နေပြည်တော် ဧပြီ ၃၀
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့နံနက်ပိုင်းတွင် အမျိုးသားယဉ်ကျေးမှု အနုပညာတက္ကသိုလ်
(မန္တလေး) သို့ရောက်ရှိရာ ပါမောက္ခချုပ် ဦးအောင်ဆန်းဦး က တက္ကသိုလ်ဆိုင်ရာအချက်အလက်များ၊
တက္ကသိုလ်တွင် အနုပညာဆိုင်ရာ မဟာဝိဇ္ဇာဘွဲ့နှင့် ဘွဲ့လွန်အနုပညာဒီပလိုမာသင်တန်းများ
ပြန်လည်ဖွင့်လှစ်မည့် အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ အနုပညာအထက်တန်းကျောင်း
(ပန်တျာကျောင်းနှင့်ပန်းချီ၊ ပန်းပုကျောင်း) (မန္တလေး)မှ လက်ထောက်ညွှန်ကြားရေးမှူး
ဦးတင့်နိုင်စိုး က သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်၍လည်းကောင်း စီစဉ်ဆောင်ရွက်ထားရှိမှု
အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ကျောင်းများ ပိတ်ထားသည်မှာ ၁ နှစ်ကျော်ရှိခဲ့ပြီဖြစ်ပါကြောင်း၊
ထို့ကြောင့် ပညာရေးမှာ နောက်ကျကျန်ရစ်မှု မရှိစေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်
ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေး စီမံပေးလျက်ရှိပါကြောင်း၊ အမျိုးသားယဉ်ကျေးမှု
အနုပညာတက္ကသိုလ် များတွင်လည်း အနုပညာဆိုင်ရာ မဟာဝိဇ္ဇာတန်းများနှင့် ဘွဲ့လွန်အနုပညာ
ဒီပလိုမာတန်းများကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ
ဇွန် ၁ ရက်တွင် ဖွင့်လှစ်သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်း၊
ပုံမှန်သင်တန်းများကို ခွင့်ပြုကာလတွင် ဖွင့်လှစ်နိုင်ရေး၊ အနုပညာ အထက်တန်းကျောင်း
(ပန်တျာကျောင်းနှင့်ပန်းချီ၊ ပန်းပုကျောင်း)(မန္တလေး)ကို မေ ၃ ရက်တွင် ဖွင့်လှစ်နိုင်ရန်အတွက်
သင်တန်းခန်းမနှင့် သင်ထောက်ကူပစ္စည်းများ ပြည့်စုံစွာ စီစဉ်ဆောင်ရွက်ပေးရေး၊ ကျောင်းသား၊
ကျောင်းသူအိပ်ဆောင်များတွင် စနစ်တကျနေရာချထားနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ထား ကြရန်ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်
တက္ကသိုလ်စုပေါင်းခန်းမ၌ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ နိုင်ငံ့ဝန်ထမ်းများအနေဖြင့်
ပါတီနိုင်ငံရေး ကင်းရှင်းစွာဖြင့် နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်နှင့်အညီ ပေးအပ်လာသည့်တာဝန်ကို
ကျေပွန်စွာဖြင့် စွမ်းအားပြည့်ထမ်းဆောင်ကြရန် လိုအပ်ပါကြောင်း၊ ဤဝန်ကြီးဌာနက တာဝန်ယူဖွင့်လှစ်ထားသော
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များ၊ အနုပညာအထက်တန်းကျောင်းများ၏ အဓိက တာဝန်သည်
အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများကို အခြေပြုပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အနု သုခုမပညာရပ်များကို
ထိန်းသိမ်းစောင့်ရှောက်နိုင်သည့် မျိုးဆက်သစ် လူငယ်များကို ပြုစုပျိုး ထောင်ပေးရန်ဖြစ်ပါကြောင်း၊
ထိုမျိုးဆက်သစ်လူငယ်များ၏ နှလုံးသားထဲတွင် ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံး၏ သိမ်မွေ့ခြင်းကို
အခြေခံသည့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ ထာဝစဉ်ကိန်းအောင်းနေရုံမျှမက ထိုအမျိုးသားယဉ်ကျေးမှု
စရိုက်လက္ခဏာများ ဆက်လက် ပြန့်ပွားစေရေးကို ဆင့်ကမ်းဆောင်ရွက်နိုင်ကြစေရန် လေ့ကျင့်သင်ကြားပေးသွားရမည်ဖြစ်ပါ
ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
တက္ကသိုလ်အတွင်းတည်ဆောက်လျက်ရှိသည့် သံကူကွန်ကရစ် ၃ ထပ်စာသင်ဆောင် ၁ လုံးနှင့် ဝန်ထမ်းအိမ်ရာ
၈ ခန်းတွဲ ၄ ထပ် ၁ လုံး တည်ဆောက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် မန္တလေးမြို့၊
မဟာအောင်မြေမြို့နယ်၊ မစိုးရိမ် တိုက်သစ်၊ ဓမ္မထေရိယ မဟာနာယက ချုပ်ကျောင်းဆောင်၌ သာသနာရေးနှင့်
ယဉ်ကျေးမှုဝန်ကြီးဌာနမှ လှူဒါန်းသော ထာဝရဆွမ်းပဒေသာပင် ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို
ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ မန္တလေးတိုင်းဒေသကြီး
စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမောင်ကို၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးထွန်းအုံ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ
တက်ရောက်ကြည်ညိုကြသည်။
ရှေးဦးစွာ မန္တလေးမြို့၊
မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မဘာဏက ကျောင်း၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့
ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကေသရာဘိဝံသ ဆရာတော်ကြီးထံမှ
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးကိုကို အမှူးပြုသော ဌာနဆိုင်ရာအကြီးအကဲများက
ငါးပါးသီလ ခံယူဆောက်တည် ခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး
ကမစိုးရိမ်တိုက်အတွင်း သီတင်းသုံးနေထိုင်တော်မူကြသော ပရိယတ္တိဝန်ဆောင် ဆရာတော်များ
ဆွမ်း၊ ကွမ်းကြောင့်ကျမှုမရှိကြစေရန် ရည်သန်၍ ထာဝရဆွမ်းပဒေသာပင်အဖြစ် ငွေကျပ်သိန်း
၁၀၀ အား စိုက်ထူလှူဒါန်းရခြင်းဖြစ်ပါကြောင်းနှင့်
ဆရာတော် သံဃာတော်များ ဘောဇန သပ္ပါယမျှတပြီး သက်ရှည် ကျန်းမာစွာဖြင့် သာသနာ့ တာဝန်ကို
ထမ်းဆောင်နိုင်၍ ဗုဒ္ဓသာသနာတော်မြတ်ကြီး အဓွန့်ရှည်စွာ တည်တံ့ဝေစည်နိုင် မည်ဖြစ်ကြောင်း
စသည်ဖြင့် လျှောက်ထားကာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်
ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ဘဒ္ဒန္တကေသရာဘိဝံသဆရာတော်ကြီးထံမှ
ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ သူများက အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက်
ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ညနေပိုင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဦးကိုကို သည် မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
ဦးမောင်ကိုနှင့်အတူ မန္တလေးမြို့ရှိ ရွှေနန်းတော်ကျောင်းသို့ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
(သတင်းစဉ်)

No comments:
Post a Comment