နေပြည်တော် စက်တင်ဘာ ၁၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်းရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် စက်တင်ဘာ ၁၀ မှ ၁၃ ရက်အထိ ကျင်းပမည့် (၁၈)ကြိမ်မြောက် တရုတ် - အာဆီယံ ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း Online ဖြင့် တက်ရောက် သည်။
စီးပွားရေး ပြန်လည်ဦးမော့လာစေရေး
အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ အာဆီယံနိုင်ငံများမှ အကြီးအကဲ များ၊ အာဆီယံအတွင်းရေးမှူးချုပ်တို့က ဗီဒီယိုဖြင့် မိန့်ခွန်းများ အသီးသီးပြောကြားကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ စိန်ခေါ်မှုများစွာ ရှိနေသည့်ကြားမှ တရုတ်အာဆီယံ ကုန်စည်ပြပွဲကို ကြီးကျယ်ခမ်းနား အောင်မြင်စွာ ကျင်းပနိုင်ခြင်း အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ တရုတ်- အာဆီယံ ကုန်စည်ပြပွဲသည် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများမှ စီးပွားရေး လုပ်ငန်းရှင်များအကြား ချစ်ကြည်ရေးကို ခိုင်မာစေပြီး ဒေသတွင်းနှင့် နှစ်နိုင်ငံဘက်စုံ ကုန်သွယ်မှု ဆက်ဆံရေးမြှင့်တင်ရာတွင် အရေးပါ သော Platform တစ်ခုဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေး၊ လူမှုရေး၊ ကုန်သွယ်ရေးကဏ္ဍများတွင် ထိခိုက်နစ်နာမှုများ ရှိနေပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေး သက်ရောက်မှု များအပေါ် ကုစားရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းပြီး စီးပွားရေး ပြန်လည်ဦးမော့လာစေရေး စီမံချက်ကို ရေးဆွဲ ဆောင်ရွက်လျက် ရှိပါကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် မိတ်ဆွေအာဆီယံ နိုင်ငံများအနေဖြင့် မိမိတို့နှင့်အတူ လက်တွဲပူးပေါင်းပြီး စီးပွားရေး ပြန်လည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန် ပြောကြားလိုပါကြောင်း၊ တရုတ်-အာဆီယံ ကုန်စည်ပြပွဲများတွင် မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များက နှစ်စဉ်အင်တိုက် အားတိုက် ပါဝင်တက်ရောက် ပြသခဲ့ကြသော်လည်း ယခုနှစ်တွင် ကိုဗစ်ကပ်ရောဂါကြောင့် ကိုယ်တိုင်လာရောက် ပြသနိုင်ခြင်းမရှိ သော်လည်း Online မှတစ်ဆင့် ပါဝင်ပြသနိုင်အောင် ကူညီပံ့ပိုးပေးသည့်အတွက် CAEXPO ပြပွဲမှ သက်ဆိုင်ရာ တာဝန်ရှိသူများ ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများကို ပေးပို့လှူဒါန်းသည့် အတွက်လည်း CAEXPO မှ တာဝန်ရှိသူများကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ကုန်စည်ပြပွဲအောင်မြင်ရန် နှင့် တရုတ်-အာဆီယံ ဒေသတွင်း အစဉ်ထာဝရ ချစ်ကြည်ရင်းနှီးမှု ရှိကြပါစေရန် ဆုတောင်းအပ်ပါ ကြောင်း ပြောကြားသည်။
ပြခန်းပေါင်း ၂၂ ခန်း ပါဝင်ပြသ
အဆိုပါ တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ပြပွဲကျင်းပရာ နေရာ၌ ခင်းကျင်းပြသခြင်းအပြင် ပြပွဲသို့ ကိုယ်တိုင်လာရောက် ခင်းကျင်းပြသနိုင်ခြင်း မရှိသည့် အာဆီယံနိုင်ငံများမှ လုပ်ငန်းများ အတွက် အွန်လိုင်းပြပွဲတစ်ရပ်ကို တစ်ပြိုင်နက်တည်း ခင်းကျင်းထားရှိပြီး တစ်နှစ်ပတ်လုံး ပြသပေးထားမည် ဖြစ်သည်။ ယင်းပြပွဲသို့ မြန်မာနိုင်ငံမှ ကုမ္ပဏီ ၁၄ ခုတို့က ကုန်စည်ပြခန်း ပေါင်း ၂၂ ခန်းဖြင့် စိုက်ပျိုးရေး ထွက်ကုန်အမျိုးမျိုး၊ ကော်ဖီ၊ လက်ဖက်ရည်။ သီဟိုဠ်စေ့ကဲ့သို့ စားသောက်ကုန်များ၊ သဘာဝဆိုးဆေး အသုံးပြုထားသည့် ချည်ထည်များဖြင့် ချုပ်လုပ်ထားသည့် အထည်များကို ခင်းကျင်းပြသနေသည်။ အွန်လိုင်းပေါ်မှ ပြခန်းများတွင်လည်း သစ်သီးဝလံ၊ ဆေးကုလားမ၊ သဘာဝဆိုးဆေး အသုံးပြုထားသည့် ချည်ထည်များဖြင့် ချုပ်လုပ်ထားသည့် အထည်များနှင့် အထည်ချုပ်လုပ်ငန်း၊ ယွန်းထည်လုပ်ငန်း၊ စားသောက်ကုန်၊ လယ်ယာစိုက်ပျိုးရေး ထွက်ကုန်များနှင့် တန်ဖိုးမြှင့် ထုတ်ကုန် များစသည်ဖြင့် ပြခန်းပေါင်း ၂၂ ခန်း ပါဝင်ပြသ လျက်ရှိသည်။
ကုန်စည်ပြခန်းများအပြင် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကာလအတွင်း ၈၁ စတုရန်းမီတာ အကျယ်အဝန်း ရှိသည့်နေရာ၌ မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည့် ပုသိမ်မြို့ကို ဦးစားပေးလျက် မြန်မာအမျိုးသား ပြခန်းဆောင် (National Pavilion)ကို ထည့်သွင်းတည်ဆောက် ထားပြီး ၎င်းပြခန်း၌ LED TV ဖြင့် မြန်မာနိုင်ငံတစ်ဝန်းမှ ကုန်စည်ထုတ်လုပ်နေသော၊ ကုန်သွယ်မှု ဆောင်ရွက်နေသော လုပ်ငန်းများ၏ မြှင့်တင်ရေး ဗီဒီယိုများနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဗီဒီယိုများကိုပါ ပြသလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment