ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားရာတွင် “စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း မြို့နယ်များရှိ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုလျော့နည်းရေးအတွက် အသိပညာပေးခြင်းနှင့် စစ်ဆေးခြင်းများကို အရှိန် မပျက် ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး တစ်ခုလုံး အနေဖြင့် ကောင်းမွန်တိုးတက်သည့်ရလဒ်များ ဖြစ်ပေါ်လာသော်လည်း အချို့မြို့နယ် များတွင် ပိုးတွေ့မှု လျော့နည်းခြင်း မရှိသေးပါ၍ ပြည်သူများကိုယ်စီအသိဖြင့် လိုက်နာလုပ်ဆောင်ရေး လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင် ရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ လုံလောက်မှု ရှိရန်နှင့် စနစ်တကျသုံးစွဲကြရန် တာဝန်ရှိသူများမှ ကြီးကြပ်၍ စီမံဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းနှင့် မြို့နယ်များတွင် တည်ဆောက်လျက်ရှိသည့် Oxygen စက်ရုံများ အချိန်မီ ဆောက်လုပ်ပြီးစီးရေး တာဝန်ရှိသူများက စီမံဆောင်ရွက်ကြ ရန်လိုအပ်ပါကြောင်း ” ပြောကြားခဲ့ သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်း ဆိုင်ရာလုပ်ငန်းများ၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများလိုအပ်သည့် ဆေးဝါးများနှင့် အောက်ဆီဂျင်များ လုံလောက်စွာရရှိရေး၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီများမှ ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မြို့ဝင်မြို့ထွက်ဂိတ်များ စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ အစည်း အဝေးကိုရုပ်သိမ်းခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ရွှေဗျိုင်းဖြူ ကုမ္ပဏီမှလှူဒါန်းသော Liquid Oxygen Tank တည်ဆောက်ပြီးစီးမှုအား ကြည့်ရှု့ စစ်ဆေးပြီး အောက်ဆီဂျင် အိုးများဖြည့်သွင်းနေမှုနှင့် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများ ထားရှိသည့် အထူးကြပ်မတ်အဆောင်အား CCTV ကင်မရာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေမှုအား ကြည့်ရှု့ စစ်ဆေးကာ လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီးအတွင်းတည်ဆောက်ပြီးစီးသော ရွှေဗျိုင်းဖြူ ကုမ္ပဏီမှ လှူဒါန်းသည့် Liquid Oxygen Tank သည် မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ - ၆၈ ဦးအား ၂၄ နာရီ အောက်ဆီဂျင်ပိုက်လိုင်းစနစ်ဖြင့် တိုက်ရိုက်ပေးပို့ သွားမည်ဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီးအတွင်းရှိ သလ္လာရတနာခန်းမတွင် ဆေးရုံဝန်ထမ်းများနှင့် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများအတွက် စားသောက်ဖွယ်ရာများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး တိုင်းမှူးနှင့်အတူ ဆေးရုံအုပ်ကြီးထံ စားသောက် ဖွယ်ရာများပေးအပ်ကာ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်လင်းအေးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် အိုးဘိုတောင်ရပ်ကွက်ရှိ၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ဆီဂျင်ထုတ်လုပ်ရေးစက်ရုံသို့ ရောက်ရှိရာ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေး တာဝန်ခံမှ တည်ဆောက် လုပ်ငန်းများနှင့် ပက်သပ်၍ရှင်းလင်းတင်ပြီး Sky Home ကုမ္ပဏိမှ ဦးဝေဟင်အောင်ဝင်းက အောက်ဆီဂျင် ထုတ်လုပ်စက် လည်ပတ်နေမှုလုပ်ငန်းများနှင့် ပက်သက်၍ လိုက်လံရှင်းလင်းပြသရာတိုင်းဒေသကြီး ဝန်ကြိးချုပ် ဦးမြတ်ကျော်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး အောက်ဆီဂျင်ထုတ်လုပ်ရေးစက်ရုံမှ တစ်နာရီလျှင် အောက်ဆီဂျင် ၄၀ လီတာဆံ့ - ၈ လုံးထွက်ရှိမည်ဖြစ်ရာ တစ်ရက် ၁၂ နာရီလည်ပတ်ချိန်ဖြင့် အောက်ဆီဂျင် ၄၀ လီတာဆံ့ ၁၀၀ လုံး ဖြည့်သွင်းနိုင်မည်ဖြစ်ရာ မုံရွာမြို့နှင့် အခြားမြို့နယ်များရှိ ဆေးရုံများ၊ လူမူရေး အသင်းအဖွဲ့ များနှင့်ပြည်သူများသို့ အောက်ဆီဂျင်များ ခွဲဝေဖြန့်ဖြူးပေးနိုင်မည်ဖြစ်ရာ တိုင်းဒေသကြီးအတွင်း လိုအပ်သည့် အောက်ဆီဂျင်များပြည့်မီစွာ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment