Friday, September 20, 2019

ဒုတိယသမ္မတ ဦးမြင့်ဆွေ မြန်မာအမျိုးသား ပြခန်းဆောင် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကုန်စည်ပြခန်းဆောင် အတွင်း လှည့်လည်ကြည့်ရှု


နန်နင်း စက်တင်ဘာ ၂၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးမြင့်ဆွေသည် အဖွဲ့ဝင်များနှင့်အတူ ယနေ့တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နန်နင်းအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၌ ကျင်းပသည့် မြန်မာ အမျိုးသားပြခန်းဆောင် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးပြီး ကုန်စည်ပြခန်းဆောင်အတွင်း လှည့်လည်ကြည့်ရှုသည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ဒေသစံတော်ချိန် နံနက် ၉ နာရီ မိနစ် ၂၀ တွင် မော်တော်ယာဉ်များဖြင့် ချင်းကျိုး (Qinzhou) မြို့ရှိ Free Trade Port Area Management Committee ရုံးသို့ရောက်ရှိရာ ချင်းကျိုးမြို့ ဒုတိယမြို့တော်ဝန် Mr. Liu Renshan နှင့် တာဝန်ရှိသူ များက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ချင်းကျိုးမြို့ လွတ်လပ်သော ကုန်သွယ်မှု ဆိပ်ကမ်း ဧရိယာ (Free Trade Port Area) ပုံစံငယ်ကို ကြည့်ရှုလေ့လာရာ လွတ်လပ်သောကုန်သွယ်မှု ဆိပ်ကမ်းဧရိယာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယအကြီးအကဲ Mr. Huang Shanrong နှင့် လွတ်လပ်သော ကုန်သွယ်မှုဆိပ်ကမ်း ဧရိယာစီမံခန့်ခွဲမှု ကော်မတီ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး Mr. Xu Chaoran တို့က “ချင်းကျိုးမြို့ လွတ်လပ်သော ကုန်သွယ်မှုဆိပ်ကမ်း ဧရိယာ” နှင့် “လွတ်လပ်သော ကုန်သွယ်မှု စမ်းသပ်ဇုန်(ချင်းကျိုး)” ဆိုင်ရာအချက်အလက်များ၊ လက်ရှိ လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်း အစီအမံများကို ရှင်းလင်းပြသကြ သည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် ချင်းကျိုးကွန်တိန်နာဆိပ်ကမ်း ဆိပ်ခံ တံတား အမှတ်(၄)သို့ရောက်ရှိရာ Beibu Gulf Port Qinzhou Dock Co,Ltd မှ အထွေထွေမန်နေဂျာ Mr. Zhou Yan နှင့် တာဝန်ရှိသူများက ချင်းကျိုးကွန်တိန်နာ ဆိပ်ကမ်းဆိုင်ရာ အချက်အလက်များ၊ ကွန်တိန်နာ ဆိပ်ကမ်းတည်ဆောက်ထားရှိမှု အခြေအနေနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြသကြသည်။
ဒုတိယသမ္မတနှင့်အဖွဲ့သည် ချင်းကျိုးကွန်တိန်နာ ဆိပ်ကမ်း တည်ဆောက်ထားရှိမှုနှင့် လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူ များနှင့် အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ မြန်မာအမျိုးသား ပြခန်းဆောင်ဖွင့်ပွဲ အခမ်းအနားကျင်းပမည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နန်နင်း အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာနသို့ရောက်ရှိရာ ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ကွန်မြူနစ်ပါတီ အမြဲတမ်းကော်မတီ အဖွဲ့ဝင်နှင့် နိုင်ငံရေးနှင့် ဥပဒေရေးရာ ကော်မတီ အတွင်းရေးမှူး Mr.Huang Shiyong နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ဦးဇော်မင်းတို့က မြန်မာအမျိုးသား ပြခန်းဆောင်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး ယဉ်ကျေးမှုအကအဖွဲ့၏ ကပြဖျော်ဖြေမှု များကို ကြည့်ရှု အားပေးကာ စုပေါင်းမှတ် တမ်းတင် ဓာတ်ပုံရိုက်သည်။
ယင်းနောက် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ယခုနှစ်အတွက် မြန်မာနိုင်ငံ၏ နှစ်လိုဖွယ်ရာမြို့ (City of Charm)အဖြစ် မကွေးမြို့ကို ရွေးချယ်သတ်မှတ်၍ ဖွင့်လှစ်ပြသထားရှိသည့် မြန်မာအမျိုးသား ပြခန်းဆောင်နှင့် (၁၆)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ပါဝင်ပြသ သည့် မြန်မာနိုင်ငံကိုယ်စားပြု ကုန်စည်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးသည်။
(၁၆)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင် ၆၀၀ ခန့်တို့က အမေရိကန်ဒေါ်လာ (၁ ဒသမ ၉၃၇)သန်း တန်ဖိုးရှိ မြန်မာ့ကော်ဖီနှင့် လက်ဖက်ထွက်ကုန်ပစ္စည်းများ၊ မြန်မာ့လက်မှုပစ္စည်းများ၊ ကျောက်မျက်နှင့် လက်ဝတ် ရတနာ ပစ္စည်းများ၊ သစ်အချောထည် ပစ္စည်းများ၊ သစ်သီးဝလံများ၊ မြန်မာ့ တိုင်းရင်းဆေး များ၊ ကြိမ်ပရိဘောဂပစ္စည်းများ၊ မြန်မာ့ စိုက်ပျိုးရေးထွက် ကုန်နမူနာ များ၊ စားသောက်ကုန် နမူနာပြခန်းများ အပါအဝင် ပြခန်းစုစုပေါင်း ၁၆၉ ခန်း ဖွင့်လှစ်ပြသလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment