မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ တဖြည်းဖြည်းကျဆင်းလာပြီ ဖြစ်သည်။ ရက်အလိုက် စောင့်ကြည့်မှုအရ စက်တင်ဘာ ၅ ရက်မှ ၁၂ ရက်အတွင်း ရောဂါတွေ့ရှိမှုမှာ ၁၀ ရာခိုင်နှုန်းမှ ရှစ်ရာခိုင်နှုန်းအထိ ကျဆင်းလာသည်ကို တွေ့ရသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှု၊ ပိုးတွေ့ရှိမှု ရာခိုင်နှုန်း ထက်ဝက်ကျဆင်းရေး ရည်မှန်းကာ မျက်ခြည်မပြတ်အလေးထား၍ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ခဲ့သောကြောင့် တိုးတက်မှုများ ရရှိနေသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီသည် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ အစည်းအဝေးကို တစ်ပတ်လျှင် နှစ်ကြိမ် ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများ ၏ စေတနာရှေ့ထား၍ နိုးကြားတက်ကြွစွာ ဆောင်ရွက်ပေးမှု၊ ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှုများကြောင့် ပြီးခဲ့သည့်ဇူလိုင်လက ကိုဗစ် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း ၄၀ ဝန်းကျင်မှ ယခုအပတ်အတွင်း ရှစ်ရာခိုင်နှုန်းအထိ ကျဆင်း လာပြီဖြစ်သည်။ သို့သော် ကျန်းမာရေးဝန်ကြီးဌာန၏ သုံးသပ်ချက်၊ နိုင်ငံတကာ ကျန်းမာရေး စံနှုန်းတို့အရ စိတ်ချရသည့်အနေအထားဖြစ်သည့် ငါးရာခိုင်နှုန်း အောက်ရောက်အောင် ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရုံးပိတ်ရက်ရှည် နှစ်လတာကာလ သတ်မှတ်ပေးခြင်း၊ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများကို ဖိဖိစီးစီးဆောင်ရွက်နိုင်ခဲ့ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး၊ ကုသဆေးနှင့် အထောက်အကူပြုပစ္စည်း တင်သွင်းမှုများနှင့်ပတ်သက်၍ ကန့်သတ် ချက်များအား ဖြေလျှော့ပေးခြင်း၊ ပယ်ဖျက်ပေးခြင်း၊ ပြည်သူလူထုအားလုံး၊ ဝန်ထမ်းများအားလုံးတို့ ပူးပေါင်းဆောင်ရွက်ခြင်းများနှင့် အိမ်နီးချင်းနိုင်ငံများ၊ မိတ်ဆွေနိုင်ငံများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး၊ ကုသဆေးနှင့် အထောက်အကူပြုပစ္စည်းများ ကူညီပံ့ပိုး ရောင်းချပေးသည့် ပူးပေါင်း ဆောင်ရွက်မှုများကြောင့် နှစ်လအချိန်ကာလအတွင်း ကူးစက်မှုရာခိုင်နှုန်း ကျဆင်းလာခြင်းဖြစ်သည်။
ထိုသို့ ပြည်သူလူထု ရောဂါကင်းဝေးကျန်းမာရေးအတွက် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက် နေချိန်တွင် အချို့သောပြည်တွင်း၊ ပြည်ပမှ မလိုလားသူများက ကိုဗစ် - ၁၉ ရောဂါနှင့် ပတ်သက်သည့် ကုသရေး လုပ်ငန်း၊ ကာကွယ်ဆေးထိုးရေး လုပ်ငန်းများအား နှောင့်ယှက်ဖျက်ဆီးနေကြသည်ကို ၀မ်းနည်းဖွယ် တွေ့ရသည်။ နိုင်ငံတော်က ထိုးနှံပေးသည့် ကာကွယ်ဆေးများ၏ ထိရောက်မှုများအပေါ် ယုံကြည်မှု ကင်းမဲ့စေရန် မဟုတ်မမှန်ပြောဆိုမှုများအပြင် မြေပြင်တွင် ဆောင်ရွက်နေသည့်လုပ်ငန်း များကိုလည်း နှောင့်ယှက်ဖျက်ဆီး နေကြသည်ကို တွေ့ရသည်။ နိုင်ငံတကာက အသိအမှတ်ပြုထားသော လူသား ချင်းစာနာထောက်ထားမှုနှင့် ကျန်းမာရေးဆိုင်ရာ လိုက်နာရမည့်ကျင့်ဝတ်တို့ကို ဖောက်ဖျက်လျက် ရှိသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် စေတနာ့ ဝန်ထမ်းများ၊ ကာကွယ်ဆေးထိုးနှံသူများ မလာရဲအောင်၊ မလုပ်ရဲအောင်၊ ကြောက်ရွံ့ အောင်၊ လုပ်ငန်း ပျက်အောင် ဗုံးခွဲတိုက်ခိုက်ခြင်း။ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ၎င်းလုပ်ရပ်များသည် မဖြစ်သင့်မဖြစ်ထိုက်သော ကျန်းမာရေးဆိုင်ရာ အကြမ်းဖက်မှုဖြစ်ပြီး လူတစ်ဦးချင်းဆိုင်ရာ လူ့အခွင့် အရေးကို အကြမ်းဖက်ခြင်းလည်းဖြစ်သည်။ ထိုလုပ်ရပ်များအား မြန်မာနိုင်ငံတွင် သာမက ကမ္ဘာ့ မည်သည့်နိုင်ငံကမျှ လက်ခံကြမည်မဟုတ်ပေ။ နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှု အဖွဲ့ အစည်းများနှင့် ပြည်သူများ ပူးပေါင်းလက်တွဲဆောင်ရွက်မှုကြောင့် အနှောင့်အယှက်များကြားမှ အောင်မြင်မှုများ ရရှိလာပြီဖြစ်သည်။ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းအပေါ် နှောင့်ယှက် ဖျက်ဆီးကြသော အဖျက်သမားများကိုလည်း ထိထိရောက်ရောက် တုံ့ပြန်ကာကွယ်လျက်ရှိသည်။
ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသရသည့်လူနာများ လျော့ကျလာသဖြင့် အခြားရောဂါများကုသရေးနှင့် ကိုဗစ်-၁၉ ရောဂါအရေးပေါ် ကုသရေးဆိုင်ရာတို့ကို ဆေးရုံများ တွင် အသင့်ဆောင်ရွက်နိုင်မှု အခြေအနေကောင်းများ ရှိလာပြီဖြစ်သည်။ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု လျော့ကျလာသော်လည်း ပြည်သူများအနေဖြင့် ကိုဗစ်ဆိုင်ရာ စည်းကမ်းများကို လိုက်နာမှု အားနည်းလာပါက ရောဂါဖြစ်ပွားမှု ဆက်လက်မကျဆင်းဘဲ ဖြစ်ပွားနှုန်းပြန်တက် လာနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးအသိ၊ ကျန်းမာရေး သတိပေးချက် တို့ကို သက်ဆိုင်ရာတို့က အဆက်မပြတ်ပြုလုပ်ပေးကြရန် လိုအပ်ပေသည်။
သို့ဖြစ်ရာ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနှုန်းမှာ ရှစ်ရာခိုင်နှုန်းရှိပြီး ရောဂါတစ်ဝက် ဆက်လက် ကျဆင်းစေရန်အတွက် ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ဆက်လက်လိုက်နာကာ ကိုဗစ်-၁၉ ရောဂါကို မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှုနေကြရမည် ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment