နေပြည်တော် ဩဂုတ် ၁၆
နိုင်ငံသားများ ပညာတတ်များ ဖြစ်လာစေရေး၊ နိုင်ငံအတွင်း ပညာတတ်များ ပေါများလာစေရေး အတွက် မိမိတို့၏ စွမ်းအားများကို စေတနာနှင့် ပေါင်းစပ်၍ ဆောင်ရွက်လျှင် မုချအောင်မြင်မည် ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။
ပညာရေးဝန်ကြီးဌာနမှ ပညာတတ်များ မွေးထုတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး က ထိုကဲ့သို့ပြောကြားခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံသားများ၊ ကျောင်းသား ကျောင်းသူများ ပညာတတ် များ ဖြစ်လာရန်အတွက် သင်ကြားမည့် ဆရာ ဆရာမနှင့် စီမံခန့်ခွဲသူများ အပါအဝင် လူသား အရင်းအမြစ်များ၏ အရည်အသွေးကို မြှင့်တင်ပေးရမည်ဖြစ်ပါကြောင်း၊ အရည်အသွေးပြည့်ဝ သည့် ဆရာ ဆရာမများ ဖြစ်လာစေရေးအတွက် လုပ်သက်ရင့် ဆရာကြီး ဆရာမကြီးများက မိမိထက် လုပ်သက်ငယ်သူများကို မွမ်းမံသင်တန်းပို့ချ သင်ကြားပေးစေလိုပါကြောင်း၊ အရည်အသွေးမြင့်မား သော သင်ရိုးညွှန်းတမ်းများကို လိုအပ်သော နည်းပညာများအသုံးပြု သင်ကြားလေ့ကျင့် ပေးကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံသားများ၊ ကျောင်းသား ကျောင်းသူများအတွက် သင်ယူမှု အခွင့်အလမ်းများ (Access) ကိုမြှင့်တင်ပေးရန် လိုအပ်ပါကြောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများကို မူလတန်းအဆင့်မှ အလယ်တန်းအဆင့်ထိ တိုးမြှင့်သင်ကြားရေးကို အားပေးရန်ဖြစ်ပါကြောင်း၊ ကျောင်းပြင်ပမူလတန်းပညာရေးမှ အလယ်တန်းပညာရေးသို့ တိုးမြှင့်ပံပိုးပေးရန်လိုပါကြောင်း၊ မြန်မာနိုင်ငံသားတိုင်း အနည်းဆုံး အခြေခံပညာ အလယ်တန်းအဆင့် ပြီးဆုံးရေး အခမဲ့ အခြေခံ ပညာရေးကို ဦးတည်စည်းရုံး ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံအတွင်း ပညာတတ်များ ပေါများ စေရေးအတွက် ရေတို၊ ရေရှည်လုပ်ငန်းစဉ်များကို ရာခိုင်နှုန်းပြည့် အကောင်အထည် ဖော်နိုင်သမျှ ဖော်ဆောင်ကာ မှန်ကန်သော လမ်းကြောင်း ပေါ်တင်ပေးနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း သွားကြစေ လိုကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment