နေပြည်တော် ဧပြီ ၂၁
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ
ခရီးသွား ဆွဲဆောင်မှုရှိသော နေရာများနှင့် ဟိုတယ်များ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းနှင့်အညီ
ဖွင့်လှစ်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဉီးစွာ ပြည်ထောင်စုဝန်ကြီးသည်
ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာရှိ ရှေးဟောင်း စေတီတော်များသို့ သွားရောက်ပြီး
ညောင်ပင်ကြီးစုသိမ်ကျောင်းမှ သက်တော် (၈၄) နှစ်၊ ဝါတော် (၆၂) ဝါရှိသော ဆရာတော် အရှင်စကိန္ဒအား
ဖူးမြော်၍ အလှူငွေ ဆက်ကပ်လှူဒါန်းသည်။ အဆိုပါ ညောင်ပင်ကြီးစု ကျေးရွာရှိ ရှေးဟောင်းစေတီတော်ဝန်း၌
စေတီပေါင်း (၃၄) ဆူ၊ ထိုင်တော်မူဘုရား (၁၄) ဆူအား ပျူခေတ်ရှေးမူလက်ရာမပျက် ပူဇော်ထားရှိသည့်အပြင်
သာသနိက အဆောက် အအုံများ၊ ရှေးဟောင်းသလွန်နှင့် စာချွန်တော်ဗူးများအား လေ့လာနိုင်ပြီး
ဘုရားသွားရာ ခရီး လမ်းတစ်လျှောက်ရှိ အလှအပရှုခင်းများ၊ ကျေးရွာလူထု၏ လူနေမှုဘဝများကိုလည်း
လေ့လာနိုင်မည်ဖြစ်သည့်အတွက် ပြည်ထောင်စုဝန်ကြီးက ဒေသခံပြည်သူများနှင့် ခရီးသွား ဧည့်သည်များ
ဘုရားဖူးအပန်းဖြေလာရောက် လည်ပတ်နိုင်ရန်အတွက် သန့်ရှင်းသပ်ရပ်စွာ ပြင်ဆင်ဆောင်ရွက်ထားရှိရန်
သက်ဆိုင်ရာ တာဝန်ရှိသူများကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်
ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ထားရှိသည့်
ဟိုတယ်များကို သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဟိုတယ်ဆိုင်ရာ ကိစ္စရပ်များနှင့်
ဧည့်သည်များကို ဝန်ဆောင်မှု ပေးနေသည့်အခြေအနေများ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက
နေပြည်တော်သည် အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်သည့်အတွက် လုပ်ငန်းဆောင်ရွက်ရာတွင် ကိုဗစ်-၁၉
ရောဂါ ဂရုပြုရန်လိုအပ်ပါကြောင်း။
ယခုအခါတွင် အိမ်နီးချင်း
နိုင်ငံအချို့၌ မျိုးရိုးဗီဇပြောင်းလဲသည့် ကိုဗစ်-၁၉ ရောဂါ တွေ့ရှိနေရသည့် အတွက် လာရောက်တည်းခိုသည့်
ခရီးသွားဧည့်သည်များကို ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများ၊ အသိအမြင်များ
သိရှိရေး ကြိုတင်စီမံဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ ဟိုတယ်တွင် တာဝန်ထမ်းဆောင်သည့်
ဝန်ထမ်းများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် ပြီးစီးမှုနှင့် ထိုးနှံရန်
ကျန်ရှိသူများကို အမြန်ဆုံးထိုးနှံနိုင်ရေး ဆောင်ရွက်သွားရန်၊ နေပြည်တော်ကို ခရီးသွားဧည့်သည်များ
များပြားစွာလာရောက် တည်းခိုနိုင်ရေးအတွက် ခရီးသွားမြှင့်တင်မှုအနေဖြင့် ဟိုတယ်ခနှုန်းထားများကို
