Saturday, May 15, 2021

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဉီးသန်းဆွေ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ လေ့ကျင့်သင်ကြားရေးနှင့် သင်တန်းများ ပြန်လည်ဖွင့်လှစ်ရေး ဆိုင်ရာ ကိစ္စရပ်များ ကြည့်ရှုစစ်ဆေး

 




နေပြည်တော် မေ ၁၅

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဉီးသန်းဆွေသည် အဖွဲ့ဝင် ဉီးဆန်းမြင့်နှင့်အတူ မေ ၁၃ ရက်က ပြင်ဉီးလွင်မြို့နယ်၊ ဇီးပင်ကြီးကျေးရွာရှိ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)သို့ရောက်ရှိပြီး ကိုဗစ်-၁၉ရောဂါဖြစ်ပွားသည့် ကာလမှစ၍ ရပ်နားထား ခဲ့ရသော နိုင်ငံ့ဝန်ထမ်း လေ့ကျင့်သင်ကြားရေးဆိုင်ရာ သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် သင်တန်းသားအိပ်ဆောင်များ၊ စာသင်ခန်းမများ၊ စားရိပ်သာများနှင့် သင်တန်း အုပ်ချုပ်မှုဆိုင်ရာရုံး၊ အဆောက်အအုံများအား Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီနှင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနတို့မှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များ၊ သတ်မှတ်ချက်များနှင့်အညီ ပြင်ဆင်ထား ရှိမှု၊ သင်တန်းသားများ ကျန်းမာရေးနှင့်အညီ သွားလာနေထိုင်စားသောက်ရေး ပြင်ဆင်ထား ရှိမှု၊ ကျောင်းပရိဝုဏ်အတွင်း သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည် များကို မှာကြားသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌသည် မေ ၁၄ ရက်တွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဌာနကြီးမှူးများနှင့် တာဝန်ရှိသူ များကိုတွေ့ဆုံ၍ နိုင်ငံ့ဝန်ထမ်းများ အရည်အသွေးတိုးတက်မြင့်မားစေရေး လေ့ကျင့်သင် တန်း ပေးရာတွင် တက္ကသိုလ်မှ ပုံမှန်သင်ကြားပို့ချပေးလျက်ရှိသော သင်ခန်းစာများ အပြင် နိုင်ငံတော် ကာကွယ်ရေး နှင့်လုံခြုံရေးဆိုင်ရာ ပညာရပ်များ အလေးထားသင်ကြားပြီး နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် စည်းကမ်း လိုက်နာပြီး ပြည်သူလူထုအပေါ် ကောင်းမွန်သော ဝန်ဆောင်မှုပေး ရမည်ဆိုသည့် အသိစိတ်ဓာတ်၊ အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်မှု၊ အဖွဲ့အစည်းဖြင့် လုပ်ကိုင်ဆောင်ရွက်တတ်မှု၊ အထက် အောက် အပြန်အလှန်လေးစားမှု စိတ်ဓာတ်များ တိုးမြင့် လာစေရေး အလေးထားသင်ကြားပေးရန် ကိစ္စ၊ သင်ကြားပို့ချမည့် ဘာသာရပ်များ၊ သင်ရိုး မာတိကာ၊ သင်ရိုးညွှန်းတမ်းများကို ခေတ်နှင့်အညီ ဖြစ်စေရေး၊ နှီးနွယ်သည့် ပညာရပ်ဆိုင်ရာ တက္ကသိုလ်များနှင့် ပေါင်းစပ်ညှိနှိုင်းပြင်ဆင်ရေးကိစ္စရပ်များ၊ တက္ကသိုလ်၏ ဂုဏ်သိက္ခာမြင့် တက်လာစေရေးအတွက် အုပ်ချုပ်ရေး၊ လေ့ကျင့်သင်ကြား ရေးဆိုင်ရာ စီမံချက်များ ချမှတ် အကောင်အထည်ဖော်ရေး ကိစ္စရပ်များအား ဆွေးနွေး မှာကြားသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ အနေဖြင့် ဇွန် (၇) ရက်မှစ၍ အရာထမ်းအခြေခံ (အထူး) သင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန် ဒီပလိုမာ သင်တန်းကို စတင်ဖွင့်လှစ်မည်ဖြစ်ပြီး၊ စာရေးဝန်ထမ်း အခြေခံသင်တန်း၊ အရာထမ်းငယ်အခြေခံ သင်တန်းနှင့် အရာထမ်းအခြေခံ သင်တန်းတို့ကိုလည်း ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တစ်ခုတည်းတွင် စုစည်း၍ သတ်မှတ်ကာလအလိုက် ဆက်လက်ဖွင့်လှစ် လေ့ကျင့် သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)




No comments:

Post a Comment