တန်ဆောင်မုန်းလဆုတ် ၁၀ ရက် ( နိုဝင်ဘာလ ၂၈ ) ရက်နေ့တွင် ကျရောက်မည့် (101) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် အလယ်တန်းဆင့်နှင့် အထက်တန်းဆင့် စာစီစာကုံး၊ ပန်းချီ၊ ပိုစတာနှင့် ကဗျာပြိုင်ပွဲများကို အခြေခံပညာကျောင်းများတွင် ကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ :၃၀နာရီက ကျောက်တန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ (101) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ပြိုင်ပွဲများတွင် စာစီစာကုံး၊ ပန်းချီ၊ ပိုစတာနှင့် ကဗျာပြိုင်ပွဲများ ကို Grade (6) မှ Grade ( 10 ) အဆင့် ကျောင်းသားကျောင်းသူများက ပါဝင်ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရသည်။
ပြိုင်ပွဲများကျင်းပရခြင်းနှင့် ပတ်သက်ပြီး “ ကျွန်တော်တို့ ပညာရေးဌာနအနေနဲ့ အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်အဖြစ် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ ပိုစတာ ပြိုင်ပွဲတွေကို နှစ်စဉ်ကျင်းပဖြစ်ပါတယ်၊ ဒီနှစ်ကတော့ ကိုဗစ်-၁၉ ရောဂါနဲ့ဆိုတော့ ကျောင်းသားအင်အားကလည်းနည်းတော့ ပြိုင်တဲ့ကျောင်းသားကလည်း နည်းသွားတာပေါ့၊ ပြိုင်ပွဲဝင် ကျောင်းသား (၂၁) ဦးပဲ ဝင်ရောက်ယှဉ်ပြိုင်ပါတယ်၊ မြို့နယ်မှာရှိတဲ့ တချို့ကျောင်းတွေကတော့ ၂၄ ရက်နေ့ ကတည်းက ပြိုင်ပွဲတွေ ကျင်းပနေကြပြီ ဖြစ်ပါတယ်၊ ကျွန်တော်တို့ ကျောင်းကတော့ ဒီကနေ့မှ ကျင်းပရခြင်း ဖြစ်ပါတယ် ” ဟု အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာကြီး ဦးအောင်အောင်က ပြောကြားသည်။
အဆိုပါ(101)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုစာစီစာကုံး၊ ပန်းချီ၊ ပိုစတာနှင့် ကဗျာပြိုင်ပွဲ များကို နံနက် ၉:၃၀ မှ ၁၁:၃၀ နာရီအထိ ကျင်းပခြင်းဖြစ်ပြီး အလားတူ မြို့ပေါ်နှင့် ကျေးရွာများရှိ အခြေခံပညာ ကျောင်းများတွင်လည်း ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်ဆွေဝင်း
No comments:
Post a Comment