Wednesday, April 21, 2021

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အစည်းအဝေး ကျင်းပ

 

ရန်ကုန် ဧပြီ ၂၁

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်း အမှတ်(၃၉၂/၃၉၆)ရှိ    မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီရုံး အစည်းအဝေးခန်းမ၌  ကျင်းပသည်။

အစည်းအဝေးသို့  မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ယာယီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးသန့်တင်၊ ကောင်စီဝင်များဖြစ်ကြသည့် ဦးအုန်းမောင် (မြင်းမူ- မောင်နိုင်မိုး)၊ ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)၊ ဦးခင်မောင်အေး(KMA)၊ ဦးတင်မောင်ဦး၊ ဒေါက်တာ အေးမင်း၊ ဦးမောင်မောင်မြင့်အေး၊ ဦးသက်နိုင်ဦး၊ ဒေါ်မြင့်မြင့်သိန်း၊ ဦးအောင်ပြည့်စုံ၊ ဒေါ်ချိုအိဇင်(ခ) နွေဦးလင်း၊ ဦးတင်မောင်ထွေး နှင့် ဦးရဲနိုင်စိုးတို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ယာယီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးသန့်တင် က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ   ဆောင်ရွက်ခဲ့မှုများ၊ သတင်းမီဒီယာကောင်စီ၏ ဥပဒေ၊ နည်းဥပဒေ ကျင့်ဝတ်များနှင့် ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍  ဆွေးနွေးခဲ့ကြသည်။

ဒီနေ့မှာ ကောင်စီဝင်အသစ်တွေနဲ့တွေ့တာပါ။  သတင်းမီဒီယာ  ကောင်စီဝင် တချို့တော်တော်များများ ထွက်သွားကြတော့ နှစ်ယောက်ပဲကျန်တော့တယ်။   သတင်း မီဒီယာ ဥပဒေအရ ၁၅ ယောက်ထက်လျော့သွားရင် ထပ်ဖြည့်ပေးရတယ်။ ရွေးချယ်ရေး ကော်မတီကပြန်ရွေးပြီး ဒီနေ့မှာကျန်တဲ့ နှစ်ယောက်နဲ့ ထပ်ရွေးတာ ၁၄ ယောက်ဆိုတော့ ၁၆ ယောက်  ဖြစ်သွားတယ်။ ၁၅ ယောက်ထက်  ကျော်သွားပြီဆိုတော့ အားလုံးကို အသိပေးပြီး သတင်းမီဒီယာကောင်စီအနေနဲ့ ဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်များကို အခြေခံပြီး ဆောင်ရွက်နေတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းကိုသွားတဲ့ အခါမှာ ကျွန်တော်တို့ သတင်းမီဒီယာ  ကောင်စီက  အလွန်အရေးကြီးတဲ့ စတုတ္ထမဏ္ဍိုင် ဖြစ်တယ်။ ဒီစတုတ္ထမဏ္ဍိုင်ကို မပြိုလဲအောင်  ဝိုင်းဝန်းဆောင်ရွက်ပြီးတော့ အခုအချိန်မှာ ပီပီပြင်ပြင်ပြန်လုပ်နိုင်တဲ့ အခြေအနေ ရှိတယ်။         အခုအချိန်မှာ သတင်းနဲ့ပတ်သက်ပြီး   အလွန်အရေးကြီးတဲ့အချိန်လို့ မြင်ပါတယ်။ အခု ဒီအစည်းအဝေးမှာ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါတယ်။ မကြာခင်မှာ ဆွေးနွေးကြတဲ့အချက်အလက်တွေနဲ့ ဆက်လက်ပြီး ဆောင်ရွက်သွားပါမယ်လို့ အားလုံးကို   အသိပေးချင်ပါတယ်။

ကျွန်တော်တို့ ဥက္ကဋ္ဌကြီး တိမ်းပါးသွားတော့ ကျွန်တော့်ကို ယာယီဥက္ကဋ္ဌ အနေနဲ့ ရွေးတယ်။ ကနဦး သုံးယောက်ရွေးပေးထားတယ်။ အခု ၁၁ ယောက်ကနေ  ရွေးချယ်ရေး ကော်မတီက ဖြည့်ပေးတယ်။ ကျွန်တော်တို့ ဒုတိယ သုံးနှစ်သက်တမ်းက လာမယ့် စက်တင်ဘာလဆို ကုန်ပြီ။  အဲဒါမတိုင်ခင်မှာ ၁၅ ယောက်အောက်လျော့သွားတော့ ဥပဒေအရ ပြန်ဖြည့်ပေးဖို့ ရွေးချယ်ရေးကော်မတီက ကြိုးစားကြပါတယ်။    ဒီ  ၁၁ ယောက်က သက်ဆိုင်ရာမီဒီယာ အဖွဲ့အစည်းတွေကနေ အဆိုပြုတဲ့ သူတွေပါ။ နောက်ထပ်  ပုဂ္ဂလိက အဖွဲ့ဝင်တွေ ခေါ်ထားသေးတယ်။ ပုဂ္ဂလိကအဖွဲ့ဝင်က ၆ ယောက်ဖြစ်နေတော့ လိုအပ်တာက ၃ ယောက်ပဲဆိုတော့ လာမယ့် ၃၀ ရက်မှာ သုံးယောက်ကို ရွေးပါမယ်။  အဲဒီ သုံးယောက်နဲ့ဆိုရင် ၁၉ ယောက်ဖြစ်သွားမှာပါ။ အဲဒါဆိုရင် ကျွန်တော်တို့ မြိုင်မြိုင် ဆိုင်ဆိုင် ဆောင်ရွက်လို့ရပါပြီဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ယာယီ ဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်တင် က ပြောသည်။

လာမည့် ဧပြီ ၃၀ ရက်တွင် ကျန်ရှိနေသည့်   မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ပုဂ္ဂလိကအဖွဲ့ဝင် ၆ ဦး အနက် ၃ ဦးကို   ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)



No comments:

Post a Comment