Wednesday, August 11, 2021

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်


ဒေါက်တာသန်းနိုင်စိုး

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ သြဂုတ် ၉ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့် ပြသခဲ့သည့် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

 

အစီအစဉ်မှူး။ ။ နိုင်ငံတစ်ဝန်း ကိုဗစ် - ၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး ကျန်းမာရေး  ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးနဲ့ တွေ့ဆုံ မေးမြန်းသွားမှာ ဖြစ်ပါတယ်။

မကူးစက်နိုင်သောရောဂါခံစားနေရတဲ့ သူတွေအနေနဲ့ ကိုဗစ်ကာလမှာ အိမ်မှာ ကျန်းမာအောင် ဘယ်လိုနေထိုင်သင့်သလဲ။ ကိုဗစ်ရောဂါပိုး မကူးစက်နိုင်အောင် ဘယ်လိုအချက်တွေကို လိုက်နာ ဆောင်ရွက် သင့်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

ဒေါက်တာသန်းနိုင်စိုး။ ။ ဒီနေ့ တင်ပြဆွေးနွေးသွားမယ့် အကြောင်းအရာက မကူးစက်နိုင်သော ရောဂါတွေရှိတဲ့သူတွေအနေနဲ့ ကိုဗစ် -၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလမှာ ဘယ်လိုနေထိုင် စားသောက်သင့်သလဲ၊ ရောဂါပိုးမကူးစက်အောင် ဘယ်လိုတွေနေထိုင်ရမလဲဆိုတဲ့ အကြံပြုချက် တွေကို တင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဩဂုတ်လ ၈ရက်အထိ ရရှိတဲ့  ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ဖြစ်ပွားသူပေါင်း ၃၂၂၂၃၈ ဦးရှိပြီး ကိုဗစ်ရောဂါကြောင့် သေဆုံးသူအနေနဲ့ ၁၁၂၆၂ ဦးရှိပါတယ်။  သေဆုံးမှုနှုန်းအနေနဲ့ ၃ ဒသမ ၄၉ ရာခိုင်နှုန်းလောက်ရှိပါတယ်။ သေဆုံးတဲ့သူတွေကို ပြန်ကြည့်တဲ့အခါ ၉၀ ရာခိုင်နှုန်းအထက်သေဆုံးသူတွေက မကူးစက်နိုင်သော ရောဂါတစ်ခုခု အခံရှိတဲ့သူတွေ နဲ့အသက်၆၅နှစ်အထက်အသက်အရွယ်ကြီးရင့်တဲ့ သူတွေမှာ အများဆုံးသေဆုံး ရတာကို တွေ့ရှိရပါတယ်။

ဒါကြောင့် ကမ္ဘာပေါ်မှာ ကျန်းမာရေး ပညာရှင်တွေအနေနဲ့ ပြောကြားနေကြတာကလည်း ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားတဲ့ကာလနဲ့ တစ်ဖက်က မကူးစက်တတ်သောရောဂါတွေ ဖြစ်ပွားတဲ့ကာလ နဲ့လည်း တိုက်ဆိုင်နေတယ်ဆိုပြီး ဖြစ်ပါတယ်။

 

၂၁ ရာစုရဲ့ လူနေမှုစနစ်ပုံစံအရလည်း  နေထိုင်စားသောက်မှု ပုံစံသစ်တွေကြောင့် မကူး စက်တတ်သော ရောဂါတွေ ဖြစ်ပွားမှုကလည်း များနေပါတယ်။ ယခင် နေထိုင်တဲ့ပုံစံက ကျေးလက်မှာ နေထိုင်ကြတာများတယ်။ နေ့စဉ် လှုပ်ရှားမှုတွေရှိတယ်။ အစားအသောက်ဆိုရင် သဘာဝ အစားအသောက်တွေကို စားသောက် ရတယ်။ ဒီအခါမှာ အာဟာရနဲ့ လှုပ်ရှားမှုနဲ့က မျှတပြီး ကျန်းမာအသက်ရှည်ကြပါတယ်။

 

၂၁ ရာစုနေထိုင်မှုပုံစံကိုရောက်ရှိလာတဲ့အခါ လူတွေက မြို့ပြကြီးတွေမှာ စုစည်းနေထိုင် ရတယ်။ အစားအသောက်ဆိုရင်လည်း အရသာ ရှိအောင် သကြားတွေ၊ ဆီတွေ၊ ဆားတွေ၊ ဟင်းချိုမှုန့် တွေ အများကြီးပါဝင်တဲ့ အသင့်စား အစား အသောက်တွေကို စားသောက်ရတယ်။ ကိုယ်လက် လှုပ်ရှားမှုတွေလည်း နည်းပါးသွားပါတယ်။ ဒီလိုအခြေအနေမျိုးတွေကြောင့် တစ်ဖက်က မကူး စက်တတ်သော ရောဂါတွေ ဖြစ်ပွားလာမှုက အရှိန်  အဟုန်နဲ့တက်နေတဲ့အချိန် ကိုဗစ် - ၁၉ ကူးစက်ကပ်ရောဂါက ဖြစ်ပွားလာပါတယ်။ ဒါကို ဘယ်လို သတ်မှတ်ကြလဲဆိုတော့ ဒီကပ်ရောဂါ နှစ်ခုက အမြွှာညီအစ်ကိုလိုပုံစံမျိုး (Twin Pandemic Pattem) နဲ့ တစ်ပြိုင်နက်တည်း လာဖြစ်နေတယ်။ ဒါက ၂၁ ရာစု လူသားတွေ ရင်ဆိုင်နေရတဲ့ ကျန်းမာရေး ပြဿနာဖြစ်ပါတယ်။ ဒီလိုမျိုးကပ်ရောဂါ နှစ်ခု လာဆုံတဲ့အခါ ခုနကပြောသလို ကူးစက်ရောဂါ ဖြစ်ပွားမှုအပေါ်မှာ ထပ်ပိုးပြီး မကူးစက်ရောဂါအခံတွေကြောင့် သေဆုံးမှုတွေကိုပါ တိုးစေပြီး ရင်ဆိုင်နေရတဲ့ အနေအထား ဖြစ်ပါတယ်။

 

စစ်တမ်းတစ်ခုလုပ်ခဲ့

 

မကူးစက်တတ်သော ရောဂါတွေဖြစ်တဲ့ ဆီးချို၊ သွေးတိုး၊ နှလုံးတို့ ဒါတွေက ကျွန်တော်တို့ နိုင်ငံမှာလည်း ဖြစ်ပွားနေတာရှိပါတယ်။ ဒီလိုဖြစ်ပွားတဲ့အကြောင်းရင်းကို ပြန်ကြည့်တဲ့အခါ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ပူးပေါင်းပြီး မကူးစက်တတ်သော ရောဂါတွေ ဖြစ်ပွားရတဲ့အကြောင်းရင်းတွေနဲ့ ပတ်သက်လို့ The National Survey of Diabetes and Risk Factors for Non-communicable Diseases in Myanmar ဆိုတဲ့ စစ်တမ်းတစ်ခုလုပ်ခဲ့ ပါတယ်။ ဒီလို စစ်တမ်းလုပ်တဲ့အခါမှာ မြန်မာနိုင်ငံမှာရှိတဲ့ မြို့ပေါင်း ၅၂ မြို့က လူဦးရေ ၈၇၅၇ ဦးကို မေးခွန်းတွေ မေးမြန်းခဲ့ပါတယ်။ သွေးတွေဖောက်ပြီး စစ်တမ်း ကောက်ခဲ့တယ်။ အသက် ၂၅ နှစ်ကနေ ၆၄ နှစ် အသက်အပိုင်း အခြားအတွင်းမှာရှိတဲ့ လူဦးရေ ၈၇၅၇ ဦးကို စစ်တမ်းကောက်ခဲ့တဲ့ အချက်အလက်တွေကို တင်ပြချင်ပါတယ်။

 

ဒီစစ်တမ်းထဲမှာ ဘာတွေ့ရလဲဆိုတော့ လူဦးရေ ၈၇၅၇ ဦးထဲမှာ ဆေးလိပ်သောက်တဲ့နှုန်းက အသက် ၂၅ နှစ်ကနေ ၆၄ နှစ် အသက်အပိုင်းအခြားအတွင်း ၂၆ ဒသမ ၁ ရာခိုင်နှုန်းရှိနေတာ တွေ့ရပါတယ်။  အမျိုးသားက ၄၃ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး အမျိုးသား ၁၀၀ မှာ ၄၀ လောက်က ဆေးလိပ်သောက်တာကို တွေ့ရပါတယ်။ တစ်ဝက်နီးနီးလောက်က ဆေးလိပ်သောက်တယ် ဆိုတဲ့ သဘောမျိုးတွေ့ရပါတယ်။  အမျိုးသမီးတွေထဲမှာ ဆေးလိပ်သောက်တဲ့နှုန်းက ၈ ဒသမ ၄ ရာခိုင်နှုန်း ဖြစ်တဲ့အတွက် လူ ၁၀၀ မှာ ၈ ယောက်က သောက်တဲ့သဘောတွေ့ရှိရပါတယ်။ ဒါကအမျိုးသားတွေမှာ ဆေးလိပ်သောက်သုံးမှုနဲ့ ပတ်သက်ပြီး အလွန်စိုးရိမ်စရာကောင်းတဲ့ အနေ  အထားဖြစ်ပါတယ်။ ဒါကလည်း မကူးစက် တတ်သော ရောဂါတွေ ဖြစ်ပွားစေတဲ့ အကြောင်းရင်း တစ်ခုဖြစ်ပါတယ်။ အခုလို ကိုဗစ်ကာလဆို ပိုပြီး အရေးကြီးပါတယ်။ နဂိုက ဆေးလိပ်သောက်လို့ အဆုတ်ကမကောင်းတဲ့အချိန်မှာ ကိုဗစ် - ၁၉ ရောဂါ ထပ်မံဖြစ်ပွားခဲ့ရင် ရောဂါကို နှစ်ထပ်ကွမ်း ခံစားရတဲ့  အခါ လူနာတွေအနေနဲ့ တော်တော်ကြီးကို ပြင်းပြင်း ထန်ထန်ခံစားရတဲ့ သဘောရှိပါတယ်။

 

နောက်တစ်ခုက လူဦးရေ ၈၇၅၇ ဦးထဲမှာ မီးခိုးမထွက်တဲ့ ဆေးရွက်ကြီးဖြစ်တဲ့ ကွမ်းယာ စားသုံးမှု နှုန်းက ၄၃ ဒသမ ၂ ရာခိုင်နှုန်းရှိပါတယ်။ ဒီအထဲမှာ  အမျိုးသားက ၆၂ ဒသမ ၂ ရာခိုင်နှုန်းနဲ့ အမျိုးသမီးက ၂၄ ဒသမ ၁ ရာခိုင်နှုန်းရှိပါတယ်။ အမျိုးသား၊ အမျိုးသမီး ကွမ်းယာစားသုံးမှုနှုန်းကို ပေါင်းလိုက်ရင် ၄၃  ဒသမ ၂ ရာခိုင်နှုန်း ဖြစ်သွားတယ်။ အမျိုးသား ၁၀၀ မှာ ၆၂ ယောက်ခန့်က ဆေးရွက်ကြီးပါတဲ့ ကွမ်းယာစားသုံးတဲ့သဘောပါ။ အမျိုးသား တစ်ဝက်ခန့်ဖြစ်တဲ့  ၄၄ ဒသမ ၅ ရာခိုင်နှုန်းကလည်း နေ့စဉ်ဆေးရွက်ကြီး ပါတဲ့ကွမ်းယာ စားသုံးတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်သုံးမှုနဲ့ ကွမ်းစားသုံးမှုမှတစ်ဆင့် ကင်ဆာရောဂါ ပေါင်းစုံအပါအဝင် မကူးစက်တတ်သော ရောဂါမျိုးစုံဖြစ်စေတဲ့ ဆေးရွက်ကြီး သုံးစွဲမှု ကလည်း ကျွန်တော်တို့မှာ အတော်များနေတာ တွေ့ရှိရပါတယ်။

 

တစ်ဆင့်ခံ ဆေးလိပ်ငွေ့

 

ဆေးလိပ်သောက်သုံးမှုအပြင် ထပ်ဆင့်တွေ့ ရှိရတာကတစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်ရတာရှိပါ တယ်။ ဒီလိုတစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်ရတဲ့ သူက ပိုပြီး အန္တရာယ်များတာကို တွေ့ရပါ တယ်။ စီးကရက် သောက်သုံးသူတစ်ဦးဖြစ်ဖြစ်၊ ဆေးပေါ့လိပ် သောက်သုံးသူတစ်ဦးဖြစ်ဖြစ် သူတို့မှာ ဆေးလိပ်ရဲ့ အစီခံဆိုတာရှိပါတယ်။ ဒီဆေးလိပ် အစီခံထဲကို ဆေးလိပ်အငွေ့က ဖြတ်ပြီးလာရတဲ့အခါ ဆေးလိပ်သောက်သူထံ ဆေးလိပ်ထဲမှာ ပါဝင်တဲ့ အန္တရာယ်ရှိတဲ့ ကတ္တရာ လိုဟာမျိုးတွေက ဆေးလိပ်အစီခံထဲ ကျန်ခဲ့ပါတယ်။ ဒါပေမယ့် ဘေးပတ်ဝန်းကျင်က ဆေးလိပ်ငွေ့ ရှူရသူအနေနဲ့ ဆေးလိပ် အစီခံမရှိဘဲ ဒီအတိုင်း ဆေးလိပ်ငွေ့ကို အနားမှာရှိတဲ့ ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အို အမျိုးသမီးတွေက တိုက်ရိုက် ရှူရတဲ့အခါ ဒီလိုတစ်ဆင့်ခံ ဆေးလိပ် ငွေ့ရှူသူတွေက ဆေးလိပ်တိုက်ရိုက်သောက်တဲ့ သူတွေထက်ပိုပြီး အန္တရာယ်များပါတယ်။ ဒါကြောင့် တစ်ဆင့်ခံ ဆေးလိပ်ငွေ့က အလွန် ကြောက်စရာ ကောင်းပါတယ်။ ဒီလိုတစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို တစ်လအတွင်း အိမ်တွင်းမှာ ရှူမိတဲ့သူက ၃၉ ဒသမ ၁ ရာခိုင်နှုန်းရှိပါတယ်။ ခုနက လူဦးရေ ၈၇၅၇ ဦးထဲမှာ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို အိမ်တွင်းရှူမိတဲ့သူက ၄၀ ရာခိုင်နှုန်းနီးပါး ရှိပါ တယ်။ ဒါကလူ၁၀ယောက်မှာ ၄ ယောက်ဆိုတဲ့ အတွက်များပါတယ်။ အိမ်မှာနေရင်း ဆေးလိပ်သောက်သုံးသူလည်း တော်တော် များတဲ့ သဘော ပါ။ဒါကလည်း မကူးစက်တတ်သော ရောဂါတွေ ဖြစ်ပွားမှုများစေတဲ့အကြောင်း တစ်ခုဖြစ်ပါတယ်။

 

နောက်တစ်ခုက အရက်သောက်သုံးမှု ဖြစ်ပါ တယ်။ လူဦးရေ၈၇၅၇ ဦးထဲမှာ စစ်တမ်းကောက်  တဲ့အချိန် မတိုင်မီ ရက် ၃၀ အတွင်းမှာ အရက်သောက်သုံးသူက ၁၉ ဒသမ ၈ ရာခိုင်နှုန်းရှိတဲ့ အတွက် ၂၀ ရာခိုင်နှုန်းနီးပါးရှိပါတယ်။ ဒီအထဲမှာ  အမျိုးသားတွေက ၃၈ ဒသမ ၁ ရာခိုင်နှုန်း ရှိပြီး အမျိုးသမီးက ၁ ဒသမ ၅ ရာခိုင်နှုန်းရှိတယ်။ ဒီလို  အရက်သောက်သုံးသူတွေထဲမှာ တစ်နှစ်အတွင်း  နေ့စဉ် အရက်သောက်သုံးဖြစ်တဲ့သူ ၂၃ ဒသမ ၉  ရာခိုင်နှုန်းရှိတဲ့အတွက် အရက်သောက်တဲ့သူ ၄ ယောက်မှာ တစ်ယောက်က နေ့တိုင်းအရက် သောက်သူတွေ ဖြစ်နေပါတယ်။ ဒီလိုနေ့တိုင်းသောက်ဖြစ်တယ်ဆိုတာက အရက်ကို စွဲလမ်းနေတဲ့ သဘော ရှိပါတယ်။ ဒီလူတွေကလည်း နောက်ပိုင်းမှာ အရက်ကြောင့်ဖြစ်လာတဲ့ အသည်းရောဂါ၊ သွေးတိုး ရောဂါ၊ ကင်ဆာရောဂါအပါအဝင် နောက်ဆက်တွဲရောဂါတွေ မျိုးစုံခံစားရနိုင်ပါတယ်။

 

လူဦးရေ ၈၇၅၇ ဦးထဲမှာ အသီးအရွက်စား သုံးမှုအနေနဲ့ကလည်း အတော်နည်းတာ တွေ့ရ ပါတယ်။ စားသင့်တဲ့ အသီးအရွက် စားသုံးမှုနှုန်းကို မပြည့်မီတဲ့သူက ၈၆ ဒသမ ၆ ရာခိုင်နှုန်း ဖြစ်တဲ့အတွက် လူ၁၀၀မှာ ၈၆ ယောက်က အသီးအရွက်ကို စားသင့်တဲ့ပမာဏ စားသုံးမှု နည်းနေတာကိုတွေ့ရပါတယ်။ စားတော့စားတယ်။ ဒါပေမယ့် အသီးအရွက်ကို စားသင့်စားထိုက် တဲ့ ပမာဏမစားဘူးလို့ ဆိုလိုတာပါ။ အသီးအရွက် ပုံမှန်စားသုံးခြင်းကို ပြန်ကြည့်ရင် အမျိုးသမီးနဲ့ အမျိုးသားမှာ အမျိုးသမီးက နည်းနည်းပိုစားတယ်။ အမျိုးသားတွေက အသီး အရွက်ကို သိပ်မစားချင် ဘူးဆိုတဲ့သဘောမျိုး တွေ့ရပါတယ်။ အသီးအရွက် ပုံမှန်စားသုံးမှု နည်းတာက တစ်ဖက်ကမကူးစက် တတ်သောရောဂါတွေ ဖြစ်ပွားမှုကို အားပေးပါတယ်။

 

မပြည့်မီတာကိုတွေ့ရ

 

ကိုယ်လက်လှုပ်ရှားမှုအနေနဲ့ လူဦးရေ ၈၀၀၀ ကျော်လောက်မှာ ၁၅ ဒသမ ၇ ရာခိုင်နှုန်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က သတ်မှတ်ထားတဲ့ ကိုယ်လက်လှုပ်ရှားသင့်တဲ့ ပမာဏ တစ်ပတ်မှာ မိနစ် ၁၅၀ ပတ်ဝန်းကျင်လောက်ကို ခပ်သွက်သွက် လမ်းလျှောက်တာ ဖြစ်ဖြစ်၊ အလုပ်ကို ကိုယ်လက် လှုပ်ရှားမှုလို ပြင်းပြင်းထန်ထန် လုပ်တာဖြစ်ဖြစ် စသဖြင့် ပေါင်းလိုက်ရင် မပြည့်မီ တာကို တွေ့ရပါတယ်။

 

အဝလွန်တဲ့သူတွေလည်း များတာတွေ့ရ တယ်။ Body Mass Index - BMI က ၂၅ ထက် များရင် စပြီးဝလာပြီလို့ ပြောလို့ရပါတယ်။ အ လွန်တဲ့သူ အမျိုးသားမှာ ၁၄ ဒသမ ၁ ရာခိုင်နှုန်း ရှိတယ်။ အမျိုးသမီးမှာ ၃၀ ဒသမ ၈ ရာခိုင်နှုန်း ရှိတယ်။ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ အမျိုးသမီးတွေက အိမ်ထောင်ပြုပြီးသွားရင် သူများအတွက် ချက်ပြုတ်ပြင်ဆင်ပေးရင်း ကိုယ်လည်းစားရင်း ပိုပြီးဝလာတာကို တွေ့ရတယ်။ သွေးပေါင်ချိန် ကြည့်လိုက်တဲ့အခါ သွေးတိုးတယ်လို့ ပြောလို့ရတဲ့ ပမာဏအပေါ် သွေး ၁၄၀ နဲ့ အောက်သွေး ၉၀ ထက်ပိုပြီး တက်နေတာက ၂၆ ဒသမ၄ ရာခိုင် နှုန်းရှိပါတယ်။ ထူးဆန်းတာက အမျိုးသားတွေက ၂၄ ဒသမ ၇ ရာခိုင်နှုန်းနဲ့ အမျိုးသမီးက ၂၈ရာခိုင်နှုန်းရှိပါတယ်။ အမျိုးသမီးတွေက ဝလည်းပိုဝတယ်။ သွေးလည်း တိုးနေတယ်ဆိုတဲ့ သဘောဖြစ်တယ်။

 

နောက်ပြီး သွေးထဲမှာရှိတဲ့ သကြားဓာတ်၊ သွေးချို့ကို တိုင်းကြည့်တဲ့အခါ သွေးချိုတက်တဲ့ ပမာဏ ၅ ဒသမ ၉ ရာခိုင်နှုန်းရှိတယ်။ အမျိုးသားတွေက ၄ ဒသမ ၇ ရာခိုင်နှုန်းနဲ့ အမျိုးသမီး တွေက ၇ ရာခိုင်နှုန်းရှိတယ်။ ဒီအထဲမှာမှ အစာစားပြီး ပြန်တိုင်းကြည့်လိုက်တဲ့အခါ ဆီးချို ဖြစ်နိုင်တဲ့ ပမာဏရှိနေတဲ့ လူတွေက၁၀ ဒသမ ၅ ရာခိုင်နှုန်း ရှိတယ်ဆိုတော့လူ ၁၀ ယောက်မှာ တစ်ယောက် ရှိနေတာကို တွေ့ရပါတယ်။

 

သွေးတွင်းအဆီဓာတ် ကိုလက်စထရော တိုင်းကြည့်လိုက်တဲ့အခါမှာလည်း သွေးတွင်း အဆီဓာတ်တွေ များနေတဲ့သူက ၃၆ ဒသမ ၇ ရာခိုင်နှုန်းလောက်ရှိနေပြီး ဒီအထဲမှာပြန်ကြည့်ရင် အမျိုးသားက၃၀ ဒသမ၇ ရာခိုင်နှုန်း၊ အမျိုးသမီးက ၄၂ ဒသမ ၅ ရာခိုင်နှုန်းဆိုတော့ အမျိုးသမီး တွေမှာ သွေးတွင်းအဆီဓာတ် ပိုတဲ့သူတွေများနေတာကို တွေ့ရပါတယ်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ၁၀ နှစ်ကြာရင် နှလုံးနဲ့သွေးကြောရောဂါတွေ ဘယ်လောက်ဖြစ် နိုင်တယ်ဆိုတာကို တွက်ချက်တဲ့ ဖော်မြူလာ {10year Risk and Combined NCD Risk Factor) ရှိပါတယ်။ ဒါနဲ့ အသက် ၄၀ နဲ့ ၆၄ နှစ်ကြားကို တွက်ကြည့်လိုက်တဲ့အခါ ၁၂ ဒသမ ၁ ရာခိုင်နှုန်းက နှလုံးနဲ့သွေးကြောရောဂါ တစ်ခုလောက်ရှိနေခြင်း (သို့မဟုတ်) လာမည့် ၁၀ နှစ်အတွင်း နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်နိုင်တဲ့ ရာခိုင်နှုန်းက ၃၀ ရာခိုင်နှုန်းအထက် ရှိပါတယ်။ တစ်နည်းအားဖြင့် လာမည့်၁၀နှစ်အတွင်း နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်နိုင်ခြေ မြင့်မားတဲ့ အုပ်စုထဲမှာပါတယ်လို့ ဆိုလိုပါတယ်။ ဒီအထဲမှာ အမျိုးသားက ၉ ရာခိုင်နှုန်းနဲ့ အမျိုးသမီးက ၁၆ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးတွေက ပိုများနေပါတယ်။

 

ဒီစစ်တမ်းကနေ လေ့လာခဲ့တဲ့ အသက် ၂၅ နှစ်ကနေ ၆၄ နှစ်အတွင်းရှိ လူဦးရေ ၈၇၅၇ ဦးမှာ ဆေးလိပ်သောက်တာ၊ ဝနေတာ၊ သွေးတိုးတာ၊ သွေးချိုတက်တာ၊ အသီးအရွက်စားတာ နည်းတာ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတာ စသဖြင့် မကူးစက် တတ်သောရောဂါ တစ်ခုခု ဖြစ်နိုင်တဲ့အကြောင်းအရာ (Risk Factor) အနည်းဆုံး တစ်ခုရှိနေတာက ၉၄ ရာခိုင်နှုန်းအထိ ရှိတာကို တွေ့ရပါတယ်။

 

ဒီလိုမျိုး မကူးစက်တတ်သောရောဂါ ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေ သုံးခုကနေ ငါးခုအထိရှိသော လူက အသက်၂၅ နှစ်နှင့် ၄၄ နှစ် အုပ်စုမှာ ၁၄ ဒသမ ၆ ရာခိုင်နှုန်းရှိတယ်။ အသက် ၄၅ နှစ်ကနေ ၆၄ နှစ်အတွင်း ၂၇ ဒသမ ၅ ရာခိုင်နှုန်းအထိ တက်လာတာကိုတွေ့ရပါတယ်။ အသက် ၄၅ နှစ်အထက် ဆိုရင် မကူးစက်တတ်သောရောဂါ ဖြစ်ပွားဖို့အတွက် အကြောင်းရင်း သုံးခုကနေငါးခုအထိ ဖြစ်နေတဲ့သူက သုံးပုံတစ်ပုံလောက်ဖြစ်နေတဲ့သဘောပါ။ မကူးစက် တတ်သော ရောဂါတွေကို တဖြည်းဖြည်းနဲ့ ခံစား လာနေရတဲ့သူတွေ များလာနိုင်တဲ့ သဘောဖြစ် ပါတယ်။ ကမ္ဘာပေါ်မှာလည်း ဖွံ့ဖြိုးဆဲနိုင်ငံ အများစုမှာ ဒီအတိုင်းပဲဖြစ်နေပါတယ်။

 

စိုးရိမ်စရာကောင်းတဲ့အနေအထား

 

ဒီလိုမကူးစက်တတ်သော ရောဂါတွေခံစားနေ  ရတဲ့အချိန်နဲ့ တစ်ဖက်က ကိုဗစ် -၁၉ ရောဂါ ဝင်လာတဲ့အခါ ဒီနှစ်ခုပေါင်းတဲ့ဝေဒနာကို ခံစားရပါတယ်။ ဒီစစ်တမ်းက ပြီးခဲ့တဲ့ ၇ နှစ်လောက် က ပြုလုပ်ထားတဲ့ စစ်တမ်းဖြစ်ပါတယ်။ ဒီအချိန်မှာ ဒီထက်များလာ စရာပဲရှိတယ်။ ဒီအနေအထားကနေ ဒီလို ကိုဗစ် -၁၉ ဖြစ်ပွားလာတဲ့အခါ ရောဂါပြင်းထန်စွာဖြစ်ပွားနိုင်မှုက အတော်စိုးရိမ်စရာကောင်းတဲ့အနေအထားကို ရောက်လာပါတယ်။ နိုင်ငံတော်အကြီးအကဲရဲ့ မိန့်ခွန်းထဲမှာလည်းပါပါတယ်။ တတိယလှိုင်းမှာ ဝင်လာတဲ့ဗိုင်းရပ်စ်က “ဒယ်လ်တာ” ဗိုင်းရပ်စ် မျိုး ကွဲဖြစ်တယ်။ သူ့ရဲ့ ကူးစက်မှုကလည်း မူလဗိုင်းရပ်စ် ထက်စာရင် အနည်းဆုံး ၂ ဆကနေ ၃ ဆအထိပိုမြန်တယ်။ ဆပွားတိုးပြီး ကူးစက်မှုတွေ ဆက်တိုက် ရှိတဲ့အခါ ကူးစက်မှုနှုန်းတွေက မြင့်မားနေတဲ့ အနေအထားဖြစ်ပါတယ်။

 

လူငယ်လူရွယ်တွေ၊ ရောဂါအခံမရှိသူတွေ အနေနဲ့ ပြန်ကောင်းလာနိုင်တဲ့ရာခိုင်နှုန်း မြင့်မားပေ မယ့် မကူးစက်တတ်သော ရောဂါအခံရှိတဲ့လူတွေ၊ အသက်အရွယ်ကြီးရင့်သူတွေကို ကိုဗစ်ရောဂါ  ကူးစက်ရင် အလွန်စိုးရိမ်ရပါတယ်။ ပထမလှိုင်း၊ ဒုတိယလှိုင်းနဲ့ တတိယလှိုင်း ဖြစ်ပွားနေတဲ့ အချိန်မှာ  ရောဂါပိုးတွေ့ရင် ဆေးရုံ (သို့မဟုတ်) ကုသရေး စင်တာမှာ ခုတင်နေရာမရှိလို့ စောင့်နေရတဲ့အချိန် ပိုးတွေ့တဲ့သူတွေကို အိမ်မှာထားဖို့ ကျွန်တော်တို့အနေနဲ့ တစ်ခါမှ မထောက်ခံခဲ့ပါဘူး။ ဘာဖြစ်လို့လဲ  ဆိုတော့ ဒီလိုပိုးတွေ့တဲ့သူတွေကို အိမ်မှာထားရင်းနဲ့ အိမ်မှာ မကူးစက်တတ်သော ရောဂါအခံရှိတဲ့ သက်ကြီးရွယ်အိုတွေကို ဆက်ပြီးကူးစက်ရင် သေဆုံးမှုနှုန်း မြင့်မှာ စိုးရိမ်တဲ့အတွက်ဖြစ်ပါတယ်။ ဒါပေမယ့် ရောဂါဖြစ်ပွားသူ အလွန်များပြားတဲ့အခါ အခြေအနေအရ ဒီလိုအိမ်မှာထားခဲ့ရတာတွေ ရှိတယ်လို့ သိရပါတယ်။

 

ကူးစက်မှုနှုန်းမြန်

 

ယခင်နဂိုမူလဗိုင်းရပ်စ်က ၄ ရက်ကနေ ၅ ရက်  အတွင်းမှာ ၂ ယောက်ကနေ ၃ယောက်ကူးတယ် ဆိုပေမယ့် ယခုဗိုင်းရပ်စ်မျိုးကွဲက ၄ ရက်ကနေ ၅ ရက်အတွင်းမှာ ၅ ယောက်ကနေ ၈ ယောက် ကူးပါတယ်။ နောက်ပိုင်းထွက်လာတဲ့စာတမ်းတွေအရ ၉ ဒသမ ၅ ယောက်ဆိုတဲ့အတွက် ၁၀ ယောက်နီးပါး ကူးစက်သလောက် ဖြစ်လာနေပါပြီ။ ကူးစက်မှုနှုန်း မြန်တဲ့အခါ ပိုးတွေ့သူတွေက အိမ်မှာနေရင် အသက် အရွယ်ကြီးရင့်သူ၊ အသက် ၄၅ နှစ်အထက်ဆိုရင် မကူးစက်တတ်သော ရောဂါ ဖြစ်ပွားနိုင်တဲ့ အကြောင်းအရင်း တစ်ခုခုရှိနေတဲ့သူတွေကို ဆက်တိုက်ကူးစက်သွားရင် သူတို့အတွက် စိုးရိမ်စရာ ကောင်းပါတယ်။

 

ဒါကြောင့် ပိုးတွေ့သူတွေ အိမ်မှာနေတာကို တတ်နိုင်သလောက် အားမပေးသင့်ပါဘူး။ ပြည်သူ လူထုအခြေပြု ကိုဗစ်-၁၉ ပိုးတွေ့ ရှိတဲ့သူတွေထားတဲ့ စင်တာတွေမှာ နေသင့်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ရောဂါပိုးတွေ့ရှိတဲ့အတည်ပြုလူနာတွေက ဒေသန္တရ ကျန်းမာရေးဌာန တွေကို ဆက်သွယ်ပါ။ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးတွေကို ဆက်သွယ်ပါ။ စောစောစီးစီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်နဲ့ရအောင် ဆက်သွယ်ချိတ်ဆက်ကြပါလို့ တိုက်တွန်းပြောကြား လိုပါတယ်။ ပိုးတွေ့ထားသူတွေ ကိုဗစ် ကုသရေးစင်တာတွေကို ရောက်သွားမှ အိမ်မှာရှိတဲ့ သူတွေကို ကူးတာသက်သာမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကူးစက်မြန်ဒယ်လ်တာမျိုးကွဲမှာ ပိုပြီးအရေးကြီးပါတယ်။

 

အိမ်မှာရှိတဲ့ အသက်အရွယ်ကြီးရင့်သူ၊ ရောဂါ အခံရှိသူတွေအနေနဲ့ ဘယ်လိုနေထိုင်သင့်သလဲ ဆိုရင် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂ ရက် နေ့စွဲနဲ့ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူသို့ပန်ကြားချက် ဆိုပြီး ထုတ်ပြန်ထားပါတယ်။ နံပါတ် (၁) က အိမ်မှာ နေထိုင်ဖို့၊ နံပါတ် (၂) က ဧည့်သည် လက်မခံဖို့၊ ကိုယ်တိုင်လည်း ဧည့်သည်အဖြစ် လျှောက်မလည်ဖို့၊ အထူးပြောကြားလိုတဲ့အချက် က နံပါတ် (၃) ပါ။ ဒါက အိမ်မှာ အသက် ၆၅ နှစ်အထက် အသက်အရွယ်ကြီးရင့်သူ သို့မဟုတ် ဆီးချို၊ နှလုံး၊ သွေးတိုးစတဲ့ နာတာရှည်ရောဂါ တစ်ခုခုရှိတဲ့သူတွေက မိမိအိမ်မှာနေတဲ့အခါမှာ လည်း ပါးစပ်နဲ့ နှာခေါင်းစည်းတပ်ပြီး နေသင့်တယ် ဆိုတဲ့အချက်ပါ။ ဒါကို ကျန်းမာရေး ဝန်ကြီးဌာနက တရားဝင်ထုတ်ပြန် အသိပေးထားပါတယ်။

 

ဘာဖြစ်လို့လဲဆိုတော့ အပြင်ထွက်တဲ့သူလည်း ကိုယ့်အိမ်မှာရှိမှာပါ။ ဘယ်သူ့မှာ ပိုးပါလာမှန်း မသိနိုင်ဘူး။ ပိုးတွေ့တယ်။ Positive ဖြစ်ပြီဆိုတာလည်း စစ်ကြည့်မှ သိနိုင်တဲ့ အနေအထားမှာ ဒီလိုအိမ်ကို ပိုးသယ်လာတဲ့ သူတွေကနေတစ်ဆင့် ကူးစက်လိုက်ရင် အိမ်မှာရှိတဲ့ စောစောက ပြောခဲ့သူတွေအနေနဲ့ အန္တရာယ်ရှိနိုင်တဲ့အတွက် အပြင်ထွက်တဲ့သူ ရှိတဲ့ အိမ်ဆိုရင် ဖြစ်နိုင်ရင် မကူးစက်တတ်တဲ့ရောဂါ အခံရှိသူတွေ၊ အသက်အရွယ်ကြီးရင့်သူတွေက Mask ကို အိမ်မှာ တပ်ထားသင့်ပါတယ်။ နှာခေါင်း၊ ပါးစပ်တွေကနေ ဗိုင်းရပ်စ်ပိုး အများဆုံးဝင်တဲ့ ဝင်ပေါက် ဖြစ်နေတဲ့အတွက် ဖြစ်ပါတယ်။ နှာခေါင်းက လေကိုရှူသွင်းနေရတယ်။ လေရှူသွင်း လိုက်တိုင်း အန္တရာယ်က ရှိနေတဲ့အတွက် နှာခေါင်း၊ ပါးစပ်တွေကို ပိုပြီးကာကွယ်ပေးဖို့ လိုပါတယ်။ နောက်တစ်ခုက လေဝင်လေထွက် ကောင်းတဲ့နေရာဖြစ်နေရင် ဗိုင်းရပ်စ်ကရှိနေရင် တောင်မှ လေနဲ့ပါသွားတယ်။ ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာနက အိမ်မှာနေရင်လည်း Mask ကိုတပ်ထားပါ။ လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ နေပါလို့ အကြံပြုထားပါတယ်။

 

မကူးစက်တတ်သော ရောဂါတွေ ဖြစ်ပွား တာကို နောက်ဆက်တွဲ ဆိုးကျိုးတွေဝင်မလာခင် စောစောသိရှိပြီး ဆေးကုနိုင်ဖို့ ပုံမှန်ကျန်းမာရေး စစ်ဆေးမှုခံယူဖို့၊ သွေးပေါင်မှန်မှန်ချိန်ဖို့၊ သွေးထဲမှာ သကြားဓာတ် ဘယ်လောက်ရှိသလဲ ဆိုတာကို အသက် ၄၀ ကျော်လာတဲ့အခါ ပုံမှန် စစ်ဖို့လိုပါတယ်။ ရောဂါဖြစ်နေတာကို စောစော စီးစီးကုသရင် နောက်ဆက်တွဲ ပြင်းပြင်း ထန်ထန် ဖြစ်ပွားတာ၊ မကြာခဏ ဆေးရုံတက် ကုသနေရ တာတွေ လျော့ကျမှာဖြစ်ပါတယ်။

 

နောက်ဆက်တွဲ ရောဂါတွေကို ပိုပြီးဆိုးစေ

 

မကူးစက်တတ်သောရောဂါ ဖြစ်ပွားတဲ့သူ တွေအများစုက ရောဂါလက္ခဏာတစ်ခုခုပြလာရင် ဆရာဝန်ဆီကိုသွား၊ ဆရာဝန်ပေးတဲ့ဆေးကိုသောက်၊ ကောင်းသွားရင်ဆက်ပြီးမသွားတော့ဘူး။ ဒီလိုလုပ်တာဟာ မကူးစက်တတ်သောရောဂါရဲ့ နောက်ဆက်တွဲရောဂါတွေကို ပိုပြီးဆိုးစေတဲ့ အပြင် နောက်ပိုင်းမှာ ရောဂါရင့်လာတာနဲ့အမျှ ဆေးကုသမှု စရိတ်တွေက ပိုပြီးတက်လာ ပါတယ်။ ပုံမှန် စမ်းသပ်ရောဂါရှာဖွေတာနဲ့ မရတော့ဘူး။ ရောဂါ နာမည် ရှာဖွေရာမှာတောင် ကုန်ကျစရိတ် များလာပါတယ်။ ကုသရတဲ့ဆေးဝါးတွေ၊ ခွဲစိတ်ရတယ်ဆိုရင် ကျန်းမာရေး ကုန်ကျစရိတ်တွေက တက်သည်ထက် ပိုပြီးတက်လာမှာဖြစ်ပါတယ်။

 

ဒီလိုမျိုး မကူးစက်တတ်သော ရောဂါ ရှိတဲ့သူတွေက ဆရာဝန်တွေ ဆေးခန်းတွေရှိရာကို လူနာ တွေက သွားပြရတဲ့ ကျန်းမာရေးစနစ်က ကျွန်တော်တို့ဆီမှာလည်း အတူတူပါပဲ။ ဒါကို ဆရာဝန် ဗဟိုပြု ကျန်းမာရေးစောင့်ရှောက်မှုစနစ် (Clinician Centric Approach) Rear ပါတယ်။

 

ဒီအချိန်ကာလက ကိုဗစ်-၁၉ ရောဂါနဲ့ တိုက်ဆိုင် နေတဲ့ ကာလဖြစ်ပါတယ်။ ပုဂ္ဂလိက ကျန်းမာရေး ဆေးခန်းတွေဆိုရင် တော်တော်များများ မဖွင့်နိုင်တဲ့ ကာလ၊ အချို့ဖွင့်တဲ့ ဆေးခန်းတွေက ဆရာကြီးတွေဆိုရင် တော်တော်များများ ကူးစက်ခံရတာလည်းရှိတဲ့အတွက် Clinician Centric Approach လတ်တလောမှာ သိပ်ပြီးအဆင်မပြေသလိုတစ်ခုခု ဖြစ်တာနဲ့ ဆေးခန်းဆေးရုံသွားပြချင်တဲ့ မကူးစက် တတ်သော ရောဂါရှိတဲ့သူတွေအနေနဲ့ သိပ်အဆင် မပြေပါဘူး။

 

ဦးစားပေးဆောင်ရွက်

 

ကပ်ရောဂါဖြစ်ပွားစဉ်ကာလနဲ့ ကပ်ရောဂါ အလွန်ကာလမှာ မကူးစက်တတ်သော ရောဂါရှိတဲ့ သူတွေအနေနဲ့ မိမိရောဂါအခြေအနေ မိမိကိုယ်တိုင် စောင့်ကြည့်ပြီး သောက်နေကျဆေး ပုံမှန် သောက်ပြီး ကျန်းမာအောင်နေရတာက ရေရှည်အတွက် အလွန်ကောင်းမွန်ပါတယ်။ ဒါကို self Care ကိုယ့်ကိုယ် ကိုယ်ဂရုစိုက်၊ ကျန်းမာရေးနဲ့ ညီညွတ်စွာနေထိုင် စားသောက်၊ မိမိရောဂါ အခြေအနေကို ကိုယ်တိုင် စစ်ဆေးပြီး မိမိဆရာဝန်ဆီကို ဆက်သွယ်တိုင်ပင် စသဖြင့် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီလိုလုပ်တာတွေကို လူနာဗဟိုပြု ကျန်းမာရေးစောင့်ရှောက်မှု (Patient Centered Approach) လို့ ခေါ်ပါတယ်။ ဥပမာ - အသက်အရွယ် ၄၀ ကျော် လာပြီဆိုရင် ကျန်းမာရေးစစ်ဆေးမှုခံယူဖို့လိုပါတယ်။ မိမိကစပြီး စစ်ဆေးမှု Medical check Up ခံယူဖို့ပါတယ်။ စစ်ဆေးပြီးလို့ ဆီးချို၊ သွေးတိုး စသဖြင့် ရှိနေပြီဆို ရင် သွေးတွင်းသကြား ဓာတ်တိုင်းတာ၊ သွေးပေါင်ချိန်တာတို့ အထိုင်များရင်လှုပ်ရှားပေးတာတို့စသဖြင့် သွားလာ နေထိုင်စားသောက်မှုပုံစံကို မိမိဘာသာမိမိ ပြန်ပြီးသုံးသပ်ပြုပြင်ဖို့လိုပါတယ်။ ဆရာဝန် ညွှန်ကြားထားတဲ့ ဆေးမှန်မှန်သောက်ပြီး မိမိဘာသာ မိမိအလွယ်တကူတိုင်းနိုင်တဲ့ သွေးချို တိုင်းစက်၊ သွေးပေါင်တိုင်းစက်တွေ ဆောင်ထားဖို့လိုပါတယ်။ ဒီစက်တွေသုံးတဲ့နည်းကလည်း မခက်ပါဘူး။ စက် တွေနဲ့တိုင်းပြီး ရလဒ်ကို မိမိဆရာဝန်ဆီ ဆက်သွယ် တိုင်ပင်အကြောင်းကြား စသဖြင့် ဒီကပ်ရောဂါကာလမှာ Self Care နဲ့ Patient Centered Approach ကို ဦးစားပေး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

 

မကူးစက်တတ်သောရောဂါရှိတဲ့ သူတွေအနေနဲ့ ကျန်းမာအောင် အစားအသောက်တွေကို မျှမျှ တတစားသောက်ဖို့၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ဖို့၊ အိမ်မှာနေရင်လည်း လမ်းလျှောက်ပေး တာ၊ အိမ်မှုကိစ္စလုပ်တာတွေ လုပ်ဖို့လိုပါတယ်။ ဆီးချိုရှိ တဲ့သူဆိုရင် ခုနကပြောတဲ့စက်နဲ့ မိမိဘာသာ တိုင်းကြည့်ပြီး ဆရာဝန်ဆီအကြောင်းကြားတာ၊ သောက်နေကျ ဆေးဝါးတွေ မပြတ်လပ်အောင် သောက်ပေးဖို့ လိုပါတယ်။ ဆီးချိုရောဂါရှင်တွေအနေနဲ့ ဆေးအတိုး၊ အလျှော့ တော့ ကိုယ့်ဘာသာ မလုပ်သင့်ဘူး။ ဖုန်းနဲ့ဆက်ပြီး ကိုယ့်ဆရာဝန်ကို အကြံဉာဏ် တောင်းသင့် ပါတယ်။ သွေးချို အလွန်ကျသွားရင် အသက်အန္တရာယ်ရှိပါတယ်။ စိတ်ကို ချမ်းသာအောင် နေသင့်ပါတယ်။

 

စိတ်ကျန်းမာအောင်လည်း ဆောင်ရွက်သင့်ပါတယ်။ ရောဂါတိုးစေမယ့် အကြောင်းတရားတွေကို လုံးဝရှောင်ရပါမယ်။ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ အဆီများတဲ့ အစားအသောက် တွေ စားခြင်း၊ ဆားများတဲ့၊ သကြားများတဲ့ အစား အသောက်စားခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း တို့ကိုရှောင်ပြီး အသီးအရွက်တွေ တိုးစားကာ ကိုယ်လက်လှုပ်ရှားမှုလုပ်ပြီး စိတ်ချမ်းသာအောင်နေရမှာ ဖြစ်ပါတယ်။ ဒါတွေက မကူးစက်တတ်သော ရောဂါအခံရှိတဲ့သူတိုင်း ကျင့်သုံးသင့်တာဖြစ်ပါတယ်။

 

အချုပ်အားဖြင့် ယခုကိုဗစ် - ၁၉ ကပ်ရောဂါ ဖြစ်ပွားနေတဲ့ကာလသည် မကူးစက်တတ်သော  ရောဂါတွေ ဖြစ်ပွားမှုများနေတဲ့ကာလနဲ့ တိုက်ဆိုင်နေပါတယ်။ သေဆုံးမှုတွေကို ပြန်ကြည့်တဲ့ အခါမှာ  ရောဂါအခံရှိတဲ့သူတွေ၊ အသက်အရွယ်ကြီးရင့်တဲ့ သူတွေမှာ သေဆုံးမှုတွေ များနေပါ တယ်။

 

ကာကွယ်ဆေးထိုးနှံမှု စနစ်တကျခံယူ

 

အဓိကအချက်တွေကို ပြန်ပြောရရင် နံပါတ် (၁) အချက်က ရောဂါအခံရှိတဲ့သူတွေ၊ အသက်  အရွယ်ကြီးရင့်တဲ့သူတွေ ရောဂါဝင်ရောက်မကူးစက်ဖို့ပါ။ နံပါတ်(၂)က သူတို့ကိုယ်တိုင်ကလည်း ရောဂါ  တိုးစေတဲ့အရာတွေရှောင်ပြီး ကျန်းမာအောင်နေဖို့ပါ။ ကိုဗစ် - ၁၉ ရောဂါ ဝင်လာ ရင်တောင် ရောဂါ  အခံရှိတာကို ထိန်းထားနိုင်တဲ့အခါ ရောဂါကို တောင့်ခံနိုင်တာက ပိုပါတယ်။ ဒီလိုဖြစ်ဖို့က မိမိ ကိုယ်ကိုယ် ဂရုစိုက်ပြီး ကျန်းမာအောင်နေဖို့လိုပါတယ်။ နံပါတ် (၃) က သောက်လက်စဆေး ပုံမှန်သောက်ပါ။ နံပါတ် (၄)က မိမိကိုယ်ကိုယ် အလွယ်တကူစစ်ဆေး နိုင်တဲ့ စက်တွေသုံးပြီး ရောဂါကို စစ်ဆေးကြည့်ပါ။ မိမိဆရာဝန်တွေနဲ့ မပြတ် ဆက်သွယ် တိုင်ပင်ပါ။ နံပါတ် (၅) က ကျန်းမာရေး ဝန်ကြီးဌာနက အခါအားလျော်စွာ ထုတ်ပြန်တဲ့  အကြံပြုချက်တွေလိုက်နာပါ ဥပမာ - အိမ်မှာနေရင်း  Mask တပ်ထားဖို့ ကိစ္စလိုက်နာပေးပါ။ နံပါတ် (၆) က အလှည့်ကျရှိလာတဲ့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက် အကြိမ် ပြည့်ခံယူပါ။ မကူးစက်တတ်သော ရောဂါရှိတဲ့သူတွေအနေနဲ့ ကာကွယ်ဆေးထိုးနှံမှု စနစ်တကျခံယူထားရင် ရောဂါပြင်းထန်စွာခံစားရမှုနဲ့ သေဆုံးမှုတွေကိုလျှော့ချနိုင်တာ အထင်အရှား သိရှိနေရပြီဖြစ်ပါတယ်။

 

နောက်ဆုံး နံပါတ်(၇)အနေနဲ့ ဒီကာလမှာ ဖြစ်ပွားနေတဲ့ အကြောင်းအရာတစ်ခုအနေနဲ့ ဆေးဝယ်တဲ့အခါ သတိပြုရမယ့်အချက်ပါ။ ဆရာဝန်က ကိုယ့်လူနာကို ဆေးပေးတဲ့အခါ ဆေးကို အကောင်းဆုံးပေးချင်တယ်။ ပါရာစီတမော ပေးတာတောင် ကုမ္ပဏီကောင်းကောင်းကထုတ်တဲ့။ အရောင်အသွေးလည်း လှပတဲ့တံဆိပ်တွေကို ပေးတဲ့အခါလူနာတွေက ဒီတံဆိပ်နဲ့ နေကောင်း သွားတဲ့အခါ ဒီတံဆိပ်ကို စွဲလမ်းပြီး ဝယ်ကြတယ်။ ဆေးတစ်မျိုးတည်း၊ တံဆိပ်တစ်ခုတည်းကို လူအများ စုပြုံဝယ်ယူတဲ့အခါ ပုံမှန်တစ်ကတ်ကို ငွေကျပ် ၂၀၀ သာရှိပြီး နာမည်ရှိတဲ့တံဆိပ်ပါတဲ့ ပါရာစီတမော့ တစ်ကတ်ကို ငွေကျပ် ၅၀၀၀ ကနေ ၆၀၀၀ အထိ ပေးဝယ်နေရတာရှိပါတယ်။

 

ဒါကြောင့် ဆေးဝယ်တဲ့အခါ တံဆိပ်ကို မစွဲဘဲ ပထမအချက်အနေနဲ့ အထဲကပါဝင်တဲ့ ဆေးအမျိုး အစား၊ ဆေးပမာဏ တူတာကိုကြည့်ပါ။ ဒုတိယအချက် မြန်မာနိုင်ငံ FDA က အသိအမှတ်ပြု ထားခြင်း ရှိ/မရှိကို ကြည့်ပါ။ တတိယ သက်တမ်း ကုန်ဆုံးမယ့်ရက်ကို ကြည့်ပါ။ အနည်းဆုံး ဒီအခြေခံအချက် (၃) ချက် ကောင်းမွန်ပြည့်စုံမယ်ဆိုရင် မိဘပြည်သူတွေအနေနဲ့ ဈေးကြီးပြီး ရှာရခက်တဲ့ ဆေးတွေအစား ဈေးသက်သာပြီး အာနိသင်၊ အရည်အသွေး ကောင်းမွန်တဲ့ဆေးနဲ့ အစားထိုးဝယ်ယူသောက်သုံးနိုင်မယ်ဆိုတဲ့ အကြောင်းကို ဒီနေရာကနေ ထပ်ပြီးသတင်းစကား လက်ဆောင်ပေးလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။

ထက်လျှံ

No comments:

Post a Comment