နေပြည်တော် စက်တင်ဘာ ၉
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်း (JICA, Two Step Loan) စီမံကိန်းဦးဆောင်ကော်မတီ အစည်းအဝေး (၁၈/၂၀၂၁) ကို ယနေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ကျပ်ဘီလီယံ ၂၀၀ ခန့်ရှိ
အစည်းအဝေးတွင် စီမံကိန်းဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် JICA, Two Step Loan ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့ပြီး စီမံကိန်းတန်ဖိုးကျပ် ဘီလီယံ ၂၀၀ ခန့် ရှိကြောင်း၊ ချေးငွေကို ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလ နှစ် ၃၀ စုစုပေါင်း နှစ် ၄၀ အထိ သုံးစွဲနိုင်ကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းရှိ တောင်သူလယ်သမားများ၏ လယ်ယာကုန်ထုတ်လုပ်ငန်းများ တွင် အဓိကအသုံးပြုသည့် လယ်ယာသုံးစက်ကိရိယာများနှင့် လယ်ယာစီးပွားအခြေခံ စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများအပါအဝင် ရင်းနှီးမြှုပ်နှံဆောင်ရွက် နိုင်ရန် အတိုးနှုန်းသက်သာသည့် ချေးငွေများကို တောင်သူတစ်ဦးချင်းသို့ ကျပ်သိန်း ၅၀၀ ထိ အတိုးနှုန်း ငါးရာခိုင်နှုန်း၊ နှစ်တို သုံးနှစ်၊ နှစ်ရှည် ငါးနှစ် အရစ်ကျပြန်ဆပ်စနစ်ဖြင့် ထုတ်ချေး ပေးလျက်ရှိကြောင်း၊ ဩဂုတ်လကုန်ထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုရှိ မြို့နယ် ၁၈၇ မြို့နယ်တို့မှ တောင်သူ ၅၅၅၆ ဦးသို့ ချေးငွေကျပ် ၂၉ ဒသမ ၁၂၆ ဘီလီယံ ထုတ်ချေးထားပြီးဖြစ်သည်ကို တွေ့ရကြောင်း။
ပထမချေးငွေရယူထားသည့် တောင်သူများက ပြန်ဆပ်သည့်ငွေကို ချေးငွေရယူလိုသည့် အခြား တောင်သူများသို့ စဉ်ဆက်မပြတ်ထုတ်ချေးခြင်းဖြင့် ချေးငွေရရှိသူတောင်သူဦးရေ များပြားလာမည် ဖြစ်ကြောင်း၊ ချေးငွေများပုံမှန်ပြန်လည်ကောက်ခံ ရရှိရန်နှင့် ဆုံးရှုံးမှုမရှိစေရန် ချေးငွေထုတ်ချေးရာ တွင် စနစ်တကျစိစစ်ဆောင်ရွက်ရန်လိုသကဲ့သို့ ချေးငွေသက်တမ်းတစ်လျှောက်လုံး အနီးကပ် စောင့်ကြည့် ကြပ်မတ်ရန်လိုကြောင်း၊ သို့မှသာ ချေးငွေအစီအစဉ် တစ်ရပ်လုံးကို ကောင်းမွန်စွာဖြင့် လည်ပတ်နိုင် စေမည်ဖြစ်ပြီး တောင်သူများ၏ ဝင်ငွေတိုးတက်မှု နှင့်အတူ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကို အထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ရုံးချုပ်နှင့် ဘဏ်ခွဲ အဆင့်ဆင့်တို့မှ တာဝန်ရှိသူများအနေဖြင့် တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် အမြဲမပြတ် ချေးငွေ အကဲဖြတ် သုံးသပ်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်းများ ပြုလုပ်ပြီး စီမံကိန်း အောင်မြင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် ဆွေးနွေး မှာကြားသည်။
ဝိုင်းဝန်းအကြံပြုဆွေးနွေး
ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် တာဝန် ရှိသူများက JICA, Two Step Loan ချေးငွေထုတ်ချေးထားမှု အခြေအနေ၊ ဆက်လက် ထုတ်ချေး နိုင်မည့် အခြေအနေ၊ ချေးငွေပြန်လည်ပေးဆပ်မှု အခြေအနေနှင့် JICA နှင့် ဆက်သွယ် ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြရာ တက်ရောက်သူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။
အဆိုပါ ချေးငွေအစီအစဉ်အရ ဆက်လက် ထုတ်ချေးရာတွင် နိုင်ငံတော်ကဦးစားပေးချမှတ်ထား သည့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာငွေပံ့ပိုးမှု အစီအစဉ် များကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment