နေပြည်တော် ဩဂုတ် ၂၈
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့ နံနက်ပိုင်းတွင် ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဆောင်ရွက် လျက်ရှိသော ရေဒါစခန်းအတွင်းရှိ Duty Engineer House တည်ဆောက်ခြင်း လုပ်ငန်းနှင့် ဝန်ထမ်း အိမ်ယာတည်ဆောက်ရေး လုပ်ငန်းခွင်သို့သွားရောက် ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေး လုပ်ငန်း များ ခိုင်ခံ့မှုရှိစေရေးအတွက် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် လေယာဉ်ကွင်း ပတ်ဝန်းကျင်ဧရိယာ နေရာများတွင် မိုးရွာသွန်းမှုကြောင့် ရေလျှံမှု မရှိစေရေးအတွက် ရေနုတ်မြောင်းများနှင့် ရေထွက်ပေါက် နေရာများတွင် ရေစီးရေလာ ကောင်းမွန်ရေး အတွက် ရှင်းလင်းဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ လေယာဉ်အသက်ကယ် မီးသတ်ဌာနစုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လေယာဉ်အသက်ကယ် မီးသတ်အဆင့် သတ်မှတ်ချက်နှင့်အညီ ကိုက်ညီမှုရှိစေရေး၊ မီးသတ်ယာဉ်များ၏ ကြံ့ခိုင်ရေး၊ အထောက်အကူပြု ပစ္စည်းများ ပြည့်စုံမှုရှိစေရေး၊ အရေးပေါ် အခြေအနေဖြစ်ပွားပါက သတ်မှတ်အချိန်အတွင်း ကူညီ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေးနှင့် ကြိုတင်ဇာတ်တိုက် လေ့ကျင့်မှုများကို သတ်မှတ် အချိန်အတိုင်း ပုံမှန် ဆောင်ရွက်သွားကြရန် မှာကြားသည်။
ယင်းနောက် လေကြောင်းထိန်းမျှော်စင်၌ လေကြောင်းထိန်းလုပ်ငန်း ဆောင်ရွက်နေမှု၊ စက်ပစ္စည်း ကိရိယာများ ကောင်းမွန်မှု ရှိ/ မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လေယာဉ်များ ဘေးအန္တရာယ် ကင်းရှင်းစွာ ဆင်းသက်ပျံသန်းနိုင်ရေးအတွက် လေကြောင်းထိန်းများအနေဖြင့် သတ်မှတ်ထားသော လုပ်ငန်းစဉ် (Procedures) များနှင့်အညီ အထူးဂရုပြု ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)



No comments:
Post a Comment