နေပြည်တော် နိုဝင်ဘာ ၂၅
အာရှနှင့် ပစိဖိတ်ဒေသအတွင်း နေထိုင်ကြသည့် လူပုဂ္ဂိုလ်များအကြား ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်စေရေးနှင့် ယဉ်ကျေးမှုများ အပြန်အလှန် နားလည်စေရေး ရည်ရွယ်ချက်ဖြင့် အာရှနှင့် ပစိဖိတ်ဒေသ ယဉ်ကျေးမှုဌာန ယူနက်စကို (ACCU) တိုကျို၊ ဂျပန်နိုင်ငံက ဒေသတွင်းရှိ အဖွဲ့ဝင်နိုင်ငံများနှင့် ယူနက်စကိုတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကလေးလူငယ် စာစဉ်များကို ထုတ်ဝေခဲ့သည်။
အဆိုပါ စာစဉ်များအနက် အဖွဲ့ဝင်နိုင်ငံ ၁၄ နိုင်ငံမှ စာရေးသူများနှင့် သရုပ်ဖော်ပညာရှင်များ ပါဝင်အားဖြည့်ထားသည့် "Meet My Friends!" စာအုပ်ကို စာပေဗိမာန်၊ ဘာသာပြန်ဌာန စာတည်း များက မြန်မာဘာသာသို့ ဘာသာပြန်ဆို၍ “ကမ္ဘာတစ်လွှားရှိ မိတ်ဆွေများ” အမည်ဖြင့် ထုတ်ဝေ လိုက်သည်။
“ကမ္ဘာတစ်လွှားရှိ မိတ်ဆွေများ” စာအုပ်တွင် နိုင်ငံ ၁၄ နိုင်ငံမှ လူပုဂ္ဂိုလ်များ၏ မတူညီသည့် ယဉ်ကျေးမှုအမျိုးမျိုး၊ လူနေမှုဘဝ၊ စားသောက်နေထိုင်မှုပုံစံ၊ ကစားနည်းအမျိုးမျိုးနှင့် ပွဲတော်သဘင် များကို ရှာဖွေလေ့လာနိုင်မည့်၊ မျှဝေခံစားနိုင်မည့် အခွင့်အရေးကို ကလေးလူငယ်များ ရရှိနိုင်မည် ဖြစ်သည်။
ဤစာအုပ်ကို ကျောင်းစာကြည့်တိုက် သို့မဟုတ် အိမ်များတွင် ထားရှိ၍ ဆရာ ဆရာမများ၊ လူကြီးမိဘများက ကလေးလူငယ်များ နိုင်ငံတကာယဉ်ကျေးမှုများကို နားလည်စေရေးအတွက် အသုံးပြုနိုင်ရန် ရည်ရွယ်ပါသည်။
“ကမ္ဘာတစ်လွှားရှိ မိတ်ဆွေများ” စာအုပ်ကို ကြွေစက္ကူ ရောင်စုံ ပုံများနှင့် ပုံနှိပ်ထားပြီး တန်ဖိုးငွေကျပ် ၁၂၀၀ ဖြင့် ရန်ကုန်မြို့ အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) တို့တွင် ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment