မုံရွာ စက်တင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂၈/၂၀၂၁)ကို စက်တင်ဘာလ(၉)ရက်၊ မွန်းလွဲပိုင်း(၁) နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင် များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က အမှာစကား ပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါပိုးကို များများစစ်ဆေးခြင်း၊ ပိုးတွေ့ရှိမှု လျော့နည်းအောင် ပညာပေးခြင်းလုပ်ငန်းများ စစ်ဆေးကြပ်မတ်ခြင်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ စစ်ဆေးတွေ့ရှိသော လူနာများထားရှိမည့် Center များကိုလည်း လူနာများအတွက် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်ကြရန်နှင့် ဆေးရုံများတွင် ကုသ နေသည့်လူနာများကို ဆေးကုသမှု၊ အောက်ဆီဂျင်လိုအပ်မှု မရှိအောင်နှင့် သေဆုံးမှု မရှိအောင် ကြိုးပမ်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများ ကို အရှိန် အဟုန်မြင့် ဆောင်ရွက်နေသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး အနေဖြင့် စစ်ဆေး၍ပိုးတွေ့ရှိမှု ၁၀% အောက်သို့ရောက်ရှိလာပြီဖြစ် ပါကြောင်း၊ ယခုအစည်းအဝေးသို့ တက်ရောက်လာကြသော တာဝန်ရှိသူ အားလုံးရဲ့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်မှုကြောင့် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု၊ သေဆုံးမှုလျော့နည်းလာတာကို တွေ့ရှိရပါကြောင်း ” ပြောကြားခဲ့သည်။
ယင်းနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့် က ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများတွင် မိမိတို့အနေဖြင့် တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ အောက်ဆီဂျင်များ ပြည့်မီစွာ ရရှိရေးလုပ်ငန်းများကိုလည်း ပူးပေါင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားကာ အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက ကိုဗစ်၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းဆိုင်ရာ လုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ လုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီများမှ ပညာပေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မြို့ဝင်မြို့ထွက်စစ်ဆေးရေး ဂိတ်များဆောင်ရွက် နေမှု လုပ်ငန်း များ နှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ကုသခြင်း ဆိုင်ရာလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီများမှ ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးကာ အစည်းအဝေးကိုရုပ်သိမ်းခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီး တိုးချဲ့(၅)ထပ် လူနာကုသဆောင် တည်ဆောက် ရေး ရှင်းလင်းဆောင်သို့ ရောက်ရှိရာ အဆောက်အဦအထူးအဖွဲ့(၁၀)မှ လက်ထောက်ညွှန်ကြားရေးမှူး - မြို့ပြ ဦးဂိုခန့်မာန် က တိုးချဲ့(၅)ထပ် လူနာကုသဆောင် ဆောက်လုပ်နေမှု လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က တိုးချဲ့(၅)ထပ် လူနာ ကုသဆောင် ဆောက်လုပ်နေမှုလုပ်ငန်းများ စံချိန်စံညွှန်းမီ အရည်အသွေး ပြည့်မီစွာ ဆောက်လုပ် ပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး တို့အား အလေးထားဆောင်ရွက်သွားကြရန် မှာကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက် ပေး ကာ တိုးချဲ့(၅)ထပ် လူနာကုသဆောင် အဆောက်အဦ တည်ဆောက်နေမှု လုပ်ငန်းများအား လှည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့သည်။
အဆိုပါ မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီး တိုးချဲ့(၅)ထပ် လူနာကုသဆောင် အဆောက် အဦသည် (အလျား ၁၈၀’ ပေx အနံ ၁၆၀’ပေx အမြင့် ၇၉’ပေ) တိုးချဲ့(၅)ထပ် သံကူကွန်ကရစ် အဆောက်အဦ အမျိုးအစားဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ စတင်၍ အဆောက်အဦအထူး အဖွဲ့(၁၀)မှ တာဝန်ယူတည်ဆောက်ရာ စီမံကိန်းတန်ဖိုးစုစုပေါင်းငွေကျပ်- ၉၁၈၀.၄၃၉ သန်း ဖြစ်ပြီး ၂၀၂၂ - ခုနှစ်၊ မတ်လတွင် တည်ဆောက်ရေးလုပ်ငန်းများအားလုံး ၁၀၀% ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment