မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ “မြန်မာ့ရှေ့ဆောင်”ဘဏ်၌ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် အမျိုးသား ၂ ဦးက ဘဏ်လုံခြုံရေးဝန်ထမ်းအား သေနတ်ဖြင့် ချိန်ရွယ်ကာ ဘဏ်အတွင်းဝင်ရောက်၍ ငွေကျပ် သိန်း ၁၀၀၀ ကျော်အား ဓါးပြတိုက်မှုဖြစ်စဉ် ဖြစ်ပွား ခဲ့သည်။
ဓါးပြတိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံများအား
ဖမ်းဆီးရမိရေး စုံစမ်း ဖော်ထုတ်မှုများ ပြုလုပ်ခဲ့ရာ နိုဝင်ဘာလ ၂၆ ရက် ညပိုင်းတွင်
ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ကျူးလွန်ခဲ့သူများ ဖြစ်သည့် အဆိုပါဘဏ်မှ ဝန်ထမ်းများဖြစ်သော
ရမည်းသင်းမြို့နေ လက်ထောက်ကြီးကြပ် ရေးမှူးများဖြစ်သည့် ကျော်ကျော်ဦး(၃၃)နှစ်နှင့်
ဝေဖြိုးလှိုင်(၃၁)နှစ်၊ ဘဏ်ခွဲဒုမန်နေဂျာဖြစ်သူ သန်းဇော်ကို(၄၃)နှစ်တို့အား ဖမ်းဆီး
ရမိခဲ့သည်။
တရားခံများ၏ ထွက်ဆိုချက်များအရ နိုဝင်ဘာလ ၂၇
ရက်တွင် လုယက်မှု ကျူးလွန်ရာတွင် ပူးပေါင်းပါဝင်စီစဉ်သူဖြစ်သည့် ရမည်းသင်းမြို့၊ ဝါးတိုးရပ်ကွက်နေ
ဖုန်းပြုပြင်ရေးလုပ်ငန်း လုပ်ကိုင်သူ ကျော်စိုးသိန်း(၂၉)နှစ်အား ၎င်း၏နေအိမ်တွင် လည်းကောင်း၊
ဘဏ်အတွင်း ဝင်ရောက် လုယက်ခဲ့သူများဖြစ်သည့် ရမည်းသင်းမြို့၊ အလယ်ကုန်းအုပ်စု၊ ပေါက်ကုန်းကျေးရွာနေ
ကျော်ခိုင်ဦး (၄၂)နှစ်နှင့် ညောင်ပင်သာ ကျေးရွာနေ ဇော်ကြီး(၃၈)နှစ်တို့အား လုယက်မှုကျူးလွန်ရာတွင်
အသုံးပြုခဲ့သည့် ဆိုင်ကယ်(၂)စီး၊ ဓါးဦးချွန်(၂)ချောင်းတို့နှင့် အတူအလယ်ကုန်းကျေးရွာရှိ
ဇော်ကြီး ၏ နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။
တရားခံကျော်စိုးသိန်း၏ ထွက်ဆိုချက်အရ ဘဏ်မှ
လုယက်ရရှိခဲ့သည့် ငွေများအား ၎င်း၏ ညီအရင်းတော်စပ်သူ ရမည်းသင်းမြို့၊ ကြည်တော်ကုန်းရပ်ကွက်နေ
ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယာဉ်မောင်း မောင်တိုး(ခ) တိုးတိုးနှင့်
အတူသယ်ဆောင်၍ ၎င်း၏ အဒေါ် ဖြစ်သူရမည်းသင်းမြို့၊ ဝါးတိုးအရှေ့ ရပ်ကွက်နေ ဒေါ်ကျင်ဌေး၏နေအိမ်၌
သွားရောက်သိမ်းဆည်း ခဲ့ပြီး ဒေါ်ကျင်ဌေး နှင့် ၎င်း၏ သမီးဖြစ်သူ သန္တာဖွေး(ခ)ဖွေးဖွေး
တို့က လက်ခံသိမ်းဆည်းပေးထားကြောင်း ဖော်ထုတ်ရရှိသဖြင့် ဒေါ်ကျင်ဌေး(၅၄)နှစ်နှင့် မသန္တာဖွေး(ခ)
ဖွေးဖွေး(၂၄)နှစ်တို့အား ၎င်းတို့၏နေအိမ်၌ လက်ခံထိန်းသိမ်းထားရှိသည့် ငွေကျပ် သိန်း
၁,၀၁၅ တို့နှင့်အတူ နိုဝင်ဘာလ ၂၆ ရက် ည ၁၂ နာရီ ၄၅ မိနစ်တွင်လည်းကောင်း၊ မောင်တိုး(ခ)တိုးတိုး
(၃၁)နှစ်အား ရမည်းသင်းမြို့၊ မြို့မရပ်ကွက်၊ ကြည်တော်ကုန်းရပ်ရှိ ၎င်း၏ နေအိမ်၌ လုယက်မှု
ကျူးလွန်ရာမှရရှိသည့် ငွေကျပ် သိန်း ၅၀ နှင့်အတူနိုဝင်ဘာလ ၂၇ ရက် နံနက် ၄ နာရီ ၄၅ မိနစ်တွင်လည်းကောင်း
ထပ်မံဖမ်းဆီးရမိခဲ့သည်။
တရားခံများ၏ ထွက်ဆိုချက်များအရ ၎င်းတို့၏ လောင်းကစားပြုလုပ်ခြင်းများ
အတွက် ငွေကြေးလိုအပ်ချက်များအရ ဘဏ်လုယက်မှုအား ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။
လုယက်မှုမကျူးလွန်မီ လွန်ခဲ့သော ၁၀ ရက်ခန့်က မြန်မာ့ရှေ့ဆောင်ဘဏ် မှ ဝန်ထမ်းများဖြစ်သည့်
သန်းဇော်ကို၊ ကျော်ကျော်ဦး၊ ဝေဖြိုးလှိုင်၊ ဘဏ်အတွင်း
ဝင်ရောက်လုယက်ခဲ့သူ ကျော်ခိုင်ဦး နှင့် စီစဉ်ပေါင်းစပ်ပေးသူ ကျော်စိုးသိန်း
တို့သည် မြန်မာ့ရှေ့ဆောင်ဘဏ်အား ဝင်ရောက် လုယက် မည်ဖြစ်ကြောင်း၊ ထိုသို့လုယက်ရာတွင်
ဘဏ်အတွင်းငွေထုတ်ပိုးပေးမှု ကိစ္စရပ်များ၊ အခြေအနေ စောင့်ကြည့်ပေးခြင်း၊ လုယက်ရန်အတွက်
အချိန်သတ်မှတ်ပေးခြင်းနှင့် အချက်ပေးဆက်သွယ်မှု များအား ကျော်ကျော်ဦး ပါဘဏ်ဝန်ထမ်း
၃ ဦးမှ ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဝင်ရောက် လုယက်ရန်အတွက် ကျော်စိုးသိန်း
နှင့် ကျော်ခိုင်ဦး တို့မှ ပေါင်းစပ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ကြိုတင်ပူးပေါင်းကြံစည်ခဲ့ကြသည်ကို
ဖော်ထုတ်သိရှိရပါသည်။
ဘဏ်အတွင်းဝင်ရောက်လုယက်သည့်နေ့တွင် ဘဏ်ဝန်ထမ်းဖြစ်သူ
ကျော်ကျော်ဦးက ၎င်း၏ လက်ကိုင်ဖုန်း မှတစ်ဆင့် ကျော်စိုးသိန်း ထံသို့ လုယက်နိုင်ပြီဖြစ်ကြောင်း
ဖုန်းမက်ဆေ့ ပေးပို့ချိန်တွင် ကျော်ခိုင်ဦးက သေနတ်အတိုကိုင်၍ လည်းကောင်း၊ ၎င်း၏ယောက်ဖဖြစ်သူ
ဇော်ကြီးက ဓားကိုင်၍လည်းကောင်း ဘဏ်အတွင်းဝင်ရောက် လုယက်ခဲ့ပြီး ကျော်စိုးသိန်းက ဘဏ်အရှေ့
နာရီစင်အနီးတွင် အသင့်စောင့်ဆိုင်းကာ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိ
ရသည်။
တရားခံ ကျော်ခိုင်ဦး နှင့် ဇော်ကြီး တို့သည်
ဘဏ်အတွင်း ဝင်ရောက် လုယက် ပြီးနောက် လုယက်ရာမှ ရရှိလာသည့်ငွေများအား ကျော်စိုးသိန်း
ထံတွင်အပ်နှံထား ခဲ့ကြောင်း၊ ကျော်စိုးသိန်း က အဆိုပါ ငွေများအား ၎င်း၏ ညီအရင်းတော်စပ်သူ
မောင်တိုး(ခ)တိုးတိုး နှင့်အတူ ၎င်း၏ အဒေါ်ဖြစ်သည့် ဒေါ်ကျင်ဌေး ၏ နေအိမ်သို့ သွားရောက်ပို့ဆောင်ထားရှိခဲ့ပြီး
ဒေါ်ကျင်ဌေးနှင့် ၎င်း၏ သမီးဖြစ်သူသန္တာဖွေး(ခ) ဖွေးဖွေးတို့ကလည်းလုယက်ရာမှရရှိခဲ့သည့်
ငွေများဖြစ်သည်ကို သိလျှက် နှင့်လက်ခံ ထားရှိပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။
သို့ဖြစ်ပါ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့၏
အပူတပြင်းကြိုးပမ်းဖော်ထုတ် မှုကြောင့် ရမည်းသင်းမြို့ရှိ မြန်မာ့ရှေ့ဆောင်ဘဏ် လုယက်မှုကျူးလွန်ရာတွင်
ပူးပေါင်း ပါဝင်ခဲ့ သူများအား လုယက်မှုဖြစ်ပွားချိန်မှ ၁၂ နာရီအတွင်း သက်သေခံငွေကြေး၊
ပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး
ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment