Monday, May 10, 2021

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန (၁/၂၀၂၁)ကြိမ်မြောက် ဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 





 နေပြည်တော် မေ ၁၀

နိုင်ငံ့စီးပွားရေးကို ဦးမော့လာစေရေး အလေးထားကြိုးပမ်းဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ထိထိရောက်ရောက် တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲချမှတ် အကောင်အထည်ဖော် လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနှင့် လွယ်ကူလျင်မြန် ချောမွေ့စေရေးတို့အတွက် မူဝါဒနှင့် လုပ်ငန်းစဉ်များကို လက်တွေ့ အကောင်အထည်ဖော်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများကို ညှိနှိုင်းပေါင်းစပ် ဖြေရှင်းပေးနိုင်ရေး၊ ဒေသတွင်းစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်း များ၏ ချေးငွေအကူအညီနှင့် အထောက်အပံ့များအား ထိရောက်စွာ ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေး(၁/၂၀၂၁)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒ၊ ဥပဒေနှင့် လုပ်ထုံးလုပ် နည်းများကို အခြေခံကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် တို့နှင့် ကိုက်ညီအောင် မိမိဝန်ကြီးဌာန၏ မူဝါဒနှင့် လုပ်ငန်းစဉ်များကို ရေးဆွဲချမှတ်၍ အောက်ခြေ အဆင့်ဆင့်က လိုက်ပါအကောင်အထည် ဖော်ကြရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ယခင်အစိုးရ လက်ထက်က ခွင့်ပြုခဲ့ပြီး နိုင်ငံအတွက်လည်း အကျိုးရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြန့်ကြာမှု မရှိစေဘဲ မြန်ဆန်စွာ ဆက်လက် အကောင်အထည် ဖော်ရေးကိစ္စ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို မိမိတို့က ခွင့်ပြုလုပ်ဆောင်ရာတွင် လွယ်ကူလျင်မြန်ချောမွေ့မှု၊ ရှေ့နောက်ညီညွတ်မှု၊ ကြိုတင်မှန်းဆ နိုင်မှု၊ ပွင့်လင်းမြင်သာမှု ရှိရှိ လုပ်ဆောင်ကြရန်လည်း လိုပါကြောင်း။

ထို့ကြောင့် ဝန်ကြီးဌာနက ဦးဆောင်၍ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းအဖွဲ့(OSS)၏ စံချိန်စံညွှန်းမီ လုပ်ထုံးလုပ်နည်းများ(SOP)ကို ရေးဆွဲထုတ်ပြန်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုမိန့်ရ ပြီး နောက်ပိုင်း၊ စီးပွားရေးနှင့် ဝန်ဆောင်မှု လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာဝန်ကြီး ဌာန၊ အဖွဲ့အစည်းများ ကနေ ရယူရသော လိုင်စင်၊ ပါမစ်၊ ထောက်ခံချက်များနှင့် ပတ်သက်၍ ခေတ်စနစ်နှင့် အညီ ပြင်ဆင်နိုင်ရေး၊ ပိုမိုလွယ်ကူရှင်းလင်းအောင် ဆောင်ရွက်နိုင်ရေးနှင့် ဒစ်ဂျစ်တယ်စနစ်ဖြင့် လုပ်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဌာနများကလည်း လိုလားတက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယခင် အစိုးရလက်ထက် ကတည်းက အကြောင်းအမျိုးမျိုး ကြောင့် ကြန့်ကြာနေသည့် လုပ်ငန်းများကိုလည်း နိုင်ငံအတွက် အကျိုးရှိမည်ဆိုလျှင် ဆက်လက် လုပ်ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက် ပေးရန် ကိစ္စရပ်များကိုလည်း မိမိဝန်ကြီးဌာနက ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

၂၀၂၀ ပြည့်နှစ်မှစ၍ COVID-19 ကြောင့် တစ်ကမ္ဘာလုံးရင်းနှီးမြှုပ်နှံမှု ကျဆင်းနေကြောင်း၊  မြန်မာနိုင်ငံအနေဖြင့်လည်း အလားတူ စိန်ခေါ်မှုများရှိနေသော်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ရဲရဲတင်းတင်း၊ တက်ညီလက်ညီ လုပ်ဆောင်ပါ က စိန်ခေါ်မှုကနေ အခွင့်အလမ်းအဖြစ် ပြောင်းလဲရယူနိုင်ကြောင်း၊ ယခုအချိန်တွင် ရင်းနှီးမြှုပ်နှံသူများကို မိမိနိုင်ငံ၏ တည်ဆဲဥပဒေများ၊ နှစ်နိုင်ငံသဘောတူ ချုပ်ဆို ထားသည့် ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး စာချုပ်များ၊ ဒေသတွင်း သဘောတူညီချက်များနှင့်အညီ အကာအကွယ်ပေးရန်နှင့် လုပ်ငန်းများတိုးချဲ့ ရင်းနှီး လုပ်ကိုင်လာအောင် အားပေးကူညီရမည် ဖြစ်ကြောင်း။

အမျိုးသားစီးပွားရေးကို မြှင့်တင်ရာတွင် နိုင်ငံဘက်ဂျတ်ကို သုံးစွဲခြင်း၊ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ဆောင်ရွက်ခြင်းတို့အပြင် လိုအပ်သည့် အခြေခံအဆောက်အဦများ ဖြစ်သည့် လမ်း၊ တံတား၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ ရေရရှိရေးတို့အတွက် နိုင်ငံတကာချေးငွေ၊ အကူအညီ အထောက်အပံ့များကိုလည်း ရယူရေးအတွက် မိမိတို့ဝန်ကြီးဌာနက ညှိနှိုင်း ဆောင်ရွက်ပေး ရာတွင် မိမိတာဝန်ကို ထိထိရောက်ရောက်လုပ်ဆောင်နိုင်ရန် စနစ်တကျ အစီအစဉ်များ ရေးဆွဲဆောင်ရွက်ရန်လိုကြောင်း၊ အာဆီယံနှင့် အာဆီယံဗဟိုပြုသည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက် မှုများကိုလည်း တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုများမှ နိုင်ငံ့လူမှုရေး၊ စီးပွားရေးများကို ထိထိရောက်ရောက် အသုံးချနိုင်မည့် အခွင့်အလမ်း ကို ရယူနိုင်ရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်က   ဝန်ကြီးဌာနနှင့် ဦးစီးဌာနများမှ ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းဆွေးနွေး သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးတို့မှ ဗဟိုဝန်ထမ်းတက္ကသိုလ် တက်ရောက်ခဲ့စဉ် ထူးချွန်ဆုရရှိခဲ့သူများအားလည်းကောင်း၊ ဒုတိယ ဝန်ကြီးက One Stop Service (OSS) SOP ရေးဆွဲရေးအဖွဲ့အား လည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က ဝန်ထမ်းကောင်း စံပြရုံးဆုရရှိသူများ အားလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်သည်။ 

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အလိုက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်မှု၊ ဒေသ၏စီးပွားရေး ဝန်းကျင်ကောင်းမွန် အောင် ဆောင်ရွက်သွားမည့်အစီအမံများနှင့် ဝန်ကြီးဌာနနှင့် ရုံးချုပ်ကပံ့ပိုးရန် လိုအပ်ချက်များကို လည်းကောင်း၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဌာန၏ အုပ်ချုပ်မှုလုပ်ငန်းများ၊ အာဆီယံ အပါအဝင်ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုများ၊ ‌ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ဖွံ့ဖြိုးမှုအကူအညီရယူ ဆောင်ရွက်သည့် စီမံကိန်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် နိုင်ငံတကာ အဖွဲ့အစည်း များအကြား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေး လျက်ရှိသည်များ ကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝါဝါမောင်က ဝန်ကြီးဌာနနှင့် ဦးစီးဌာနများ ၏ လုပ်ငန်းလည်ပတ်ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ လည်းကောင်း တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များနှင့် အခက်အခဲများကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်)

No comments:

Post a Comment