ကော့ကရိတ် စက်တင်ဘာ၄
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ မိုးစပါးစိုက်ပျိုးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အင်းကြီးကျေးရွာ၊ တောင်သူ ဦးကျော်ဝင်း၏ မိုးစပါးရေကျ နောက်ကျစိုက်ခင်း ၅ ဧက၌ ကောက်စိုက်စက်ဖြင့် ကွင်းသရုပ်ပြသခြင်းကို ဆောင်ရွက် ခဲ့ကြသည်။
လယ်ယာလုပ်ငန်းခွင်တွင်
လုပ်သားရှားပါးခြင်းကို ဖြေလျော့နိုင်ရေး၊ လုပ်အားကုန်ကျမှု သက်သာစေရေး၊ ကောက်ကွက်ဝင်ဆံ့မှု
တိကျမှန်ကန်စေရေး၊ ပျိုးသက်နုစိုက်ပျိုးခြင်းကြောင့် ကောက်ပင်လှန်မှုမြန်ပြီး
ပင်ပွားများလာစေရေး၊ အချိန်တိုအတွင်း လုပ်ငန်းပြီးစီးမှု လျှင်မြန်စေရေး၊
လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရာတွင် တောင်သူများအနေဖြင့်
ခေတ်မီလယ်ယာသုံး စက်ကရိယာများဖြင့် ရင်းနှီးကျွမ်းဝင်စွာ အသုံးပြုတတ်လာစေရေး
ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်ဟု သိရပြီး အဆိုပါကွင်းသရုပ်ပြပွဲသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့
ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊
ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ တောင်သူဦးကြီးများ
တက်ရောက် လေ့လာခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်
ဝန်ကြီးများသည် တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေး ဒေသများတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့်
ပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေသော GMSAEDC
အဖွဲ့မှ ထောက်ပံ့သော ဟင်းသီးဟင်းရွက်မျိုးစေ့များ၊ ရွက်ဖျန်း မြေဩဇာ
အမှုန့်များအား တတ်ရောက်လာသော တောင်သူများသို့ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများ၊ တက်ရောက်လေ့လာကြသည့် တောင်သူ ဦးကြီးများသည် ကောက်စိုက်စက်ဖြင့်
စိုက်ပျိုးသရုပ်ပြသခြင်းအား ကြည့်ရှု့အားပေးခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်၊
ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူးနှင့် ပြည်နယ်စက်မှုလယ်ယာ ဦးစီးဌာနမှူးတို့က
မိုးစပါး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြသမှုအား တောင်သူများသို့
ရှင်းလင်းတင်ပြခဲ့ကြသည်။
ယနေ့ကွင်းသရုပ်ပြသပွဲတွင်
ကူဘိုတာ ခြောက်တန်းသွား ကောက်စိုက်စက်နှစ်စီးဖြင့် ကွင်းသရုပ် ပြသခဲ့ပြီး ထိုသို့စိုက်ပျိုးရာတွင်
စက်တစ်စီးဖြင့် လယ်တစ်ဧကတစ်နာရီခန့်သာ ကြာမြင့်ပြီး ကုန်ကျစရိတ် သက်သာစေမည်ဖြစ်ကြောင်း၊
ဒေသခံတောင်သူများအနေဖြင့် ကောက်စိုက်စက် ဝယ်ယူသုံးစွဲလိုပါက လက်ငင်း ငွေကျပ် ၁၉၉
သိန်း ကျသင့်မည်ဖြစ်ပြီး အရစ်ကျစနစ်ဖြင့်လည်း ဝယ်ယူ ရရှိနိုင်မည်ဖြစ်သည်။
ထို့နောက်
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇေယျဝတီတပ်ဦးကျောင်း ဆရာတော်ဘဒ္ဒန္တဣန္ဒာစက္က
အား သွားရောက်ဖူးမျှော်ကြည်ညို၍ ဒေသဖွံဖြိုးရေးဆိုင်ရာနှင့် သာသနာတော်ဆိုင်ရာများ
လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ
ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
No comments:
Post a Comment