Wednesday, August 11, 2021

တတိယအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး ပူးတွဲကော်မရှင်အစည်းအဝေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း တွေ့ဆုံဆွေးနွေးမှု အစီအစဉ် ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ အကြိုညှိနှိုင်းဆွေးနွေး

 


 နေပြည်တော်၊ ဩဂုတ် ၁၁

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပရန်လျာထားသည့် တတိယအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင် အစည်းအဝေးနှင့် နှစ်နိုင်ငံစီးပွားရေး လုပ်ငန်းရှင်များအချင်းချင်း တွေ့ဆုံဆွေးနွေးမှုအစီအစဉ်ကို စက်တင်ဘာလအတွင်း ကျင်းပနိုင်ရေးတို့အတွက် နှစ်ဖက်ညှိနှိုင်းစီစဉ် ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံသံရုံးမှ စီးပွားရေးကောင်စစ်ဝန်ဖြစ်သူ Mr. Andrei Iunak တို့က ဗီဒီယိုကွန်ဖရင့်ဖြင့် ဆွေးနွေးခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ထိုသို့ဆွေးနွေးရာတွင် ဒုတိယဝန်ကြီးက ၂၀၂၁ ခုနှစ်၊ ဇွန်လ စတုတ္ထရက်သတ္တပတ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ နိုင်ငံတော်ဝန်ကြီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်အတွင်း ဆွေးနွေးညှိနှိုင်းခဲ့သည့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး ကိစ္စရပ်များကို ဆက်လက် ဆောင်ရွက်မည့် အခြေအနေနှင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပရန်လျာထားသည့် တတိယအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး ပူးတွဲကော်မရှင်အစည်းအဝေးနှင့် စက်တင်ဘာလအတွင်း ပြုလုပ်မည့် နှစ်ဖက်စီးပွားရေး လုပ်ငန်းရှင်များအချင်းချင်း တွေ့ဆုံဆွေးနွေးမှုအစီအစဉ် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး  နှစ်နိုင်ငံအကြား ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် ဦးစားပေးနယ်ပယ်များ အပါအဝင် အဆိုပါ အစည်းအဝေးများသို့ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအစုံမှ တာဝန်ရှိသူများ တက်ရောက်နိုင်ရန် ဖိတ်ကြားဆောင်ရွက်သွားမည့် အခြေ အနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ စီးပွားရေးကောင်စစ်ဝန် Mr. Andrei Iunak က နှစ်နိုင်ငံအကြား တတိယအကြိမ် ကော်မရှင်အစည်းအဝေးနှင့် နှစ်ဖက်စီးပွားရေး လုပ်ငန်းရှင်များ အချင်းချင်း တွေ့ဆုံဆွေးနွေးမှု အစီအစဉ်အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံဖက်မှ ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ မြန်မာနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ရန် အဓိက စိတ်ဝင်စားသည့် နယ်ပယ်များနှင့် သက်ဆိုင်ရာ ရုရှားစီးပွားရေး လုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ရေး ကြိုတင်ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးပြောကြားသည်။

တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန တာဝန်ရှိသူများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အာရှဒေသဆိုင်ရာ ကုန်သည်နှင့် စက်မှုလုပ်ငန်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ ဒုတိယ အကြီးအကဲ Professor Mr. Vadim Saltykoskiy တို့လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment