Monday, May 10, 2021

သာသနာရေးဦးစီးဌာန ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင်အထောက်အကူပြု သင်တန်းအမှတ်စဉ် (၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနားကျင်းပ

 


 

နေပြည်တော် မေ   ၁၀

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင် အထောက်အကူပြု သင်တန်းအမှတ်စဉ်(၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ကြသည်။     

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများ၊ ဝန်ထမ်းကျင့်ဝတ်၊ ရုံးလုပ်ငန်းလက်စွဲအစရှိသည့် သိသင့်သိထိုက်တာများကို သိရှိစေရန်နှင့် ထမ်းဆောင်ရမည့်တာဝန်၊ လိုက်နာရမည့် စည်းကမ်း၊ စောင့်ထိန်းမည့်ကျင့်ဝတ်တို့ကို သိရှိလိုက်နာ ကျင့်ကြံနိုင်ကြစေရန် ရည်ရွယ်၍ ဤသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ဒုတိယ ဦးစီးမှူး ၄၂ ဦး ခန့်အပ်တာဝန်ပေး အပ်ရန်အတွက် ရေးဖြေ စစ်ဆေးခြင်း၊ လူတွေ့စစ်ဆေးခြင်းတို့ကို စနစ်တကျအဆင့်ဆင့် စစ်ဆေးပြီး အရည်အချင်း ပြည့်မီသူများကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဦးတည်ချက် ၉ ရပ်၊ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ချမှတ်ပြီး နိုင်ငံတော်စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသည်တို့ကို အဖက်ဖက်မှ တိုးတက်အောင် ကြိုးပမ်းဆောင် ရွက်လျက်ရှိသည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးတို့ကို အဓိကထား ဆောင်ရွက်လျက်ရှိပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဘာသာ ရေးလုပ်ငန်းများကို အင်တိုက် အားတိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်း ရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းဆောင်မှုသည် အရေးကြီးသော ကဏ္ဍတစ်ခု ပါဝင်တာကို တွေ့မြင်ရမည်ဖြစ် ကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဖြစ်၍ ဝန်ထမ်းများ၏ အရည်အသွေး၊ လုပ်ရည် ကိုင်ရည်၊ စိတ်ဓာတ်ရေးရာတို့ ကောင်းမွန်နေရန် စဉ်ဆက်မပြတ်လေ့ကျင့်၊ သင်ကြား၊ သင်ယူ နေကြရန် လိုအပ်မှာဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန် လိုအပ်သကဲ့သို့ ပြင်ပ ပယောဂများ၊ သတင်းအမှားများ၊ သတင်းအတုများကို နားမယောင်ကြရန် လိုအပ်ကြောင်း၊ ဝန်ထမ်းသည် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများ၊ ဝန်ထမ်း ကျင့်ဝတ်များနှင့်အညီ လိုက်နာကျင့်ကြံနေထိုင်ကြရန် လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် ဝန်ကြီးဌာန၊ ဦးစီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်၊ ရုံးလုပ်ငန်းလက်စွဲ ဘာသာရပ်၊ သာသနာ့ရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာ ဘာသာရပ်၊ ဗုဒ္ဓဖြစ်တော်စဉ်သမိုင်း၊ သင်္ဂါယနာသမိုင်း၊ အခြေခံဗုဒ္ဓဘာသာ လောကနီတိဘာသာရပ်၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများ၊ ဝန်ထမ်းရေးရာဘာသာရပ်၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း၊ ဘဏ္ဍာရေး စည်းမျဉ်းနှင့် ဥပဒေဘာသာရပ်တို့ကို သင်ကြားပေး မည်ဖြစ်ကြောင်း၊ ယခုသင်တန်းသည် လုပ်ငန်းခွင် နယ်ပယ်မှာ လက်တွေ့လုပ်ဆောင်ရမည့် သာသနာ့ရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာ လုပ်ငန်းစဉ်များ၊ စီမံရေးရာ၊ ဝန်ထမ်းရေးရာ၊ ငွေစာရင်းထိန်းသိမ်းခြင်းဆိုင်ရာများ စသည်တို့ကို အခြေခံအဆင့်အကျဉ်းချုပ် သင်ကြား ပို့ချပေးလိုက်ခြင်းဖြစ်ကြောင်း၊ မေ ၁၀ ရက်မှ ၂၁ ရက်အထိ ရက်သတ္တ နှစ်ပတ်ကြာ သင်တန်းမှ ပို့ချပေးလိုက်သည့် ဘာသာရပ်များကို ဆက်လက်လေ့လာပြီး လက်တွေ့ လုပ်ငန်းခွင်နယ်ပယ် တွင် အကျိုးရှိအောင် အသုံးချသွားကြပါဟု တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ တာဝန်ရှိပုဂ္ဂိုလ်များက သင်တန်းသား၊ သင်တန်းသူများအား လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)

No comments:

Post a Comment