်းအနား ကို ယနေ့ ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ Horizon Lakeview resort ၌ ကျင်းပသည်။
ညစာစားပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး
ဦးမောင်မောင်အုန်း၊ ဦးချစ်နိုင်၊ ဦးအောင်နိုင်ဦး၊ ဒေါက်တာ သီတာဦး၊ ဦးကိုကို၊ ဦးလှမိုး၊
ဒေါက်တာ သက်ခိုင်ဝင်း၊ ဒေါက်တာသက်သက်ခိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊
ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ ဦးကျော်မျိုးထွဋ်၊ ဦးစန်းလွင်၊ ဦးရဲတင့်၊ ဦးဇော်အေးမောင်နှင့်
တာဝန် ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင်
(မြင်းမူမောင်နိုင်မိုး)နှင့် သတင်းမီဒီယာ ကောင်စီဝင်များ တက်ရောက်ကြသည်။
ရွေးချယ်ဖွဲ့စည်းနိုင်ခဲ့
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက
ဂုဏ်ပြုအမှာ စကားပြောကြားရာ၌ ယနေ့ဆိုလျှင် ၂၀၁၄ ခုနှစ်က စတင်ပြဋ္ဌာန်း လိုက်သည့် သတင်းမီဒီယာ
ဥပဒေနှင့်အညီ စတင် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သည် တတိယအကြိမ်
သက်တမ်းအတွက် ရွေးချယ် ဖွဲ့စည်းနိုင်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊
နိုင်ငံတော်ဝန်ကြီးချုပ်၏ ရှေ့မှောက်တွင် ကတိသစ္စာပြုခဲ့ကြပြီးလည်း ဖြစ်ပါကြောင်း၊
ယခု ကဲ့သို့ ရွေးချယ်ဖွဲ့ စည်းအတည်ပြုနိုင်ခဲ့သည့်အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူမိပါသည်ဟု
ပဏာမဦးစွာ ပြောကြားလိုပါကြောင်း။
သတင်းမီဒီယာကောင်စီ၏ ဖြစ်စဉ်သမိုင်းကို
ပြန်ကြည့်မည်ဆိုလျှင် ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီကို အဖွဲ့ဝင်
၂၀ ဖြင့် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ထို့နောက် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)ကို
ဖွဲ့စည်းနိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီကို ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း၊
မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ၏ ဒုတိယအကြိမ် သက်တမ်းကို ၂၀၁၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး
ကောင်စီ၏ သက်တမ်း ၃ နှစ် ပြည့်သည့် ယခု ၂၀၂၁ ခုနှစ်တွင် တတိယ အကြိမ် သက်တမ်းအဖြစ် မြန်မာနိုင်ငံသတင်းမီဒီယာ
ကောင်စီသည် ခိုင်ခိုင်မာမာပေါ်ထွန်းလာခဲ့ပြီ ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသည်
သတင်းမီဒီယာသမားများ၏ အခွင့်အရေးအပြည့် အဝရရှိရန်နှင့် သတင်းမီဒီယာလွတ်လပ်ခွင့်များကို
အကာအကွယ်ပေးရန်၊ စောင့်ရှောက်ပေးရန် တာဝန် ရှိပါကြောင်း၊ ထိုသို့ မီဒီယာနှင့် မီဒီယာသမားများ၏
အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်သကဲ့သို့ တစ်ဖက်ကလည်း သတင်းစားသုံးသူ ပြည်သူလူထု
၏အကျိုး၊ ပြည်သူ့အကျိုးကိုလည်း ကာကွယ်စောင့်ရှောက်ပေးစေလိုပါကြောင်း၊ မီဒီယာသည် စတုတ္ထ
မဏ္ဍိုင်ဖြစ်သည့်အတွက် နိုင်ငံတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ ပြည်သူများ
အတွက် စတုတ္ထမဏ္ဍိုင်ပီသစွာ ခိုင်ခိုင်မာမာ ရပ်တည်ပြီး မီဒီယာနှင့် ပြည်သူအကြား ဘက်လိုက်မှုမရှိဘဲ
ရပ်တည်နိုင်ရေးသည်လည်း အရေးကြီးပါကြောင်း။
သိရှိလေးစားလိုက်နာ
သတင်းမီဒီယာကောင်စီ၏ လုပ်ငန်းတာဝန်များ
ဖြစ်သည့် သတင်းမီဒီယာကို စောင့်ကြည့်ခြင်းနှင့် အရည်အသွေးမြှင့်တင်ပေးခြင်း ဆိုသည့်အတိုင်း
မီဒီယာသမားများ၊ သတင်း သမားများ၏ လုပ်ဆောင် နေမှုများကို စောင့်ကြည့်တည့်မတ်ပြီး မီဒီယာ
လောက စနစ်တကျဖွံ့ဖြိုး တိုးတက်စေရန်နှင့် မီဒီယာသမားများကို ဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်
စည်းကမ်းများကို လိုက်နာစေသလို မီဒီယာဆိုင်ရာ ပညာရပ်များကိုလည်း သိရှိတတ်မြောက်နေစေရန်
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဦးဆောင်ပြီး သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ရန်
လိုပါကြောင်း၊ ထို့အတူ သတင်းမီဒီယာဆိုင်ရာ အလုပ်ရုံဆွေးနွေး ပွဲများ ကျင်းပပေးပြီး
မီဒီယာကျင့်ဝတ်စည်းကမ်း၊ စံနှုန်းများကို သိရှိလေးစားလိုက်နာစေရေးနှင့် ပြည်သူ့အတွက်
မှန်ကန်သော သတင်းသမားများ ဖြစ်ပေါ်စေရေးတို့ကို ဆောင်ရွက်ပေးရမည် ဖြစ်ပါ ကြောင်း။ မီဒီယာမှ
ကောင်းကျိုးများရရှိနိုင်အောင် ဆောင်ကြဉ်းပေးနိုင်သကဲ့သို့ မီဒီယာမှ ရရှိနိုင်သော ဆိုးကျိုးများကိုလည်း
အထိန်းအကွပ်ပြုလုပ် ပေးနိုင်ရန် လိုအပ်ပါကြောင်း၊ Social Media ကို မှန်ကန်စွာ အသုံးပြုနိုင်ရေး
ထိန်းကျောင်းနိုင်ရန် လိုအပ်ပြီးဖောက်ဖျက်ပါကလည်း ထိရောက်စွာ ဟန့်တားနိုင် မှသာ တိုင်းပြည်ကို
ကြီးမားသော ဘေးအန္တရာယ် မသက်ရောက်စေနိုင်မည်ဖြစ်ပါကြောင်း။
မီဒီယာကဏ္ဍတွင် သတင်းအချက်အလက် မှန်ကန်ရန်
အထူးအရေးကြီးလှပါကြောင်း၊ မီဒီယာ နှင့် ပတ်သက်သည့် သိသင့်သိထိုက်သော ပညာရပ် များကို
သိရှိနိုင်ရန် အစိုးရ၊ ပြည်သူ၊ သတင်းမီဒီယာ ကောင်စီဝင်များပူးပေါင်း၍ မြှင့်တင်ဆောင်ရွက်
သွားရန်လိုအပ်ပါကြောင်း၊ မီဒီယာနှင့် သတင်း အချက် အလက်ဆိုင်ရာသိနားလည်မှု (Media
and Information Literacy) အသိပညာ ပေးမှုများ လုပ်ဆောင်ပေးမှသာ ပြည်သူများ မီဒီယာနှင့်
သတင်းအချက်အလက်ဆိုင်ရာ အသိပညာများ ပြည့်ဝလာပြီး သတင်းတု၊ သတင်းမှားများ၏ အန္တရာယ်မှ
တားဆီး နိုင်မှာ ဖြစ်ပါကြောင်း။
မီဒီယာများအနေဖြင့် ပြည်သူများ သိရှိလိုသည့်
သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ တင်ဆက်ပေးနိုင်အောင် ကြိုးစားရမည် ဖြစ်ပါကြောင်း၊
လက်ရှိအချိန်တွင် စာအုပ်စာပေဖတ်ရှုမှုနှုန်း အားနည်းလာပြီး Online Media များတွင် အချိန်ကုန်
နေကြသည်ကို မြင်တွေ့ကြရမည် ဖြစ်ပါကြောင်း၊ Social Media များကို လွဲမှားစွာအသုံးချပါက
အန္တရာယ်ကြီးမားစွာ ဖြစ်စေနိုင် ပါကြောင်း။
ဥပဒေနှင့်အညီ ဆောင်ရွက်
နိုင်ငံသူနိုင်ငံသားအားလုံး၏ ရည်မှန်းချက်
ဖြစ်သော ခေတ်မီဖွံ့ ဖြိုးတိုးတက်သည့် နိုင်ငံတော်၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်
တို့ကို အောင်မြင်စွာ တည်ဆောက်နိုင်ရန် နိုင်ငံသူ၊ နိုင်ငံသားအားလုံး သိသင့်သိထိုက်သော
ဗဟုသုတ အသိပညာများရှိနေရန် လိုအပ်ပါကြောင်း၊ ယင်း ပညာ ဗဟုသုတများကို မီဒီယာလုပ်ငန်းကသာ
ပြည်သူတို့လက်ဝယ် အရောက် ပို့ဆောင်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်
သတင်း မီဒီယာသမားများ အနေဖြင့် ရပ်တည်ချက်မှန်ကန်ပြီး တရားမျှတခြင်း၊ မှန်ကန်သည်ကို
ရဲဝံ့စွာပြောဆို ရခြင်း၊ ကိုယ်ကျိုးစွန့်လွှတ် လုပ်ဆောင်ရခြင်းများနှင့် မှန်ကန်ဖြောင့်မတ်စွာ
ဥပဒေနှင့်အညီ ဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီသည်
ဘက်မလိုက်ဘဲ ဒီမိုကရေစီလမ်းကြောင်း ကို တည့်မတ်ပေးမည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါကြောင်း။
သတင်းမီဒီယာဥပဒေအရ ပေါ်ပေါက်လာခဲ့သည့်
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် ယခု ဆိုလျှင် တတိယအကြိမ်သက်တမ်းကို ရောက်ရှိနေပြီ
ဖြစ်ပါကြောင်း၊ သတင်းမီဒီယာကောင်စီ အနေဖြင့် သတင်းမီဒီယာသမားများ၏ အခွင့်အရေးတစ်ခု
တည်းကိုသာ ကာကွယ်ရန်မဟုတ်ဘဲ ပြည်သူများ၏ သတင်းသိရှိပိုင်ခွင့်ကို ဖြည့်ဆည်းပေးရန်၊
မှန်ကန် တိကျပြီး အရည်အသွေး ပြည့်ဝသည့် သတင်းအချက် အလက်များကို ရရှိစေရန်၊ စာနယ်ဇင်းကျင့်ဝတ်
ဆိုင်ရာ အဆင့်အတန်း များကို ထိန်းသိမ်းပေးရန်၊ တရားမျှတမှုရှိပြီး ရိုးသားဖြောင့်မတ်၍
အဂတိတရား လေးပါးမှ ကင်းရှင်းရန်ဆိုသည့် လုပ်ငန်းတာဝန်များ ရှိပါကြောင်း၊ ထို့ပြင် ထုတ်ပြန်ပြဋ္ဌာန်းပြီးဖြစ်သည့်
ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ငန်းတာဝန် များကို ဆောင်ရွက်ပေးသွားရမည် ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏လုပ်ငန်းတိုင်းကို ပွင့်လင်းမြင်သာစွာဖြင့် အများယုံကြည်မှု
ရှိအောင် ဆောင်ရွက်ရင်း တစ်ဖက်ကလည်း မီဒီယာသမား များ၏ ကျင့်ဝတ်ဆိုင်ရာ ပြဿနာများကို
ဖြေရှင်း ပေးသွားရမည်ဖြစ်ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် သတင်းမီဒီယာကောင်စီဝင်
များက မီဒီယာကျင့်ဝတ်များနှင့်အညီ လွတ်လပ်မှု နှင့်တာဝန်ယူမှုတို့ကို သက်ဆိုင်ရာ ဥပဒေ၊
စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ မျှတစွာချင့်ချိန် စဉ်းစားပြီး စာနယ်ဇင်းလွတ်လပ်ခွင့်ကို
တန်ဖိုးထားဆောင်ရွက် သွားကြရန် တိုက်တွန်း လိုပါကြောင်း၊ ထို့ပြင် နိုင်ငံ၏ စတုတ္ထမဏ္ဍိုင်ဖြစ်သည့်
သတင်းမီဒီယာသမားများအား နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်စွာပြောဆို၊
ရေးသား ထုတ်ဝေ ဖြန့်ချိခွင့် ကို အလေးထားကာ မီဒီယာကျင့်ဝတ်များနှင့်အညီ လွတ်လပ်မှု၊
တာဝန်ခံမှု၊ တာဝန်သိမှုတို့ကို ကျင့်သုံး သည့် ကျင့်ဝတ်လိုက်နာသော ဂုဏ်သိက္ခာရှိသည့်
မီဒီယာသမားများ ဖြစ်စေရေးအတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန်နှင့်
နိုင်ငံတော် တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စစ်မှန်သည့် ဒီမိုကရေစီစနစ် အကောင်အထည်ဖော်ဆောင်ရေး
လုပ်ငန်းစဉ်များတွင် အတူတကွပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြား လိုပါကြောင်း
ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ
ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က ကျေးဇူး တင်စကား ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသော ပြည်ထောင်စုဝန်ကြီးများ၊
နေပြည်တော် ကောင်စီ ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် များသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး
ညစာကို အတူတကွ သုံးဆောင်ကြသည်။
သတင်းစဉ်
No comments:
Post a Comment