Saturday, October 16, 2021

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဋ္ဌေးအောင် ရှမ်းပြည်နယ်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွား ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကွင်းဆင်းဆောင်ရွက်

 


 





 

နေပြည်တော် အောက်တိုဘာ ၁၆

         

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဋ္ဌေးအောင်သည် ယမန် နေ့၊ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ ကလောမြို့ Pine Hill Resort ၌ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်၊ တိုင်းရင်းသား​ရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ဋ္ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကလောမြို့ ခရီးစဉ် ဒေသစီမံခန့်ခွဲမှုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ကလောဇုန်) ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

 

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကလောမြို့သည် တောတောင်သဘာဝအရင်းအမြစ် ရှုခင်း များဖြင့် သာယာလှပနေပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် ခရီးစဉ်တစ်ခု ဖြစ်သည့်အပြင် ခရီးသွားမြို့တော် (Tourist City) ဟုခေါ်ဝေါ်နိုင်ပါကြောင်း၊ ထိုသို့ ခရီးသွားမြို့တော် အဖြစ် ဖော်ဆောင်ကြရာတွင်လည်းရေရှည် စဉ်ဆက်မပျက်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များဖြစ်သော Sustainable Development Goals (SDG) ပါ အချက်(၁၇)ချက်ရှိသည့် အနက် ဒေသနှင့် ကိုက်ညီမှုရှိသည့် အချက်များနှင့်အညီ ဖော်ဆောင်ကြရန်လိုအပ်ပါကြောင်း၊ ခရီး သွား လုပ်ငန်းသည် အလွှာစုံအသီးသီးအတွက် ဆင့်ပွားအကျိုးသက်ရောက်မှုရှိခြင်းကြောင့် မိမိဒေသ လူမှုစီးပွား ဘဝ တိုးတက်ရေးကိုရှေးရှုပြီး ခရီးသွားလုပ်ငန်းကို အများအတွက်ဖြစ်စေနိုင်ရေးကို ဦးတည် လုပ်ဆောင် ကြရန် လိုအပ်ပါကြောင်း၊ ထိုသို့ လုပ်ဆောင်ကြရာတွင်လည်း ခရီးသွားလုပ်ငန်း ကြောင့် ဖြစ်စေ နိုင်သော ဘေးထွက်ဆိုးကျိုးများအနက်  ခရီးသွားများအလွန်အကျွံလာရောက်ခြင်း ကြောင့် မိမိဒေသ ၏ ခံနိုင်ရည်ဝန်ဆောင်မှုအားကို ဂရုပြုကာ အစိုးရ−ပုဂ္ဂလိကနှင့် ဒေသခံပြည်သူ လူထုအားလုံး ပူးပေါင်းပါဝင်ပြီး အထူးအလေးထား လုပ်ဆောင်ကြရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော် အစိုးရ အနေဖြင့်လည်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအား အထူးအလေးထားသည့်အတွက် ဟိုတယ် လုပ်ငန်း များကို ဆောင်ရွက်ကြရာတွင် Corporate Social Responsibility (CSR) ကိုလည်း မျှတအောင် ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် City Tourism Development ခေါင်းစဉ်ဖြင့် ကလော မြို့ကို ခရီးသွားမြို့တော် ဖော်ဆောင်ရာ၌ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ နိုင်ငံအလိုက် မြို့များ တွင် ခရီးသွားလုပ်ငန်းကြောင့် ဖြစ်ပေါ်လာနိုင်သည့်သက်ရောက်မှုများအပေါ် ပြုလုပ်ထား သည့် စစ်တမ်း များနှင့် အကြံပြုချက်များ၊ Mountain Resort နှင့်စပ်လျဉ်းပြီး  ခရီးသွားများ ဆွဲဆောင် နိုင်သော လှုပ်ရှားဆောင်ရွက်မှုများ၊ တောင်ပေါ်အပန်းဖြေစခန်းခရီးစဉ်စီမံခန့်ခွဲမှုများ၊ Tourism and Mountain အတွက် အဓိကမဏ္ဍိုင်ကြီး(၃)ရပ်စသည့် လိုက်နာလုပ်ဆောင်သင့်သော အချက်များကို ရှင်းလင်း ပြောကြားသည်။

 

ယင်းနောက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဋ္ဌာန၊ ရှမ်းပြည်နယ်၊ ညွှန်ကြားရေးမှူး က ကလော မြို့အား ခရီးသွားမြို့တော်ဆောင်ရွက်ရန်အတွက် အခြေခံအချက်များနှင့် လုပ်ဆောင်မည့် အစီအမံ များပါဝင်သော ခရီးသွားမြို့စီမံချက်(မူကြမ်း)ကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တွေ့ဆုံ ပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည် ဖြေကြားသည်။ ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသား​ရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းသည့် ဝန်ဆောင်မှုပေးနိုင်သော ကိုဗစ်−၁၉ Safe Service အသိအမှတ်ပြုတံဆိပ်ဖြစ်သည့် Enchanting Myanmar Health and Safety Protocol (HSP) ဒေသဆိုင်ရာ အသိအမှတ်ပြု လက်မှတ်ကိုပေးအပ်သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ညောင်ရွှေမြို့သို့ လာရောက်ကြသည့် ခရီးသွား ဧည့်သည် များ ခရီးစဉ်ဒေသဆိုင်ရာ အချက်အလက်များ သိရှိလိုမှုများကို မေးမြန်းစုံစမ်းနိုင်ရန်အတွက်  ဝန်ကြီးဋ္ဌာနမှ ဖွင့်လှစ်ထားရှိသည့် သတင်းပြန်ကြားရေး ကောင်တာသို့ သွားရောက်ကာ ပြင်ဆင်ဆောင်ရွက် ထားရှိမှုနှင့် Virtual Reality Tour ပြခန်းပြုလုပ်ဆောင်ရွက်နိုင်ရေးအတွက် ကြည့်ရှု ပေးခဲ့သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် Aureum Palace Hotel ၌ ဋ္ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ညောင်ရွှေမြို့ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဟိုတယ်လုပ်ငန်းရှင်များ အသင်း (ညောင်ရွှေဇုန်)နှင့် ဟိုတယ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အင်းလေးကန်ပတ်ဝန်းကျင်ရှိ ဟိုတယ်များမှ ဗေဒါ များနှင့် ဒိုက်များ ရှင်းလင်းဆောင်ရွက်နေမှုနှင့် ရွှေအင်းသားဟိုတယ်၌ Enchanting Myanmar Health and Safety Protocol (HSP) သင်တန်းပေးနေမှုတို့ကို ကြည့်ရှုခဲ့ပြီး ဖောင်တော်ဦးဘုရားသို့ သွားရောက် ကာ ပြည်တွင်း ခရီးသွားဧည့်သည်များ လာရောက်ရန်အတွက် ကိုဗစ်−၁၉ ကာကွယ်ရေး စည်းမျဉ်း များနှင့်အညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)

 

 

No comments:

Post a Comment