နေပြည်တော် နိုဝင်ဘာ ၂၄
(၁၄)ကြိမ်မြောက် အာဆီယံ + ၃ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ ယနေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံမှ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးသိန်းလွင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ကြပြီး အာဆီယံအဖွဲ့ဝင် (၁၀)နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံ+၃ မိတ်ဖက်နိုင်ငံ များဖြစ်သည့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံနှင့် မိတ်ဖက် (၃)နိုင်ငံဖြစ်သည့် တရုတ်၊ ဂျပန်နှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ အဆင့်မြင့်အရာရှိကြီးများက အမှာစကားများ ပြောကြား ကြသည်။
ယင်းနောက် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများက အစည်းအဝေး၏ ဆောင်ပုဒ်ဖြစ် သည့် “စဉ်ဆက်မပြတ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှု ပပျောက်ရေး အတွက် အာဆီယံဒေသ တွင်းတုံ့ပြန်နိုင်စွမ်းအားခိုင်မာအားကောင်းစေရေးနှင့် ပြန်လည်ထူ ထောင်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေး” အပေါ် မိမိတို့နိုင်ငံအလိုက် ဆောင်ရွက်လျက် ရှိသည့် စီမံကိန်းလုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဆောင်ရွက် ချက်များနှင့်ပတ်သက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က မြန်မာနိုင်ငံသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များ ပြည့်မီစေရေး ဆင်းရဲမှုလျော့ချရေး လုပ်ငန်းစဉ် များချမှတ်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့ပြနှင့် ကျေးလက်ဒေသများအကြား၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များ အကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေးအလေးပေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်ဖွံ့ဖြိုးရေး မဟာဗျူဟာတွင်လည်း စီးပွားရေးဟန်ချက်ညီညီဖွံ့ဖြိုးလာစေရေးနှင့် ဆင်းရဲမှုလျော့ချရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေးတို့ကို တစ်ပြိုင်နက်တည်း ဦးစားပေးဆောင်ရွက် လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ထိခိုက်ခဲ့သော မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေးတို့ကို ပြန်လည်ကုစားနိုင်ရန်နှင့် ပြည်သူ တစ်ရပ်လုံး၏ လူမှုအကျိုးစီးပွားရေရှည် ဖွံ့ဖြိုးတိုးတက်မှုရှိပြီး လုပ်သာကိုင်သာရှိသော စီးပွား ရေးဝန်းကျင် တစ်ရပ်ဖြစ်ပေါ်စေရေးအတွက် မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့စေရေးစီမံချက် MERP ကို ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း။
အာဆီယံဒေသတွင်းနိုင်ငံများအနေဖြင့် ရေရှည်တည်တံ့သော စီးပွားရေးဖွံဖြိုးတိုးတက် မှုကိုရရှိစေရန် အတွက် တုံ့ပြန်နိုင်စွမ်းအားကောင်းသော မဟာဗျူဟာမြောက်အစီအစဉ်များ ရေးဆွဲရာတွင် အားလုံးပူးပေါင်း ပါဝင်နိုင်သော ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေး လမ်းကြောင်းများတွင် အမျိုးသမီးများ၊ လူငယ်များ၊ ထိခိုက်လွယ်အုပ်စုများ ပါဝင်နိုင်အောင် ဦးစားပေးဆောင်ရွက် ပေးရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ဒေသတွင်း တုံ့ပြန်နိုင်စွမ်းအားကောင်းပြီး ရေရှည်တည်တံ့ခိုင်မြဲသော လုပ်ငန်းစဉ်များတွင် အပြည့်အဝပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးသည်။
ယင်းနောက် အာဆီယံဒေသတွင်းမိတ်ဖက်(၃)နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ဂျပန် နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ အဆင့်မြင့်အရာရှိကြီးများက အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် ဆင်းရဲမှုပပျောက်ရေးစီမံချက်မူဘောင် (၂၀၂၁-၂၀၂၅) ပါလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အာဆီယံ ဒေသတွင်းနိုင်ငံများမှ အဆိုပြုထားသော လုပ်ငန်းများအပေါ် ဆက်လက်ပူးပေါင်း ဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment