တောင်အာဖရိကဆိုတာ စိန်ထွက်တဲ့နယ်မြေမို့ ဥရောပက နယ်ချဲ့မျက်နှာဖြူးတွေ လာရောက် စီးပွားရှာရင်း ကိုလိုနီလက်အောက်ခံနိုင်ငံအဖြစ် နှစ်အတော်ကြာအောင် သိမ်းပိုက်ခံခဲ့ရတဲ့ အာဖရိက တိုက်ရဲ့ တောင်ဘက်ပိုင်း အဖျားစွန်းက နိုင်ငံတစ်ခုဖြစ်ပါတယ်။ လူမည်းခေါင်းဆောင် နယ်ဆင်မင်ဒဲလားနဲ့ လူဖြူသမ္မတ ဘိုသာတို့လက်ထက်မှာ တိုင်းရင်းသားတွေရဲ့ နယ်ချဲ့အစိုးရ ဆန့်ကျင်ရေး အောင်မြင်ပြီးမြောက်သွားပြီး နယ်ဆင်မင်ဒဲလားဟာ ဒေသခံလူမျိုးများထဲက ပထမ ဦးဆုံးသော သမ္မတဖြစ်လာခဲ့တဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။
တောင်အာဖရိကနိုင်ငံရဲ့ တက္ကသိုလ်အဝ တံခါးကြီးအနီးမှာ အင်္ဂလိပ်ဘာသာနဲ့ ကျောက်သား ကမ္ပည်းတစ်ခုရေးထိုး စိုက်ထူထားပါတယ်။ မြန်မာလိုဘာသာပြန်ရရင် “နိုင်ငံတစ်နိုင်ငံ၊ လူမျိုး တစ်မျိုးကို ဖျက်ဆီးပစ်ရန်မှာ အဏုမြူဗုံးမလိုပါ။ တာဝေးပစ်ဒုံးများလည်း သုံးစရာမလိုပါ။ ပညာရေး အဆင့်အတန်း နိမ့်ကျသွားအောင် လုပ်ပစ်ရုံပါပဲ။ စာမေးပွဲစစ်တဲ့စနစ်တွေ၊ ခိုးချအမှတ်တွေ ပေးချင်ရာပေး၊ ကျောင်းသားတွေ အကျင့်ပျက်ကြစေ။
ပညာရေးနိမ့်ကျလာတဲ့အခါ ဆရာဝန်များလက်မှာ လူနာများ သေဆုံးကြပါတယ်။ အင်ဂျင်နီယာ များလက်မှာ တံတားများ၊ အဆောက်အဦများ ပြိုကျမယ်။ စီးပွားရေး ပညာရှင်များ စာရင်းကိုင်များ လက်မှာ ဒေဝါလီခံရမယ်။
ဘာသာရေးခေါင်းဆောင်များ လက်အောက်မှာ ကိုယ်ကျင့်သိက္ခာဆုံးရှုံးမယ်။ တရားသူကြီးများ လက်မှာ တရားစီရင်ရေး ကျဆုံးမယ်။ ပညာရေး လျစ်လျူရှုခံရခြင်းက နိုင်ငံတစ်နိုင်ငံရဲ့ ယိုယွင်း ပြိုဆင်းခြင်းကို ဖြစ်စေပါတယ်”လို့ ကမ္ပည်း ရေးထိုးထားပါတယ်။ ။
စိုက်ထူထားတဲ့ ကမ္ပည်းအတိုင်းပါပဲ အရာရာဟာ ပညာရေးကို အခြေခံတယ်လို့ပြောချင်ပါတယ်။ နိုင်ငံ့ခေါင်းဆောင်အချို့ဟာ ယဉ်ကျေးမှုကို တန်ဖိုးမထား၊ မျိုးချစ်စိတ်ကို ချိုးနှိမ်ဖယ်ရှား၊ ဒေသခံတိုင်းရင်းသားတွေရဲ့ သဘောထား၊လိုလားချက်တွေကို ပစ်ပယ်၊ ဘေးဖယ်။ စည်းလုံး ညီညွတ်ချစ်ခင်အောင် မကြိုးစားဘဲ အစိတ်စိတ်အမြွာမြွာ ပြိုကွဲအောင် ပြင်ပအားပေး ကူညီမှုတွေကိုယူပြီး ဖျက်ဆီးနေရင် ဘယ်လိုနေမလဲ။ ယဉ်ကျေးမှုနဲ့ အမျိုးသားရေး၊ ပညာရေးကို အမြစ်ပါလှန်ပြီး တူးဖြိုခံရရင် ဒီနိုင်ငံဟာ အလုံးစုံပျက်သုဉ်းရေးဆီ တလိမ့်ခေါက်ကွေး ကျမှာပါပဲ။
နိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံလောက် စာမတတ်၊ ပေမတတ်ဖြစ်နေရတဲ့ အခြေအနေမှာလူတွေ စီးပွားဥစ္စာဆင်းရဲတာထက် အသိပညာမွဲတဲ့ အားနည်းချက်၊ ချို့ယွင်းချက်ဟာ ပိုပြီးနက်ရှိုင်းပါ တယ်။ နာတာရှည်ရောဂါဖြစ်လို့ ဆေးမြီးတိုနဲ့ မြန်မြန်ပျောက်ချင်လို့ မရပါဘူး။ အခြေခံပညာရေးကို လူတိုင်းတတ်အောင်မဖြစ်မနေ စီမံသင်ကြားပေးရမယ်။ အရေး၊ အဖတ်၊ အတွက် (အသုံးလုံး)ကို ယနေ့ခေတ်လူငယ်များ လေ့ကျင့်သင်ကြားပေးပြီး ကျေးလက်တောရွာ၊ နယ်စွန်နယ်ဖျား၊ တောင်ပေါ်တောင်ထိပ်၊ တောကြိုအုံကြားအထိ စေလွှတ်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ကိုယ်ကျိုးမရှာတဲ့လုပ်ရပ်နဲ့ လူငယ် G Z တွေ
လူငယ်တွေရဲ့ တက်ကြွထက်သန်တဲ့ အားမာန်နဲ့ စွန့်စား၊ ဆန်းသစ်၊ ထူးခြားချင်တဲ့ ပျိုမျစ်နုနယ် တဲ့အရွယ်ရဲ့ ဝိသေသလက္ခဏာတွေကို ကိုယ်ကျိုး မငဲ့တဲ့ ပရဟိတဝါဒ၊ အများအကျိုးကို အဓိက ဦးစားပေးတတ်တဲ့ (Altruism) အာထရုအစ်ဇင်ကို မျှဝေပေးကြရမှာ ဖြစ်ပါတယ်။
ကိုယ်ကျိုးမငဲ့ဘဲ ရဲဝံ့စွန့်စား စွန့်လွှတ်နိုင်တဲ့ အတွေး၊ အပြော၊ အပြု လုပ်ဆောင်ချက် သဘောတွေ၊ အားသစ်အင်သစ်နဲ့ တက်တက်ကြွကြွ ရှေ့ကလမ်းပြ ဦးဆောင်သူတွေရှိရင် တကယ်ထမြောက် အောင်မြင်ပါတယ်။ ဆီမီးတိုင် အားလုံးလင်းလာအောင် ခေါင်းဆောင် ဆီမီးတစ်တိုင်က စတင်ရင် ရပါတယ်။
ကိုယ်ကျိုးရှာတဲ့ခေါင်းဆောင်
ပါတီအကျိုးကို နိုင်ငံအကျိုးထက်ပိုပြီး ဦးစားပေးသူအချို့က အမျိုးဂုဏ် ဇာတိဂုဏ်ကို ချိုးနှိမ်၊ မျိုးချစ်စိတ်ကို ပယ်ရှား၊ နယ်ချဲ့နဲ့ ပြည်ပအင်အားကို အားကိုးချင်အောင် အတွေးအခေါ်တွေ သွတ်သွင်းခဲ့လို့ ရွာလည်နေကြရတာ။ ပညာတတ် အချောင်သမားဉာဏ်က ဒုက္ခပေးခဲ့တာ ဖြစ်ပါတယ်။
အနောက်တိုင်းယဉ်ကျေးမှုကို မော့ကြည့်၊ မက်မောအားကျ၊ သဘောကျ၊ အတုခိုးချင်အောင် ပျိုးထောင်ပေးခဲ့ရင် လွဲမှာပေါ့။ ပင်ပန်းချင် ပင်ပန်း၊ ဆင်းရဲချင် ဆင်းရဲ၊ ကိုယ့်ဘဝ ကိုယ့်အခြေ အနေအရ ရုန်းကန်ကြိုးစားမယ်။ ပကတိအရှိအခြေအနေက ဆွဲထူမပြီး ပြောင်းလဲအောင် ရေတိုရေရှည် အားထုတ်အလုပ်လုပ်ကြရမယ်။ ကိုယ့်အားကိုယ်ကိုးပြီး အများအကျိုးဆောင် ကြပါစေ။
ဗိုလ် ၅ ဖြာ
နိုင်ငံတစ်နိုင်ငံကို ထူထောင်တည်ဆောက်ရာမှာ အုပ်ချုပ်သူခေါင်းဆောင်သော အုပ်ချုပ်ခံ ပြည်သူပါ လက်နှစ်ဖက်က လက်တွဲညီစွာ လက်ခုပ်တီးပါမှ လက်ခုပ်သံမြည်မှာ ဖြစ်ပါတယ်။ သဒ္ဓါ၊ သတိ၊ သမာဓိနဲ့ ဝီရိယ၊ ပညာ ဗိုလ် ၅ ဖြာနဲ့ ပြည့်စုံတဲ့ ခေါင်းဆောင်အဆင့်ဆင့်လိုပါတယ်။
၁။ သဒ္ဓါ = Believe, Trust ယုံကြည်သက်ဝင်
၂။ သတိ = Mindfulness မမေ့မလျော့ မပေါ့ဆ
၃။ သမာဓိ= Concentration ခိုင်မာတည်ကြည်
၄။ ဝီရိယ= Effort, Endeavor အားထုတ်
၅။ ပညာ= Wisdom, Professional Skill မြော်မြင်၊ တတ်မြောက်ကျွမ်းကျင် စတဲ့ဗိုလ် ၅ ဖြာ အစိုးရ ဝန်ထမ်းတွေမှာ ရှိကြပါစေ။
ပြည်သူတွေကလည်း တိုင်းပြည်ချစ်စိတ်၊ လူမျိုးချစ်စိတ်နဲ့ တစ်စိတ်ဝမ်း၊ တစ်လက်ညီ၊ ပြည်ရေး ကို ပြိုင်တူချီကြမယ်။(Synergy) စုပေါင်းစွမ်းအားနဲ့ အဆများစွာ ထိရောက်အောင် အနော်ရထာ၊ ဘုရင့်နောင်း ဦးအောင်ဇေယျ၊ ဘိုးတော်ဦးဝိုင်းစတဲ့ ရှေးက နိုင်ငံတော်ကြီးတွေကို နည်းနာယူကြ ရမှာဖြစ်ပါတယ်။
ခွန်အား၊ အဆုံးအဖြတ်၊ စိတ်ဓာတ်တို့အရင်းတည် ပညာနဲ့ ပေါင်းစပ်
အပြေးပြိုင်ပွဲတွေရဲ့ သဘာဝကိုပြောလိုပါတယ်။ တာတိုမှာ ခွန်အား၊ တာလတ်မှာ အဆုံးအဖြတ်၊ တာဝေးမှာ စိတ်ဓာတ်နဲ့ အောင်ပွဲဆီကို ချီကြရတာ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ တည်ဆောက် ရာမှာလည်း ဒီလိုပါပဲ၊ ခွန်အား၊ အဆုံးအဖြတ်၊ စိတ်ဓာတ် တို့အရင်းတည် ပညာနဲ့ပေါင်းစပ်ပြီး အနာဂတ်ကို ခရီးဆက်ကြရမှာ ဖြစ်ပါတယ်။ အားလုံးတွင် တာဝန်ရှိ ပညာရေးအဆင့်အတန်း မြင့်အောင် လူတွေရဲ့ ပညာဉာဏ်၊ ဗဟုသုတတွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ဖို့ဆိုတာက ပညာရေးဝန်ကြီးဌာနနဲ့ အစိုးရမှာသာ တာဝန်ရှိတာ မဟုတ်ပါဘူး။ ပြည်သူအားလုံးမှာလည်း တာဝန်ရှိပါတယ်။ ကိုယ်ပညာတတ်ဖို့က ကိုယ့်တာဝန်ဖြစ်ပါတယ်။ ကိုယ့်တာဝန်ကို ရှောင်လွှဲနေလို့ မရပါဘူး။ ပညာဉာဏ်နဲ့ ပြည့်ဝအောင် လေ့လာဆည်းပူး အားထုတ်ကြိုးပမ်းကြ ရမှာ ဖြစ်ပါတယ်။
အစိုးရဝန်ထမ်းတွေကလည်း လူထုပညာရေးကို နိုင်ရာ ကျရာနေရာကနေ ပါဝင်ထမ်းဆောင် အားပေးကြရမှာ ဖြစ်ပါတယ်။ “တိုင်းပြည်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တစ်ခုအနေနဲ့ ပြည်သူတွေ ဗဟုသုတ ကြွယ်ဝရေးအတွက် မြန်မာနိုင်ငံမှာ ဘာသာပြန် ဌာနကြီးတစ်ခု ဖွင့်ဖို့လိုအပ်တယ်” လို့ ၁၉၄၇ ခုနှစ် ဇွန်လ ၇ ရက်က ရန်ကုန်မြို့ဆိုရန်တိုဗီလာ အဆောက်အအုံ (ယခုဟံသာဝတီ အဝိုင်းအနီး)မှာ ဗိုလ်ချုပ်အောင်ဆန်းက အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းလမ်း ညွှန်ခဲ့ပါတယ်။ ဒါကြောင့် ဘာသာပြန် စာပေအသင်းကို ဖွဲ့စည်းပြီး ၁၉၄၈ ခုနှစ် ဇူလိုင်လမှ ၁၉၅၆ ခုနှစ် ဇူလိုင်လ အထိ ရှစ်နှစ်တာ ကာလအတွင်း ဘာသာပြန်စာအုပ်ပေါင်း ၁၆၇ အုပ်ကို ဈေးနှုန်းချိုချိုနဲ့ ဖြန့်ချိရောင်းချ ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်မှာချက်ကို လက်တွေ့ အကောင်အထည် ဖော်ခဲ့ကြတဲ့၊ လူထုပညာရေး အရေးကြီးပုံကို အလေးထားတဲ့ ဝန်ထမ်းကောင်းတွေရဲ့ စွမ်းဆောင်ချက်တွေပဲ ဖြစ်ပါတယ်။
အလားတူ ယခုမျက်မှောက်ကာလမှာလည်း ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနနဲ့ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းတို့က ဒီလို ဘာသာပြန်စာအုပ် ပေါင်း ၅၀ လောက်ကို ၂၀၂၁ ခုနှစ်အတွင်း ထုတ်ဝေနေပါတယ်။
ပညာရေးနဲ့စာပေ ဆက်နွှယ်ပုံ
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ လူသားအရင်းအမြစ်က အခြေခံအကျဆုံးပဲဆိုတာ လူအများက သိပြီးသားပါ။ နိုင်ငံသူနိုင်ငံသား သုံးပုံတစ်ပုံက စာမတတ်ကြဘူး။ ဒီအထဲမှာ အချို့က လုံးဝ စာမဖတ်ကြဘူး။ စာပေနဲ့ ယူဇနာပေါင်း ထောင်ချီဝေးနေကြတယ်။ ဘယ်လို လုပ်ကြမလဲ။ စာဖတ်သူ အလွန်နည်းပါး ကျဆင်းနေတဲ့ ခေတ်ကာလမှာ စာရေးဆရာ၊ သတင်းစာ ဆရာတွေ ကို လက်ညှိုးထိုး အပြစ်တင်ရမှာလည်း အားနာစရာပါ။
ပညာရေးနဲ့ စာပေဆိုတာကနေရောင်၊ လရောင်ပါ။ ဆက်စပ်မှုရှိနေကြပါတယ်။ ပညာရေး ဆိုတာ ကျောင်းပရဝဏ်ထဲမှာပဲရှိတာ မဟုတ်ပါဘူး။ မိခင်ဝမ်းက ထွက်စကတည်းက မိခင်ရဲ့ အပြုံး၊ မိခင်ရဲ့ စကားသံ၊ မိခင်ရဲ့ အထိအတွေ့တွေကို သင်ယူခဲ့ရတာ ဖြစ်ပါတယ်။ မွေး ကတည်းက သင်ယူသူ၊ နားထောင်သူဖြစ်ပါတယ်။ နေရာတိုင်းမှာ ပညာရေးဆိုတဲ့ အလင်းရောင်က ရှိပါတယ်။ ဗဟုသုတ တိုးပွားစေမယ့် သုတစာပေ၊ ဘဝနဲ့လောကကို မြတ်နိုးချစ်ခင်စာနာ တတ်စေတဲ့ ရသစာပေ စတဲ့စာပေတွေဆိုတာ ပညာရေးနဲ့ အစဉ်ဆက်စပ်နေပါတယ်။
စာကောင်းပေကောင်းတွေက လူထုရဲ့ ပညာဗဟုသုတရေချိန်ကို မြင့်အောင် မြှင့်တင်ဖြည့်ဆည်း ပေးနေတာ ဖြစ်ပါတယ်။ ဒါကလည်း စာပေရဲ့ တာဝန်ပဲဖြစ်ပါတယ်။ စာရေးဆရာ၊ သတင်းစာ ဆရာဆိုတာ ကိုယ့်တစ်ဝမ်းတစ်ခါးနဲ့ မိသားစုရဲ့ စားဝတ်နေရေးအတွက်သာ အလုပ်လုပ်နေကြတာ မဟုတ်ဘဲ လူ့အဖွဲ့အစည်းရဲ့ ပညာရေးရေချိန်ကို ဖြည့်ဆည်းပေး နေကြသူတွေ ဖြစ်ပါတယ်။
စာပေဆိုတာ မိုးရေနှင်းရည်လို အေးမြသန့်စင်ပါပေတယ်။ အကျိုးရှိအောင် အသုံးချတတ်ဖို့သာ လိုအပ်တာ မဟုတ်ပါလား။
ထွန်းထွန်း(ခရေရိပ်)
No comments:
Post a Comment