နေပြည်တော် စက်တင်ဘာ ၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်းရှိ သိပ္ပံ လက်တွေ့ခန်း အတွင်း သိပ္ပံခန်းသုံးပစ္စည်းများ ထားသိုမှုများ၊ ကျောင်းသားကျောင်းသူများ သိပ္ပံဘာသာရပ် လက်တွေ့ သင်ကြားနိုင်ရေး ကြိုတင်ပြင်ဆင်ထားမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သိပ္ပံလက်တွေ့ခန်းအတွင်း လိုအပ်သည့် မိုက်ခရို စကုတ်၊ ကွန်ပျူတာ၊ သင်ထောက်ကူကားချပ်နှင့်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့်အခါ ကျောင်းသားကျောင်းသူများအား လိမ္မာရေးခြားရှိရေး၊ ပညာ တတ်အောင် သင်ကြားပေးရေး၊ သိပ္ပံဘာသာရပ် လက်တွေ့သင်ကြားမှုများ အမှန်တကယ် တတ်မြောက်အောင် စနစ်တကျဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားကာ ကျောင်းဆောင်အတွင်း သန့်ရှင်းသာယာရေး အတွက် ဆောင်ရွက်ထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၈) အခြေခံပညာ အထက်တန်း ကျောင်း၊ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း များသို့ သွားရောက်၍ သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမ များနှင့် တွေ့ဆုံသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းဆောင်အတွင်း စာသင်ခန်း၊ သိပ္ပံ လက်တွေ့ခန်း၊ ကွန်ပျူတာခန်း၊ စာကြည့်တိုက်များကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ သိပ္ပံလက်တွေ့ခန်းများ၊ စာကြည့်တိုက်များ အရည်အသွေးတိုးတက်အောင် ဆောင်ရွက်ရေး၊ ကျောင်းဆောင်အတွင်း စိမ်းလန်း စိုပြည် သန့်ရှင်းသာယာလှပအောင် ဝိုင်းဝန်းဆောင်ရွက်ရေး၊ အချိန်ကို အကျိုးရှိစွာ အသုံးချ၍ ဆရာ ဆရာမများ၏စွမ်းဆောင်ရည် အရည်အသွေး မြင့်မားအောင် ဆောင်ရွက်ရေး၊ အားနည်းချက်များကို ပြုပြင်ဆောင်ရွက်၍ ပညာရေးအရည်အသွေး တိုးတက်အောင် ဝိုင်းဝန်း လက်တွဲဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေး လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment