Friday, August 20, 2021

လှိုင်းဘွဲမြို့နယ် သမ္ဘာန်စိုက်ပျိုးနည်းပညာပေးရေး ရှေ့တန်းစခန်း၌ မိုးစပါးစုပေါင်းမြေဩဇာကြဲပက်


 

လှိုင်းဘွဲ ဩဂုတ် ၂၀

အချိန်တိုအတွင်းလုပ်ငန်းပြီးစီး၍ တောင်သူအချင်းချင်း စိုက်ပျိုးနည်းပညာများ နှီးနှောဖလှယ်နိုင်စေရေး ရည်ရွယ်၍ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ သမ္ဘာန်စိုက်ပျိုးနည်းပညာပေးရေး ရှေ့တန်းစခန်းရှိ တောင်သူဦးကျောက်လုံးပါ(၃)ဦး၏ မိုစပါးဆင်းသုခမျိုးစပါးစိုက်ခင်း(၁၅)ဧက၌ ယနေ့ နံနက် ၈ နာရီခန့်က မိုးစပါးစုပေါင်းမြေဩဇာကြဲပက်ပွဲကို ကျင်းပသည်။

 


မြေဩဇာကြဲပက်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်ဦးသိန်းကိုကိုနှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင် တို့က သမ္ဘာန်၊ ဒိုင်းပြ၊ တပုထိုကျေးရွာများမှ တောင်သူဦးကြီးများအား မြေဩဇာများ ဖြန့်ဝေပေးခဲ့ကြပြီး တောင်သူ များ၏ ယူရီးယားမြေဩဇာနှင့် သဘာဝမြေဩဇာများ ရောနှောကြဲပက်ခြင်းအား ကြည့်ရှု့အားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန ရွေ့လျားမြေဆီလွှာဓါတ်ခွဲဌာန၊ ပြည်နယ် မျိုးစေ့ဌာနခွဲနှင့် ရွေ့လျားသီးနှံကာကွယ်ရေးဌာနခွဲတို့မှ တောင်သူအသိပညာပေးလုပ်ငန်း ဆောင်ရွက်နေမှု၊ ရေကြီး နစ်မြုပ်ဧရိယာများတွင် အချိန်မီပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရေးအတွက် ကုန်းကျသောမြေနှင့်နေအိမ်ခြံဝန်း နေရာ လွတ်များတွင် ပျိုးဖျာလိပ်နည်းစနစ် (Dapog Method)ဖြင့် ပျိုးထောင်ထားရှိသည့် အရန်ပျိုးခင်းတို့အား ကြည့်ရှု့အားပေးခဲ့ပြီး တောင်သူများအား သရုပ်ပြ ရှင်းလင်းတင်ပြခဲ့ကြသည်။

အဆိုပါ စုပေါင်းမြေဩဇာကြဲပက်ပွဲတွင် လှိုင်းဘွဲမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခံ တောင်သူများအား GMSAEDC(Greater Mekong Subregion Agriculture and Education Development Center) မှ ရွှေကောမက် ဓါတ်မြေဩဇာ အိတ်(၂၀)ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ စက်မှုဇုန်၊ ငြိမ်းချမ်းသာယာကျေးရွာအနီး မွေးမြူရေးဇုန်ကွက်သစ် ဖော်ထုတ်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှု့စစ်ဆေးရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပြီး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍  နီပွန်ဖောင်ဒေးရှင်မှ ဆောက်လုပ်လှူဒါန်းသော တောင်ကလေးတန်ဖိုးနည်းအိမ်ရာများအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး တောင်ကလေးတိုးချဲ့အိမ်ရာစီမံကိန်းရှင်းလင်းဆောင်၌ တိုးချဲ့ကွက်သစ် မြေနေရာချပေးမှု အခြေ အနေနှင့် မြေနေရာထပ်မံဖော်ထုတ်မည့်အစီအမံများအား ဆွေးနွေးမေးမြန်းရာ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၊ တောင်ကလေးတိုးချဲ့အိမ်ရာစီမံကိန်း မြေနေရာဖော်ထုတ်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဘားအံခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တိုးချဲ့ကွက်သစ် မြေနေရာချထားပေးမှုများအား ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း

No comments:

Post a Comment