နေပြည်တော် ဧပြီ ၂၆
တက္ကသိုလ်များတွင်
စီးပွားရေးဘွဲ့သင်တန်းနှင့် ဥပဒေဘွဲ့သင်တန်းများ တိုးချဲ့ဖွင့်လှစ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို
ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်
အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့်
ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒေါ်အေးနုစိန်နှင့် ဦးမောင်းဟာ၊ ပြည်ထောင်စုဝန်ကြီးများ
ဖြစ်ကြသည့် ဒေါက်တာ ညွန့်ဖေ နှင့်ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊
ပါမောက္ခချုပ်များနှင့် ပါမောက္ခများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များအား စတင်တာဝန်ထမ်းဆောင်ချိန်မှစ၍
ပညာရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်
ဆွေးနွေးခဲ့ကြောင်း၊ မိမိတို့နိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်း
နေခြင်းဖြစ်၍ ဥပဒေကို နိုင်ငံသားတိုင်းသိရှိနားလည်ရန်လိုအပ်သဖြင့် ဥပဒေပညာ ရပ်များအား
ကျယ်ပြန့်စွာသင်ကြားနိုင်ရေးဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး
အတွက် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်သဖြင့် စီးပွားရေးကဏ္ဍတွင် စီးပွားရေးအသိအမြင်ရှိသည့်
ပညာတတ်များပေါများရန်လိုအပ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့်
အဆိုပါ စီးပွားရေးပညာရပ်နှင့် ဥပဒေပညာရပ်များအား တက္ကသိုလ်များအားလုံးတွင် သင်ကြားနိုင်ရေး
ကြိုးပမ်း ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း။
တက္ကသိုလ်များသည်
ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများကို မွေးထုတ်ပေးသည့် နေရာဌာနတစ်ခုဖြစ်ပြီး လက်တွေ့လုပ်ငန်းများ
ဆောင်ရွက်ချိန်တွင် တက္ကသိုလ်မှ သင်ကြားပေးခဲ့သည့်ပညာရပ်များကို အခြေခံ၍ လူမှုဘဝမြှင့်တင်မှုအကျိုးများကို
ခံစားရနိုင်ကြောင်း၊ လူတိုင်းဥပဒေပညာရှင်မဖြစ်နိုင်သော်လည်း ဥပဒေပညာနားလည် သိရှိမှုကြောင့်
ဥပဒေပညာကို အသုံးချ၍ လူမှုဘဝမြှင့်တင်မှုများကို ခံစားရနိုင်ကြောင်း၊ အလားတူ စီးပွားရေးပညာရပ်များကို
တတ်ကျွမ်းခြင်းဖြင့် လက်တွေ့လုပ်ငန်းနယ်ပယ်တွင် အကျိုးရှိအောင် အသုံးချနိုင်ကြောင်း၊
လက်တွေ့လုပ်ငန်းခွင်များတွင် တက္ကသိုလ်မှ သင်ကြားပေးလိုက်သည့် ပညာရပ်များကို အသုံးချခြင်းအားဖြင့် များစွာအကျိုးရှိနိုင်မည် ဖြစ်ကြောင်း။
မိမိတို့နိုင်ငံ၌
၁၉၂၀ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် တစ်ခုသာရှိပြီး အဆိုပါ အချိန်ကာလက တက္ကသိုလ်ကျောင်းသား
ကျောင်းသူများကို အများကအထင်ကြီး လေးစားကြကြောင်း၊ ဆက်လက်ပြီး မန္တလေးတက္ကသိုလ်၊ တောင်ကြီးကောလိပ်၊
မော်လမြိုင်ကောလိပ်၊ ပုသိမ်ကောလိပ်၊ မြစ်ကြီးနားကောလိပ်၊ စစ်တွေကောလိပ်များ ဖွင့်လှစ်၍
ထိုမှတစ်ဆင့် တက္ကသိုလ်များအဆင့်အထိ တိုးချဲ့ဖွင့်လှစ်လာခဲ့ရာ ယခုအခါ ဒေသ ၂၄ ခုတွင်
တက္ကသိုလ်များဖွင့်လှစ်နိုင်ပြီဖြစ်ပါကြောင်း၊ ယခင်က စီးပွားရေး ပညာရေးပညာနှင့် ဥပဒေပညာရပ်သင်ကြားလိုသူများအနေဖြင့်
ရန်ကုန်သို့ လာရောက် သင်ကြားကြရကြောင်း၊ တစ်နိုင်ငံလုံးမှ ကျောင်းသားများလာရောက်သင်ကြားကြသဖြင့်
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပတ်ဝန်းကျင်အသစ်တွင်ကျင်လည် ကြရပြီး ကြိုးစားအားထုတ်သူများအနေဖြင့်
ထူးချွန်အောင်မြင်မှုများရှိသည်ကို တွေ့ရှိရကြောင်း၊ တက္ကသိုလ်ပညာပြီးဆုံးချိန်တွင်
အချို့ကဌာနဆိုင်ရာများတွင် အရာရှိများ ဖြစ်လာသကဲ့သို့ အချို့မှာလည်း မိမိတို့သက်ဆိုင်ရာလုပ်ငန်းများအလိုက်
ဆောင်ရွက်ကြသဖြင့် တက္ကသိုလ်ပညာ ပြီးဆုံးသူတိုင်း အစိုးရဝန်ထမ်းမဖြစ်ကြကြောင်း။
ပညာသင်ကြားရေးတွင်
အခြေခံပညာအဆင့်နှင့် တက္ကသိုလ်အဆင့်သည် ကွာခြားမှုများ ရှိကြောင်း၊ အခြေခံပညာအဆင့်သင်ကြားသည့်
ကျောင်းသားကျောင်းသူများကို မိဘ၊ ဆရာများက အနီးကပ်ထိန်းသိမ်းကြပ်မတ်ပေးရပြီး တက္ကသိုလ်တွင်
ပညာသင်ကြားသည့် ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ကိုယ်တိုင်ထိန်းသိမ်း နေထိုင်ကြရကြောင်း၊
အခြေခံပညာသင်ကြားရေးသည် သင်ကြားရေးစနစ် (Teaching)ဖြစ်ပြီး တက္ကသိုလ်ပညာ သင်ကြားရေးသည်
လေ့လာခြင်းစနစ် (Learning) ဖြစ်ကြောင်း၊ အခြေခံပညာမူလတန်း သင်ကြားသည့်ကျောင်းသား၊ ကျောင်းသူများအနေဖြင့်
သင်ကြားသည့်ပညာရပ်များနှင့် ပတ်ဝန်းကျင်အားဖြင့် ယေဘူယျတူညီကြောင်း၊ အလားတူအလယ်တန်းအဆင့်
ပညာသင် ကြားသည့် ကျောင်းသား၊ ကျောင်းသူများသည်လည်း တူညီသည့်အသက်အရွယ်၊ တူညီသည့်ပညာရပ်၊
တူညီသည့်ပတ်ဝန်းကျင်တွင် ပညာသင်ကြားကြရကြောင်း၊ အခြေခံ ပညာ အထက်တန်းအဆင့်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်
ကျရှုံးသူများရှိသဖြင့် အသက်အရွယ်အရအနည်းငယ်ကွာခြားမှုရှိလာကြောင်း၊ တက္ကသိုလ်တက်ရောက်ချိန်တွင်
လည်း နေ့သင်တန်း(Day)နှင့် အဝေးသင်(Distance) တို့သည့်ပညာသင်ကြားရမှုနှင့် ပတ်ဝန်းကျင်ကွာခြားမှုရှိကြောင်း၊
တက္ကသိုလ်များတွင် ပညာသင်ကြားရေးကိုသာမက လက်တွေ့ ဆောင်ရွက်ခြင်းနှင့် လေ့လာခြင်းပညာရပ်များကို
ဆောင်ရွက်ကြရကြောင်း၊ တက္ကသိုလ်များတွင် စာကြည့်တိုက်များ အဆင့်မီစွာရှိစေရေးအတွက်လည်း
အလေးထား ဆောင်ရွက်စေလိုကြောင်း၊ တက္ကသိုလ် တက်ရောက်သည့် လူငယ်များ စစ်မှန်သည့် ပညာရပ်များနှင့်
စစ်မှန်သည့် အသိပညာ၊ အတတ်ပညာများရရှိအောင် ဆောင်ရွက်ကြ စေလိုကြောင်း။
တက္ကသိုလ်များတွင်
ဥပဒေပညာသင်ကြားရေးနှင့်ပတ်သက်၍ ဒီမိုကရေစီစနစ်တွင် နိုင်ငံသားတိုင်းဥပဒေစည်းကမ်းများနှင့်
နေထိုင်နိုင်ရန်အတွက် ဥပဒေပညာသည် အရေး ကြီးကြောင်း၊ လူမှုရေးဆိုင်ရာများ၊ စီးပွားရေးဆိုင်ရာများနှင့်
အခြားကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဥပဒေနှင့်ပတ်သက်၍ ဆောင်ရွက်ရသည်များ များစွာရှိကြောင်း၊
အလားတူ အုပ်ချုပ်မှုပိုင်းဆိုင်ရာများဆောင်ရွက်ရာတွင်လည်း နိုင်ငံသားတစ်ယောက် အနေဖြင့်
ဥပဒေသိရန်လိုအပ်သကဲ့သို့ စီမံခန့်ခွဲမှုဆောင်ရွက်သူများအနေဖြင့်လည်း ဥပဒေ ကိုနားလည်တတ်ကျွမ်းရန်လိုအပ်ကြောင်း၊
ဥပဒေကို နားလည်တတ်ကျွမ်းထားခြင်း အားဖြင့် လက်တွေ့နယ်ပယ်တွင် တိုက်ရိုက်အသုံးချခွင့်ရသည့်
ပညာရပ်ဖြစ်ကြောင်း၊ တပ်မတော်တွင်လည်း တပ်မတော်အရာရှိကြီးများနှင့် အရာရှိငယ်များ၊ မြန်မာနိုင်ငံ
ရဲ့တပ်ဖွဲ့ဝင်အား ဥပဒေသင်တန်းများဖွင့်လှစ်၍ အလေးထားသင်ကြားပေးလျက်ရှိကြောင်း။
စီးပွားရေးပညာ သင်ကြားမှုနှင့်ပတ်သက်၍
တိုင်းပြည်စီးပွားရေးကောင်းမွန်ရန် အတွက် စီးပွားရေးအခြေခံများ၊ စီးပွားရေးကိုနားလည်တတ်ကျွမ်းသူများရှိမှသာ
ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ရှေးယခင်က
စီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှု အမှားများကြောင့် နိုင်ငံစီးပွားရေးကျဆင်းခဲ့ရသည်များ
ရှိခဲ့ကြောင်း၊ ထို့ကြောင့်စီးပွားရေးနှင့် ပတ်သက်၍ နိုင်ငံသားများစီးပွားရေးဆိုင်ရာအမြင်
များရှိရန်လိုအပ်သဖြင့် စီးပွားရေးပညာကို သင်ကြားစေလိုခြင်းဖြစ်ကြောင်း၊ စီးပွားရေးဆိုင်ရာပညာရပ်သည်
လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချဆောင်ရွက်နိုင်ကြောင်း၊ အလားတူ အခြားဘာသာရပ်များသည်လည်း
သက်ဆိုင်ရာပညာရပ် နယ်ပယ်အလိုက် အသုံးချနိုင်သည်များလည်းရှိကြောင်း၊ ဝိဇ္ဇာပညာရပ်သည်လည်း
လူများ၏ အတွေးအခေါ် တိုးတက်ရေးအတွက် များစွာအထောက်အကူပြုကြောင်း၊ ထို့ကြောင့် ပညာရေးဆိုင်ရာ
ဘာသာရပ်များသင်ကြားချိန်တွင် မျှတစွာသင်ကြားခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ၏
ဘဝတိုးတက်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ တက္ကသိုလ် ပညာသင်ကြားရေးနှင့်ပတ်သက်၍
အနာဂတ်ကိုမျှော်တွေးပြီး စဉ်းစားဆောင်ရွက်ကြ ရန်လိုကြောင်း။
မိမိတို့အနေဖြင့်
ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ကွာခြားမှုများ၊ ကျေးလက်၊ မြို့ပြကွာခြားမှုများကို
လျှော့ချနိုင်ရေးဆောင်ရွက်၍ တစ်နိုင်ငံလုံးအချိုးညီစွာ ဖွံ့ဖြိုး တိုးတက်စေရေး ဆောင်ရွက်လျက်ရှိကြောင်း၊
ထို့ကြောင့် ဖွံဖြိုးတိုးတက်မှုရှိစေရန်အတွက် နိုင်ငံရေးအရတည်ငြိမ်အေးချမ်းမှုရှိရန်၊
လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုရှိရန် ဆောင် ရွက်လျက်ရှိကြောင်း၊ လုံခြုံရေးအရတည်ငြိမ်အေးချမ်းမှုရှိရန်အတွက်
တိုင်းရင်းသား လက်နက်ကိုင်များ ချုပ်ငြိမ်းအောင်ဆောင်ရွက်လျက်ရှိကြောင်း၊ အချို့လက်နက်ကိုင်
ပဋိပက္ခဖြစ်ပွားလျက်ရှိသည့် အချို့နေရာများတွင် ပညာသင်ကြားရေးအတွက် အခက်အခဲ များဖြစ်ပေါ်လျက်ရှိပြီး
အချို့နေရာများတွင် တပ်မတော်မှ ကူညီဖြည့်ဆည်းဆောင်ရွက် ပေးနေမှုများရှိကြောင်း၊ ပညာတတ်များပေါများမှသာ
ဒေသတိုးတက်မည်၊ ဒေသတိုးတက် မှသာ အသိပညာများတိုးတက်ကောင်းမွန်လာမည်၊ အသိပညာများကောင်းမွန်မှသာ
တွေးခေါ်မျှော်မြင်မှုများ ကောင်းမွန်လာပြီး ငြိမ်းချမ်းရေးအရသာ၊ ဒီမိုကရေစီ၏ အရသာ
ကိုသိရှိပြီး လုပ်ငန်းများဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ လူမှုစီးပွားဘဝ
ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံမှ ပြည်သူများအားလုံး အခြားတိုင်းပြည်များတွင်
အောက်ခြေအလုပ်သမားအဖြစ် ဆောင်ရွက်ခြင်းကို မပြုလုပ်ကြစေလိုဘဲ မိမိတို့နိုင်ငံတွင်းမှာသာ
နေထိုင်လုပ်ကိုင်ဆောင်ရွက်၍ ကြီးပွားချမ်းသာစေလိုကြောင်း၊ ထို့ကြောင့် ပြည်သူများ ပညာတတ်အောင်
အောင်ဆောင်ရွက်ကြရာတွင် ဆရာ၊ဆရာမများမှ ပညာများသင်ကြား ပေးသကဲ့သို့ သက်ဆိုင်ရာအုပ်ချုပ်ရေး
အဖွဲ့အစည်းများ အနေဖြင့်လည်း တွန်းအားပေး ဆောင်ရွက်ကြစေလိုကြောင်း။
ဝန်ထမ်းများ CDM ပြုလုပ်မှုနှင့်ပတ်သက်၍
ဒီမိုကရေစီနိုင်ငံဖြစ်သဖြင့် နိုင်ငံရေး အရလွတ်လပ်စွာ သဘောထားကွဲလွဲမှုရှိနိုင်သော်လည်း
နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မည်သည့်အစိုးရ တာဝန်ယူသည်ဖြစ်စေ နိုင်ငံ့တာဝန်ကိုထမ်းဆောင်ရမည်ဖြစ်ကြောင်း၊
နိုင်ငံ့ဝန်ထမ်းများနှင့် အစိုးရဝန်ထမ်းသည်ကွာခြားမှုရှိကြောင်း၊ တပ်မတော်သားများ၊
မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံတော်ကိုကာကွယ်ပေးသည့် တရားဥပဒေစိုးမိုးရေး
ဆောင်ရွက်ပေးသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်ပြီး ပညာရေးဝန်ထမ်းများသည် နိုင်ငံသားများကို
ပညာသင်ကြားပေးမှုနှင့် ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းဖြစ်ပြီး၊ အုပ်ချုပ်မှုပိုင်းနှင့် ပတ်သက်၍
အစိုးရဝန်ထမ်းများဖြစ်ကြောင်း၊ အလားတူ ကျန်းမာရေးဝန်ထမ်းများ အနေဖြင့်လည်း ကုသရေးနှင့်ပတ်သက်၍
နိုင်ငံ့ဝန်ထမ်းများဖြစ်ကြကြောင်း၊ အခြားနိုင်ငံ များတွင်လည်း ဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲများကျင်းပဆောင်ရွက်ကြချိန်၌
မကျေလည်မှုများရှိသော်လည်း မိမိတို့နိုင်ငံကဲ့သို့ ဝန်ထမ်းများ CDM ပြုလုပ်မှုမရှိကြောင်း၊
ဝန်ထမ်းများတာဝန်ထမ်းဆောင်မှုသည် နိုင်ငံရေးနှင့်
ရောနှောမှုမရှိကြကြောင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် အစိုးရဝန်ထမ်းများအနေဖြင့် နိုင်ငံရေးကင်းရှင်းကြရန်လိုကြောင်း။
တပ်မတော်သည် အမျိုးသားရေးတာဝန်အဖြစ်
တို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုကို
အမျိုးသားရေး ရည်မှန်းချက်အဖြစ် မဖြစ်မနေတည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအရ
ဖြစ်ပေါ်ခဲ့သည့် ပြဿနာများကိုလည်း ဥပဒေနှင့်အညီသာ ဖြေရှင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊
ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် ဥပဒေနှင့်အညီသာဆောင်ရွက်ရမည်ဖြစ်ပြီး ရိုးသားသည့်
နိုင်ငံရေး၊ တရားမျှတသည့် နိုင်ငံရေးကို ဆောင်ရွက်ရန်လိုကြောင်း၊ ယခုအခါ စာသင်ကျောင်းများပိတ်ထား
ရမှုကြောင့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများအနေဖြင့် နစ်နာမှုများရှိသကဲ့သို့ နိုင်ငံအတွက်လည်း
နစ်နာရမှုများရှိကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက်
အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ထုတ်ပြန်ထားသည့်
COVID-19 စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်
ဒေါက်တာညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်းနှင့် အခမ်းအနားတက်ရောက်လာကြသူများက တက္ကသိုလ်ဇုန်(၂၄)ခုတွင်
(၁၄)ဇုန်၌ဥပဒေပညာရပ် လက်ရှိသင်ကြားပေးနေမှုနှင့် ကျန်တက္ကသိုလ်ဇုန် (၁၀)ခုတွင် ဥဒေပညာရပ်များ
ဆက်လက်သင်ကြားပေးနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ COVID-19 ထိန်းချုပ်နိုင်မှုအခြေအနေများ၊
စီးပွားရေးနှင့် ဥပဒေဘာသာရပ်များ သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များညှိနှိုင်းဖြည့်ဆည်း
ဆောင်ရွက်ပေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment