Saturday, May 1, 2021

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ရှမ်းပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ခြင်းများ ဆောင်ရွက်

 



 နေပြည်တော် မေ ၁

 

ရှမ်းပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ မသန်စွမ်းသူများနှင့် သက်ကြီး ရွယ်အိုများ အတွက် ထောက်ပံ့ခြင်းအခမ်းအနားကို ဧပြီ ၃၀ ရက် နံနက်ပိုင်းတွင် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ဒေါက်တာကျော်ထွန်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်း ခိုင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ရှမ်းပြည်နယ် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဒေသခံ ပြည်သူများ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ရှေးဦးအရွယ် ကလေးသူငယ်များ ပြုစုပျိုး ထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းအနေဖြင့် မူလတန်းကြိုကျောင်းများ၊ ကလေးပြုစုရေးဌာနများ၊ သင်တန်းကျောင်း များ ဖွင့်လှစ်ဆောင် ရွက်လျက်ရှိပါကြောင်း၊ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်း အနေဖြင့် လူငယ်ရေးရာမူဝါဒကို အတည် ပြုပြဌာန်းနိုင်ခဲ့ပြီး အမျိုးသားအဆင့် မဟာဗျူဟာပါ လုပ်ငန်းစီမံချက်များကို အကောင်အ ထည်ဖော်ဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံလူငယ်ရေးရာ ကော်မတီကို ပြန်လည်ဖွဲ့စည်းထား ရှိပြီးဖြစ်ပါကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအနေဖြင့် အမျိုးသမီးဖွံ့ဖြိုး တိုးတက်ရေးဌာနများ၊ အမျိုးသမီးသက်မွေးအတတ် ပညာသင်ကျောင်းများ၊ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနများ၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများ၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးများကို တစ်နေရာတည်းတွင် ဝန်ဆောင်မှု ပေးသည့်စင်တာများကို ဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါကြောင်း။

 

သက်ကြီးရွယ်အိုများ ဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်းအနေဖြင့် သက်ကြီးရွယ်အို များဆိုင်ရာဥပဒေ ပြဌာန်းထားရှိပြီးဖြစ်သလို နည်းဥပဒေ အတည်ပြုပြဌာန်း နိုင်ရေးကိုလည်း ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းသူများပြုစုစောင့်ရှောက်ရေး လုပ်ငန်းများ အနေဖြင့် မျက်မမြင်ကျောင်းများ၊ နားမကြားသော ကလေးများကျောင်းများ၊ မသန်စွမ်း သက်ငယ် သင်တန်း ကျောင်းများ၊ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း၊ မသန်စွမ်းကလေးများ ပြုစုစောင့် ရှောက်ရေးဂေဟာ များဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း။

 

မိမိတို့ဝန်ကြီးဌာနအနေဖြင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းအနေဖြင့် ၎င်းတို့ တည်ထောင်ဖွင့်လှစ်ထားရှိသော ပရဟိတ ဂေဟာများနှင့် ဘိုးဘွားရိပ်သာများအတွက် ထောက်ပံ့ငွေပေးအပ်လျက်ရှိပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ဝန်ကြီးဌာန၏ မူဝါဒဖြစ်သည့် ထိရောက်သော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော လူ့အသိုက်အဝန်း ဖြစ်ပေါ်စေရေးနှင့် ဘေးဒဏ် ခံစားရသော ပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် လူနေမှုဘဝရရှိ စေရေးဆိုသည့် မူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုအဆင့်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ ဒုတိယဥက္ကဌ ဦးဆောင်သည့် “အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှုကော်မတီ”ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါလုပ် ငန်းများကဏ္ဍ အလိုက် ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ပြည်ထောင်စု၀န်ကြီးများ ဥက္ကဌအဖြစ် တာ၀န်ယူဆောင်ရွက်သည့် လုပ်ငန်းကော်မတီ (၁၂)ခု ကိုလည်း ဖွဲ့စည်းထားရှိပါကြောင်း။

 

တိုင်းဒေသကြီး/ပြည်နယ်အဆင့်တွင်လည်း သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းများကို အနီးကပ် ကြီးကြပ်ဆောင်ရွက်နိုင်ရန် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌများ ဦးဆောင်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့များကို ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပြီး ခရိုင်၊ မြို့နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှု အဖွဲ့များကိုလည်း အဆင့်ဆင့်ထပ်မံဖွဲ့စည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဘေးဒဏ်ကိုလက်တွေ့ရင်ဆိုင် ကြုံတွေ့ ခံစားရသည့် ပြည်သူလူထု၏ သဘာဝဘေးအသိ ပညာတိုးပွားရေး၊ ရပ်ရွာများ၏ ဘေးဒဏ်ရင်ဆိုင် တုံ့ပြန်နိုင်စွမ်း မြင့်မားရေးတို့ကိုလည်း လူမှုရေးအဖွဲ့ အစည်းများ အပါအဝင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း။

မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်းလုပ်ငန်းများ ထိရောက် ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး၊ ဘေးအန္တရာယ်ကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းရှိသော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်လာစေရေး၊ ထိခိုက်လွယ်အုပ်စုများကို ပိုမိုပံ့ပိုးနိုင်ရေး၊ ဝန်ကြီးဌာနအနေဖြင့် ကြိုးစား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် အခြေခံကျသော စာရင်းဇယားအချက် အလက်များ ရရှိနိုင်ရေးနှင့် အကျိုးခံစားခွင့်ရှိသည့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့နိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြသည့် ဒေသအာဏာပိုင် အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် သက်ဆိုင်သူ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ လူမှုရေး အဖွဲ့အစည်းများနှင့် ပြည်သူလူထု တစ်ရပ်လုံးက ဆက်လက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ကြစေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌ ဒေါက်တာကျော်ထွန်းနှင့် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်တို့က အမှာစကား ပြောကြားကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ရှမ်းပြည်နယ်အတွင်းရှိ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေ ကျပ်  ၄၄၉၄ ဒသမ ၅၁သိန်း၊ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးရွယ်အို (၁၃၃၂၉) ဦး အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ်  ၃၉၉၈ ဒသမ ၇ သိန်း၊ မသန်စွမ်းသူ (၆၉၁၈) ဦး အတွက် ထောက်ပံ့ငွေကျပ် ၂၀၇၅ ဒသမ ၄ သိန်း၊ ထောက်ပံ့ငွေစုစုပေါင်း (၁၀၅၆၈ ဒသမ ၆၁ သိန်း)ကို ရှမ်းပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဌနှင့် တာဝန်ရှိသူများထံ ထောက်ပံ့ပေး အပ်ကြရာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသည့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များထံ အသီးသီးထောက်ပံ့ ပေးအပ်ကြသည်။

ထို့နောက် တက်ရောက်လာသူများကိုယ်စား (တောင်ကြီးမြို့၊ ဘုရားဖြူမသန်စွမ်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ) (သူငယ်တော်‌ယေဇူးကျောင်း)၏ ဂေဟာမှူး  စစ္စတာကလားရာတင်ညိုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်သည့် ပြည်နယ်အဆင့် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)

No comments:

Post a Comment