Saturday, August 28, 2021

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ရှာဖွယ်ကယ်ဆယ်ရေး၊ မီးငြှိမ်းသတ်ရေး သရုပ်ပြသမှုနှင့် သဘာဝဘေးအန္တရာယ်ကူညီ ကယ်ဆယ်ရေး သရုပ်ပြသမှုတို့ကို သွားရောက်ကြည့်ရှု



စစ်တွေ  ဩဂုတ် ၂၈

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပြည်နယ်မီးသတ်ဦးစီးဌာနရုံးနှင့် စစ်တွေမြို့နယ်၊ ကျောက်တန်းကျေးရွာ၊ ကျောက်တန်းတံတားအနီးတို့၌ ပြုလုပ်သည့် ရှာဖွယ်ကယ်ဆယ်ရေး၊ မီးငြှိမ်းသတ်ရေး သရုပ်ပြသမှုနှင့် သဘာဝဘေးအန္တရာယ်ကူညီ ကယ်ဆယ်ရေး သရုပ်ပြသမှုတို့ကို တက်ရောက်ကြည့်ရှုခဲ့သည်။

 ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ် မီးသတ်ဦးစီးဌာရုံး၌ မီးသတ်တပ်ဖွဲ့ ဝင်များ၏ ရှာဖွယ်ကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြသမှုတို့ကိုကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ခင်းကျင်းပြသထားသည့် ရှာဖွယ်ကယ်ဆယ်ရေးနှင့်မီးငြှိမ်းသတ်ရေး စက်ကိရိ ယာများ ပြသထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

 မီးသတ်တပ်ဖွဲ့ဝင်များ သရုပ်ပြသရာတွင် တပ်ဖွဲ့ဝင်များက Rescue Tool ရှာဖွယ်ကယ်ဆယ်ရေး ပစ္စည်းများအသုံးပြု၍ အဆောက်အဦအတွင်းပိတ်မိနေသော လူနာအားကယ်ဆယ်ခြင်း၊ (Engine Cutter) ဖြတ်တောက်ကိရိယာ၏ စွမ်းရည်ပြသခြင်း၊ Rescue Power Ascender (ကြိုးတက်၊ ကြိုးဆင်း ကိရိယာ)အားအသုံးပြု၍ အထပ်မြင့်တိုက်များတွင် ပိတ်မိနေသော လူနာအားကယ်ဆယ် ခြင်း၊ Water Miss Gun (ရေမှုံ၊ ရေမွှား ကျောလွယ်ကိရိယာ)အားအသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြှိမ်းသတ်ခြင်းနှင့် ပိုလန်နိုင်ငံမှ ဝယ်ယူထားသည့် ခေတ်မီမီးငြှိမ်းသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်ရေး စွမ်းရည်ပြသမှုတို့ကို ကြည့်ရှုအားပေးကြပြီး မီးသတ်ယာဉ်အား လှည့်လည် ကြည့်ရှုစစ်ဆေးကြပြီး သရုပ်ပြသသောတပ်ဖွဲ့ဝင်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့နယ်၊ ကျောက်တန်းကျေးရွာ၊ ကျောက် တန်းတံတားအနီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)၊ စစ်တွေတပ်နယ်မှ တပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ သဘာဝဘေး အန္တရာယ်ကူညီကယ်ဆယ်ရေး သရုပ်ပြသမှုအားသွားရောက်ကြည့်ရှုခဲ့ကြသည်။

 ထိုသို့သရုပ်ပြသစဉ် တပ်ဖွဲ့ဝင်များမှ ရှာဖွယ်ကယ်ဆယ်ရေး စက်လှေ(၇) စီးဖြင့် ရှာဖွယ်နေမှု၊ စက်တပ်ဖိုင်ဘာလှေများ ကျွမ်းကျင်မှုသရုပ်ပြမောင်းနှင်ခြင်း၊ ရေဘေးအန္တရာယ်ကြုံတွေ့နေရသူများ အားရှာဖွယ် ကယ်ဆယ်ရေးဆောင်ရွက်ခြင်း၊ ဘေးအန္တရာယ်ကြုံတွေ့ခဲ့ရသော ဒဏ်ရာရလူနာများအား တပ်မတော်ဆေးတပ်ဖွဲ့မှ ကျန်းမာရေးပြုစုစောင့်ရှောင့်ခြင်း၊ လူနာတင်ယာဉ်များဖြင့် သယ်ယူပို့ဆောင် ခြင်း၊ စက်လှေမတော်တဆမီးလောင်မှုဖြစ်စဉ်ကြောင့် စက်လှေပေါ်ပါခရီးသည်တစ်ဦး ကြောက်လန့်၍ ရေထဲခုန်ချရေနစ်နေမှုအား မီးသတ်တပ်ဖွဲ့ဝင်များမှ ရေနစ်နေသော ခရီးသည်အားကူညီကယ်ဆယ်ခြင်း၊ မီးလောင်နေသောစက်လှေအား မီးငြှိမ်းသတ်ခြင်းနှင့် လူနာအားကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ရှေးဦးသူနာပြု စုနည်းဖြင့် ကုသခြင်းတို့ကို သရုပ်ပြသကြသည်။

 အဆိုပါသရုပ်ပြသသော တပ်ဖွဲ့ဝင်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဂုဏ်ပြုဆုငွေများ ပေးအပ်ကြပြီး လူနာသယ်ယူရေးယာဉ်များအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

တင်ထွန်း






 


No comments:

Post a Comment