မျှတအောင် ဆောင်ရွက်ပေးစေလိုကြောင်းနှင့် ဧည့်သည်များကို ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်ရေး အလေးထား
ဆောင်ရွက်ရန် ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်
ငလိုက်ကန်သာ Resort သို့ ရောက်ရှိပြီး တာဝန်ရှိသူများအား နေပြည်တော်ကို ခရီးသွားဧည့်သည်များ
လာရောက်သည့် ဗဟိုပြု နေရာဖြစ်အောင် အစီအမံများ ချမှတ်ဆောင်ရွက်နေပါကြောင်းနှင့် လုပ်ငန်းများ
ဆက်လက် တိုးချဲ့မည့်အစီအစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းသိမ်းရေး စည်းမျဉ်းစည်းကမ်းများကို
လိုက်နာဆောင်ရွက်ရေးအတွက် မှာကြားသည်။
ယင်းနောက် ငလိုက်ကန်သာ
Resort မှ ငလိုက်ဆည်အတွင်း အပျော်စီးလှေဖြင့် ပတ်ဝန်းကျင်ရှုခင်းအလှအပများကို ကြည့်ရှုပြီး
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၂၁၇) မိုင်အနီးရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ
ဆောင်ရွက်လျက်ရှိသော ငလိုက်စခန်းသာ ဆင်စခန်းသို့ ရောက်ရှိရာ မြန်မာ့သစ်လုပ်ငန်း ဒုတိယ
အထွေထွေမန်နေဂျာ ဦးစိုးနိုင်နှင့် တာဝန်ရှိသူများက ဆင်စခန်း မကြာမီ ပြန်လည်ဖွင့် လှစ်နိုင်ရေး
ပြင်ဆင်ဆောင်ရွက် လျက်ရှိသည့်အခြေအနေများကို ရှင်းလင်းပြသပြီး ဆင်ပြတိုက်သို့ သွားရောက်ကြည့်ရှုကာ
ဆင်များ ဆင်ဖြည့်စွက်စာ ကျွေးမွေးခြင်းနှင့် ဆင်ကပြ ဖျော်ဖြေမှုများကို ကြည့်ရှု၍ ရွက်အုပ်ဖြတ်လျှောက်
သစ်သားတံတားပေါ်သို့ တက်ရောက် ကြည့်ရှုသည်။
အဆိုပါ ဆင်စခန်းသည်
(၅၃၈) ဧက ကျယ်ဝန်းကာ ဆင်ကောင်ရေ (၁၉) ကောင်ရှိပြီး တံတားအရှည် (၃၂၇) ပေ အရှည်ရှိသည့်
ရွက်အုပ်ဖြတ်လျှောက်သစ်သားတံတားနှင့် အရှည် (၄၈၁၇) ပေရှိသည့် တောတွင်းဖြတ်လျှောက်လမ်းများ
ပါရှိကာ ပြည်တွင်းပြည်ပခရီး သွားဧည့် သည်များအနေဖြင့် ဆင်ထိန်းသိမ်းစောင့်ရှောက်ခြင်းပညာကို
အနီးကပ်လေ့လာ ဆည်းပူးခွင့် ရခြင်းနှင့်ဆင်စီး၍ တောတောင်သဘာဝလေ့လာခွင့် ရရှိခံစားနိုင်မည်ဖြစ်၍
ခရီးသွားဧည့်သည်များ လာရောက် အပန်းဖြေ အနားယူနိုင်သည့် ခရီးစဉ်ဒေသတစ်ခုဖြစ်သည်။
ပြည်ထောင်စုနယ်မြေ၊
နေပြည်တော်ကောင်စီနယ်မြေအတွင်း ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ လာရောက်အပန်းဖြေလည်ပတ်နိုင်ရန်
ဥပါတ္တသန္တိဘုရားကြီး၊ တိမ်ပင်လယ် ဝေသာလီ ကျေးရွာ၊ မြသီတာကျေးရွာ ခုနှစ်ဆင့်ရေတံခွန်အပါအဝင်
ခရီးသွား ဆွဲဆောင်မှုရှိသော ခရီးစဉ်ဒေသ (၂၉) ခုရှိပြီး ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာ
စုစုပေါင်း (၉၁) လုံး ဖွင့်လှစ်ထားရှိကာ ပြည်တွင်း
ပြည်ပခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာတွင် ရွေးချယ်လည်ပတ်စရာနေရာများ ပိုမို ရရှိစေရန်အတွက်
ခရီးစဉ်ဒေသအသစ်များကိုလည်း ဖော်ထုတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment