Wednesday, September 8, 2021

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် (၁၁)ကြိမ်မြောက် မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ Video Conferencing စနစ်ဖြင့် ပါဝင်တက်ရောက်

 





နေပြည်တော် စက်တင်ဘာ ၈

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ လ(၈)ရက်နေ့၊ မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် (၁၁)ကြိမ်မြောက် မဲခေါင်-ကိုရီးယားပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး (11th Mekong-Korea Cooperation Foreign Ministers Meeting)သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး             Mr.PrakSokhonn နှင့် ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Mr. Chung Eui-yong တို့မှ ပူးတွဲ သဘာပတိများအဖြစ်ဆောင်ရွက်ခဲ့ပြီး မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးများက မဲခေါင်-ကိုရီးယား ပူးပေါင်း ဆောင်ရွက်မှု၏ ဖြစ်ပေါ် တိုးတက်မှုများအပေါ် သုံးသပ်ဆွေးနွေးခဲ့ကြပြီး၊ အနာဂတ်တွင် ပူးပေါင်းလုပ်ငန်းစဉ်အောက်မှ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မိန့်ခွန်းပြောကြားရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် ကိုရီးယားသမ္မတနိုင်ငံအပါအဝင် မဲခေါင်နိုင်ငံများက မြန်မာနိုင်ငံ အား ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများနှင့် ငွေကြေးအကူအညီများ ပေးအပ်ခဲ့ခြင်း ကို ကျေးဇူးတင်ရှိကြောင်း၊ ထိရောက်စိတ်ချရသည့် ကိုဗစ်-၁၉ကာကွယ်ဆေးများ နိုင်ငံအားလုံး ရရှိရေးလုပ်ငန်းစဉ်တွင် ကိုရီးယားသမ္မတနိုင်ငံ၏ တက်ကြွစွာပါဝင်မှု အခန်းကဏ္ဍကို ချီးကျူး ကြောင်း၊  မဲခေါင်နိုင်ငံများ၏ ကုလသမဂ္ဂ ၂၀၃၀ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှု ရည်မှန်းချက်များ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်မှုများအား အထောက်အပံ့ဖြစ်စေရန် ကိုရီးယား သမ္မတနိုင်ငံမှ တရားဝင်ဖွံ့ဖြိုးမှုအကူအညီများ (Official Development Assistance-ODA) ပေးအပ်လျက်ရှိသည့်အပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မဲခေါင်နိုင်ငံများ၌ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများ အကောင်အထည် ဖော်နိုင်ရန်အတွက် ကိုရီးယားသမ္မတနိုင်ငံမှ မဲခေါင်-ကိုရီးယားပူးပေါင်းဆောင် ရွက်မှုရန်ပုံငွေသို့ နှစ်စဉ်ရန်ပုံငွေထည့်ဝင်မှုများနှင့် ယခုနှစ်အတွက် အမေရိကန်ဒေါ်လာ(၄)သန်း ထည့်ဝင်မှုအား ကျေးဇူးတင်ရှိကြောင်း၊ အစည်းအဝေးမှ မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံများ၌ အကောင်အထည်ဖော်မည့် “မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေစီမံကိန်း (ပဉ္စမအသုတ်)”အားအတည်ပြုခြင်းကိုကြိုဆိုကြောင်းလည်းပြောကြားခဲ့ သည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးက မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ (၁၀) နှစ်ပြည့် နှစ်ပတ်လည်ကာလကို ကြိုဆိုသည့်အနေဖြင့် ၂၀၂၁ ခုနှစ်အား မဲခေါင်-ကိုရီးယား ချစ်ကြည်ရေးနှစ် (Mekong-ROK Exchange Year 2021) အဖြစ် သတ်မှတ်ထားခြင်းအား ၂၀၂၂ ခုနှစ်သို့ ဆက်လက်တိုးမြှင့်သတ်မှတ်သွားမည့် အစီအစဉ်ကို ထောက်ခံခဲ့ပြီး၊ မြန်မာနိုင်ငံတွင် တည်ဆောက်မည့် “မဲခေါင်-ကိုရီးယား ဇီဝမျိုးစုံမျိုးကွဲစင်တာမှ မဲခေါင်ဒေသတွင်း ဇီဝမျိုးစုံမျိုးကွဲ များကာကွယ်ထိန်းသိမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်နိုင်မည်ကို ယုံကြည် ကြောင်းလည်း ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါမျိုးကွဲအသစ်များ ကူးစက်ပြန့်နှံ့မှုအပါအဝင် ဖြစ်ပေါ်လာနိုင်သည့် ကူးစက် ရောဂါများအား ကာကွယ်ထိန်းချုပ်ကုသနိုင်ရန်အတွက် ကျန်းမာရေးလုံခြုံမှုကဏ္ဍတွင် ပိုမိုပူးပေါင်း ဆောင်ရွက်သွားရန်၊ အဖွဲ့ဝင်နိုင်ငံများတွင် ခံနိုင်ရည်ရှိသည့်စီးပွားရေးလုပ်ငန်းများ ဖြစ်ပေါ်လာစေ ရေးအထောက်အကူပြု နိုင်ရန်အတွက် မဲခေါင်-ကိုရီယား ပူးပေါင်းဆောင်ရွက်မှုယန္တရားအား အဆင့် မြှင့်တင်သွားရန်နှင့် လူငယ်များအတွက် အဆင့်မြင့်ပညာရေးကဏ္ဍနှင့်၊ နည်းပညာနှင့်အသက် မွေးဝမ်းကျောင်းပညာ ရေးကဏ္ဍတို့တွင်  ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်သွားရန် လိုအပ်ကြောင်း အကြံပြုဆွေးနွေး ခဲ့သည်။ 

အစည်းအဝေးသို့နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း ပါဝင်တက် ရောက်ခဲ့ သည်။ အစည်းအဝေးမှ (၁၁) ကြိမ်မြောက်မဲခေါင်-ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ၏ ပူးတွဲသဘာပတိထုတ်ပြန်ချက်ကို အတည်ပြုခဲ့ပြီး ၂၀၂၁ ခုနှစ်အတွက် “မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေ (ပဉ္စမအသုတ်)” စီမံကိန်း (၇) ခုကို အတည်ပြု ရွေးချယ်ခဲ့ရာ မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ (၂) သိန်းတန်ဖိုးရှိ စီမံကိန်းတစ်ခုပါဝင်ခဲ့သည်။  အဆိုပါ စီမံကိန်းကို မော်လမြိုင်တက္ကသိုလ်က အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ မွန်ပြည်နယ် အတွင်း ရွှေ့ပြောင်းသွားလာနေထိုင်သူများက စိုက်ပျိုးရေးကဏ္ဍနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု အပေါ်သက်ရောက်မှုအား လေ့လာသုတေသနပြုသွားမည်ဖြစ်ပါသည်။

မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုသည် မဲခေါင်ဒေသနိုင်ငံများဖြစ်သည့်ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း ၊ ဗီယက်နမ်နိုင်ငံများနှင့် ကိုရီယားနိုင်ငံတို့အကြား အပြန်အလှန် အကျိုး ဖြစ်ထွန်း စေမည့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန်နှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကို လျှော့ချရန် ၂၀၁၁ ခုနှစ်ကစတင်ခဲ့သည့်လုပ်ငန်းစဉ်ဖြစ်ပြီး ကိုရီးယားနိုင်ငံမှ ရန်ပုံငွေနှင့် နည်းပညာ အကူအညီများ ပေးအပ်လျက်ရှိပါသည်။ 

သတင်းစဉ်

No comments:

Post a Comment