Saturday, September 4, 2021

ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်ရေးရှေးရှုကြိုးပမ်း


 

၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ခိုင်မာစွာတွေ့ရှိထားသည့် မဲမသမာမှုများ၊ ဥပဒေ ဖောက်ဖျက် မှုများစသည့် အထောက်အထားများအရ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းခဲ့ပြီး ဖြစ်သည်။ ရွေးကောက်ပွဲရလဒ်ကို ဥပဒေနှင့်အညီ ဖျက်သိမ်းပြီးသောအခါ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် နောက်ဆုံးလုပ်ငန်းစဉ်ဖြစ်သည့် “လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည် ကျင်းပပြီး အနိုင်ရသည့်ပါတီကို ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး” ဟူသော အရေးကြီးသည့်အချက်ကို ဆက်လက် ထမ်းရွက်နေပြီဖြစ်ရာ သတ်မှတ်ထားသော အချိန်ကာလအတွင်း ပြီးစီးရန် ဆောင်ရွက်နေသည်ကို တွေ့ရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်တာဝန်ကိုယူခဲ့သည့် ခြောက်လပြည့်ပြောကြားသည့် မိန့်ခွန်းတွင် လုပ်ငန်းရပ်အားလုံးကို ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ပြီးမြောက်အောင် ဆောင်ရွက်သွားမည် ဖြစ်ပြီး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ပြုလုပ်ပေးမည်ဆိုသည်ကို အတိအလင်းအာမခံထားသည်။ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်လာစေရန် အခြေခံလိုအပ်ချက်မှာ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးသည် အဓိက လိုအပ်ချက်ဖြစ်သည်။ ထို့ကြောင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် အဖျက်အမှောင့် အနှောင့်အယှက်များကို ဖယ်ရှား ရှင်းလင်း လျက်ရှိသည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိမှသာ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကို ကျင်းပနိုင်မည်ဖြစ်၍ ပြည်သူလူထု တစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုသည်။

နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေး ကော်မတီကို ၂၀၂၁ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့် အစိုးရအဖွဲ့” အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။ အိမ်စောင့်အစိုးရဖြစ်သည်နှင့်အညီ နိုင်ငံတော်၏ တာဝန်ကို ရေရှည်ရယူထားမည့် အစိုးရမဟုတ်ပေ။ ဗဟိုချုပ်ကိုင်မှုကို ပိုမိုလျှော့ချပြီး နိုင်ငံတော် တာဝန်များကို ပိုမိုလွယ်ကူ၊ လျင်မြန်၊ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲသည် အကုန်ရ အကုန်ယူ၊ အင်အားများသူအနိုင်ယူသည့် ပုံစံဖြစ်ခဲ့သောကြောင့် တရားမျှတမှုနှင့် အလှမ်းဝေးခဲ့သည်။ တစ်ပါတီလွှမ်းမိုးလာသည်နှင့်အမျှ တစ်ပါတီအာဏာရှင်ပုံစံ ပေါ်ပေါက်လာသည်ကိုတွေ့ရမည်။ ၂၀၂၀ ရွေးကောက်ပွဲသည် သင်ခန်းစာယူ စရာများ အများအပြားရှိခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံနှင့်သင့်လျော်မည့် ရွေးကောက်ပွဲစနစ်ဖြစ်သည့် အချိုးကျကိုယ်စားပြု စနစ် PR စနစ်ကို ကျင့်သုံးနိုင်ရန် နိုင်ငံရေးပါတီများနှင့် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်မည်ဟု သိရသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဆောင်ရွက် သွားမည့် ရှေ့လုပ်ငန်းစဉ် အမှတ် (၁) ဖြစ်သည့် မဲစာရင်း စစ်ဆေးခြင်းများ အပါအဝင် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်တို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်ရာတွင် စစ်ဆေးတွေ့ရှိချက်များအပေါ် မူတည်၍ အရေးယူဆောင်ရွက်လျက်ရှိသည်။ လက်ရှိအချိန်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဖြစ်စဉ်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ဆိုင်ရာ ရွေးကောက်ပွဲစနစ် အပါအဝင် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေဆိုင်ရာ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများဆိုင်ရာတို့ကို အသေးစိတ် လေ့လာဆန်းစစ် လျက်ရှိသဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးဖြစ်ထွန်းရေးကို ရှေးရှုနေသည်ဟု ရှုမြင်သည်။

စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်ရာတွင် လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှု ရှိသည့် တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေးသည် အရေးကြီးသောအချက်ဖြစ်သည်။ ပြည်သူများကို ကိုယ်စားပြုသည့် ရွေးကောက်ပွဲသည် ပြည်သူများအားလုံးအတွက် တရားမျှတမှု ရှိရန်လိုအပ်သည်။ တရားမျှတမှုမရှိသော ရွေးကောက်ပွဲသည် ပြည်သူများအားလုံးကို ကိုယ်စားပြုသော စနစ်မဟုတ်ပေ။ ရွေးကောက်ပွဲအနိုင်ရသည့် အစိုးရသည် ပြည်သူများအားလုံးကို ကိုယ်စားပြုရမည်ဖြစ်၍ ပြည်သူ အားလုံး ကျေနပ်လက်ခံသော တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရမည်။ သန်း ၅၀ ကျော်သော ပြည်သူလူထုဆိုသည်မှာ တစ်မျိုးတစ်စားတည်း မဟုတ်ပေ။ မတူကွဲပြားသောပြည်သူအားလုံးကို ပေါင်းစည်းထားခြင်းဖြစ်သည်ကို သတိချပ်ရ မည်ဖြစ်သည်။

၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေ၊ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ခြင်းမရှိသည့်အပြင် လွတ်လပ်၍ တရားမျှတမှု မရှိသော ရွေးကောက်ပွဲဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်း ခဲ့ပြီးဖြစ်ရာ ပြည်သူများအားလုံးကို ကိုယ်စားပြုသည့်၊ လွတ်လပ်ပြီးတရားမျှတသည့် ဒီမိုကရေစီ စံနှုန်းများနှင့် ညီညွတ်ရေးကို ရှေးရှုကြိုးပမ်းနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ။ ။

No comments:

Post a Comment