မြိတ် စက်တင်ဘာ ၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း အောက်ဆီဂျင်စက်ရုံရှိ အောက်ဆီဂျင် စက်နှစ်လုံးမှ တစ်နေ့လျှင် အောက်ဆီဂျင်(၄၀)လီတာအိုး (၃၀၀)လုံးခန့် ထုတ်နိုင်၍ ဆေးရုံ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များအား အခမဲ့ ဖြန့်ဖြူးပေးလျက်ရှိသည်။
အဆိုပါ အောက်ဆီဂျင်စက်နှစ်လုံးမှာ တနင်္သာရီတိုင်းဒေသကြီး
အစိုးရအဖွဲ့မှ လှူဒါန်းသည့် စက်တစ်လုံး နှင့် စေတနာရှင်အလှူရှင်များ လှူဒါန်းမှုဖြင့်
မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ် ကုသ ထိန်းချုပ်ရေး အထောက် အကူပြုကော်မတီမှ ဝယ်ယူထားရှိသည့်စက်တစ်လုံးတို့ဖြစ်ကြပြီး
ဩဂုတ်လနောက်ဆုံးပတ်က မြိတ်မြို့သို့ ရောက် ရှိတပ်ဆင် စမ်းသပ်လည်ပတ်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း
သိရသည်။
“အရေးပေါ်လာရင် လာသလို ဆောင်ရွက်ပေးနေပါတယ်။
မြိတ်ဆေးရုံအတွက် အောက်ဆီဂျင်အဆင်သင့် ထားပေးထားပါတယ်။ ပုလော၊ ကျွန်းစု၊ တနင်္သာရီ
ဆေးရုံတွေကလာရင်လည်း ပထမဦးစားပေးအနေနဲ့ ဆောင် ရွက်ပေးနေပါတယ်။ ပရဟိတအသင်းတွေကို ဒုတိယဦးစားပေးအနေနဲ့
ဆောင်ရွက်ပေးနေပါတယ်” ဟု မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ် ကုသ ထိန်းချုပ်ရေး အထောက်အကူပြု
ကော်မတီ ဥက္ကဋ္ဌ ဒေါ်တင်တင်ထွေး က ပြောသည်။
အောက်ဆီဂျင်စက်ရုံရှိ စက်နှစ်လုံးကို
စက်တစ်လုံးလျှင် တစ်နေ့ရပ်နားချိန်(၄)နာရီသာ ရပ်နား၍ နေ့ည လည်ပတ်လျက်ရှိကြောင်း၊ မြိတ်ဒေသ
ကိုဗစ်-၁၉ ကာကွယ် ကုသ ထိန်းချုပ်ရေး အထောက် အကူပြုကော်မတီမှ ဝယ်ယူထားရှိသည့် အောက်ဆီဂျင်အိုးလွတ်(၂၀၀)လုံးသည်
ယမန်နေ့က ရောက်ရှိနေပြီဖြစ်၍ အောက်ဆီဂျင် စက်ရုံမှ အောက်ဆီဂျင်(၂၀၀)အိုးကို အောက်ဆီဂျင်ဖြည့်၍
အဆင်သင့်ထားရှိကြောင်း သိရသည်။
မြိတ်အောက်ဆီဂျင်စက်ရုံရှိ အောက်ဆီဂျင်စက်နှစ်လုံးမှ
တစ်နေ့လျှင် အောက်ဆီဂျင်(၄၀)လီတာအိုး (၃၀၀) လုံးခန့် ထုတ်နိုင်ပြီဖြစ်၍ မြိတ်မြို့တွင်
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ၍ ပြည်သူ့ဆေးရုံနှင့် ကိုဗစ်စင်တာများ၌ ဆေးကုသမှုခံယူနေသော
ကိုဗစ်လူနာများအတွက် အောက်ဆီဂျင်လိုအပ်ချက် ပြည့်မီနေပြီဖြစ်ကာ မြိတ်ခရိုင်ရှိ ပြည်သူ့ဆေးရုံများနှင့်
ပရဟိတအဖွဲ့များအား အခမဲ့ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ လက်ရှိအချိန်၌ အောက်ဆီဂျင် လိုအပ်သူများအတွက်
အလျင်မှီစေရေးကို မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ် ကုသ ထိန်းချုပ်ရေး အထောက်အကူ ပြုကော်မတီမှ
စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment