Thursday, September 19, 2019

ပိုမိုသက်ဝင်လှုပ်ရှားလာတော့မည့် လူထုအခြေပြုဗဟိုဌာနများ


လွန်ခဲ့သော နှစ်ပေါင်း ၄၀၀ ကျော်က ဗြိတိသျှတွေးခေါ်ပညာရှင် ဖရန်စစ်ဘေကွန်၏ "Knowledge is Power" ဆိုသည့် စကားတစ်ခွန်း ပေါ်ထွက်လာခဲ့သည်။ ယင်းစကားထွက်ပေါ်ပြီးသည့် နောက်ပိုင်း လူ့အဖွဲ့အစည်းများ၏ ဦးတည်ရာ (Trend) များသည် အသိပညာဘက်သို့ တဖြည်းဖြည်း ရွေ့လျား ပြောင်းလဲ လာခဲ့သည်။

အထူးသဖြင့် ၂၀ ရာစုနောက်ပိုင်းတွင် လူ့အဖွဲ့အစည်းတိုင်းလိုလိုက ဉာဏအခြေခံသော လူ့အဖွဲ့အစည်းနှင့် ဉာဏ အခြေခံသော စီးပွားရေးပုံစံများသို့ သူ့ထက်ငါ အပြိုင်အဆိုင် ပြောင်းလဲလာကြသည်။ တစ်နည်း အားဖြင့် အသိပညာကို ထုတ်လုပ်မှုအရင်းအမြစ် (Productive Resources) တစ်ခု အဖြစ် သဘောထားကာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ များ၌ အနိုင်ဖဲတစ်ချပ်ပမာ အသုံးချလာခဲ့ကြသည်။
ခေတ်အဆက်ဆက်လေ့လာကြည့်လျှင် ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်းကို အသိပညာအခြေခံသော လူ့အဖွဲ့အစည်း တစ်ရပ်ဖြစ်အောင် ပုံဖော်ကြိုးပမ်းခဲ့ကြကြောင်း တေွ့ရှိရသည်။ သို့ရာတွင် မူဝါဒသဘောထား ရပ်တည်ချက်များ၊ လုပ်နည်းလုပ်ဟန်များ၊ ချဉ်းကပ်ပုံဖော်မှုများ ကွဲပြားခြင်းကြောင့် ခရီးရောက်မှုပမာဏ ကွဲပြားမှုများရှိခဲ့သည်။ ယနေ့အချိန်တွင် လူထုအခြေပြုဗဟိုဌာနများ တည်ထောင်၍ ပြည်သူများ အသိပညာ မြင့်မားအောင် ဆောင်ရွက်ပေး နေသည့်လုပ်ငန်းသည် ယခင်ခေတ်ကာလအခြေအနေများထက် အတော် အသင့် ခရီးရောက်ပြီး ခရီးပေါက်နေသည်ဟု ဆိုနိုင်သည်။
လူထုအခြေပြုဗဟိုဌာနအစ ကော့မှူးမြို့နယ်က
စာကြည့်တိုက်ဆိုသည်မှာ လူ့အဖွဲ့အစည်းတိုင်းအတွက် မပါမဖြစ် ရှိနေသည့် လူထုဆက်ဆံရေးမှူးတစ်ဦးပင် ဖြစ်သည်။ ကမ္ဘာတစ်ဝန်း ပြောင်းလဲလာသည့် အခြေအနေများအရ စာကြည့်တိုက်များသည် စာအုပ်စာပေ ငှားရမ်းပေးနိုင်သည့် နေရာတစ်ခုသာမကတော့ဘဲ လူထုအခြေပြုဗဟိုဌာနအဖြစ် ပြည်သူများအကျွမ်းတဝင် ဝင်ထွက် သွားလာနိုင်သည့်နေရာ၊ သတင်းအချက်အလက်နှင့် အသိပညာ ရှာမှီးရာနေရာ၊ ဘ၀တစ်သက်တာ လေ့လာသင်ယူနိုင်သည့် အခွင့်အလမ်းများကို မြှင့်တင်ပေးရာနေရာ၊ ငြိမ်းချမ်းမှု၊ တရားမျှတမှု များဖြင့် လူမှု သဟဇာတဖြစ်သော လူ့အဖွဲ့အစည်းများ ပေါ်ပေါက် လာအောင် အထောက်အကူပြုသည့်နေရာများအဖြစ် ပုံဖော်ကြိုးပမ်း လာခဲ့ကြသည်။
၂၀၁၃ ခုနှစ်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ကို ငွေကြေးများစွာအကုန်အကျခံ၍ လူထုအခြေပြု ဗဟိုဌာနအဖြစ် အသွင်ပြောင်းလဲပေးခဲ့သည်။
စာအုပ်အနည်းငယ်ဖြင့် စာကြည့်တိုက်ငယ်တစ်ခုအဖြစ်သာ ဖွင့်လှစ်နေသည့် ယင်းစာကြည့်တိုက်ကို ကွန်ပျူတာသင်တန်းများ၊ အင်္ဂလိပ်စာသင်တန်းများ၊ ဟောပြောပွဲများ ပြုလုပ်နိုင်သော ဘက်စုံသုံး ခန်းမများ ဖြည့်ဆည်းတည်ဆောက်ပေး၍ စာကြည့်တိုက်နှင့် ပြည်သူများ နီးစပ်မှုရှိလာအောင် ဆောင်ရွက်ပေးခဲ့သည်။ ရေွ့လျားစာကြည့်တိုက်ယာဉ်နှစ်စီးဖြင့် ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စာအုပ်စာစောင်များ လှည့်လည်ငှားရမ်းပေးခဲ့သည်။
တစ်နည်းအားဖြင့် သာမန် စာဖတ်/စာအုပ်ငှားလုပ်ငန်းများသာ ဆောင်ရွက် ပေးနေသည့် စာကြည့်တိုက်ငယ် တစ်ခုကို လူထုအခြေပြုဗဟိုဌာနတစ်ခုအဖြစ် ရောက်ရှိအောင်စတင် ကြိုးပမ်းပေး ခဲ့သည်။
အရှိန်ကောင်းလာခဲ့
ကော့မှူးမြို့နယ်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကစတင် အကောင်အထည်ဖော်ပေးခဲ့သည့် လူထုအခြေပြု ဗဟိုဌာန၏ လှုပ်ရှားမှုများသည် အချိန်တိုအတွင်း လွန်စွာအောင်မြင်လာခဲ့သည်။ ပြည်သူလူထုအတွင်း၌ လူထုအခြေပြုဗဟိုဌာနများ၏ အရေးပါမှုသည် တစ်နေ့တခြား မြင့်မားလာခဲ့ပြီး အခြားနေရာ ဒေသများ၌ ဆက်လက် ဖွင့်လှစ် အကောင်အထည်ဖော်ဖြစ်အောင် တွန်းအားပေးလာခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာနသည် နိုင်ငံတစ်ဝန်းလုံးရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်/မြို့နယ် စာကြည့်တိုက်များကို လူထုအခြေပြုဗဟိုဌာနများ ဖြစ်ပေါ်လာအောင် စီစဉ်ဆောင်ရွက်ခဲ့သည်။ အထူးသဖြင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)နှင့် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် လူထုအခြေပြုဗဟိုဌာနများကို စီစဉ်ဖွင့်လှစ်ပေးရန် ဆောင်ရွက်ခဲ့သည်။
ယနေ့အချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန ၁၆ ခုကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်)နှင့် တိုင်းဒေသ ကြီး/ပြည်နယ်အားလုံးတွင် ဖွင့်လှစ် ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်သည်။
ပြည်သူများ၏ စိတ်အားထက်သန်မှုနှင့် ပါဝင်ဆောင်ရွက်မှု
ပြန်ကြားရေးဝန်ကြီးဌာနသည် နိုင်ငံတစ်ဝန်းလုံးတွင် လူထုအခြေပြုဗဟိုဌာနများ ဖြစ်ထွန်းပေါ်ပေါက်လာ ရေးအတွက် အောက်ပါနည်းလမ်း သုံးခုဖြင့် ဆောင်ရွက်လျက်ရှိပါသည် -
- နိုင်ငံတော်ဘဏ္ဍာငွေဖြင့် တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
- အကျိုးတူပူးပေါင်းဆောင်ရွက်သည့် B.O.T စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
- ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ စေတနာရှင် အလှူရှင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ပူးပေါင်း ပါဝင်ကူညီမှုများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
နိုင်ငံတော်ဘဏ္ဍာငွေဖြင့် တည်ဆောက်အကောင်အထည်ဖော်မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၌ လူထုအခြေပြုဗဟိုဌာန အဆောက်အအုံကြီးကို ငွေကျပ် ၄၉၄ သန်း ကျော် အကုန်အကျခံ၍ တည်ဆောက်ပေးလျက်ရှိပါသည်။ အဆိုပါ အဆောက်အအုံကြီးသည် မြန်မာနိုင်ငံတွင် နိုင်ငံတော်ဘဏ္ဍာငွေဖြင့် တည်ဆောက်အကောင်အထည်ဖော်သည့် ပထမဆုံးလူထုအခြေပြု ဗဟိုဌာန အဆောက်အအုံကြီးဖြစ်ပြီး ရန်ကုန်မြို့အတွင်းရှိ ပြည်သူများ အတွက် သတင်းအချက် အလက်နှင့် အသိပညာရှာမှီးရာ၊ ပြည်သူများအကျွမ်းတဝင် ဝင်ထွက်သွားလာရာ၊ လူငယ်များ အတတ်ပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားရာ၊ ပြည်သူများအချင်းချင်း ရပ်ကျိုးရွာကျိုး တိုင်းကျိုးပြည်ကျိုးတို့ကို ဆွေးနွေးတိုင်ပင်ရာ နေရာကြီးတစ်ခုအဖြစ် မကြာမီ မြင်တွေ့ ကြရတော့မည် ဖြစ်သည်။
ယင်းအဆောက်အအုံကြီးအတွင်း၌ လိုအပ်နေသော ကလေးကစားကွင်း များ၊ ကွန်ပျူတာပစ္စည်းများ၊ အားကစား ပစ္စည်းများ၊ ဘက်စုံသုံး ခန်းမ ပစ္စည်းများကိုလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် Yangon Petro Co., Ltd. က CSR လုပ်ငန်းအဖြစ် ငွေကျပ်သိန်းပေါင်း ၇၀၀ ကျော် အကုန်အကျခံ၍ ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ရာ ပြည်သူများကိုယ်စားဝမ်းမြောက်ရပါသည်။
အကျိုးတူပူးပေါင်းဆောင်ရွက်မှု (B.O.T) စနစ်ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်မှုအဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် လူထုအခြေပြုဗဟိုဌာန အဆောက်အအုံကြီးတစ်ခုကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ပြီး သင်တန်းများဖွင့်လှစ်ခြင်း၊ ဟောပြောပွဲများ ကျင်းပခြင်း၊ ရေွ့လျားစာကြည့်တိုက်ယာဉ်များဖြင့် နယ်လှည့် စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပူးပေါင်းအကောင်အထည်ဖော်နိုင်မှု အနေဖြင့် လူထုအခြေပြုဗဟိုဌာန ၁၆ ခုတွင် ရွေ့လျား စာကြည့်တိုက် ယာဉ် ၁၇ စီး၊ ကွန်ပျူတာ အလုံး ၃၁၀၊ စာအုပ် စာစောင် ၁၇၀၄၁၈ အုပ်တို့ကို အသုံးပြု၍ လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
စေတနာရှင်၊ အလှူရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ပူးပေါင်းပါဝင် အကောင်အထည် ဖော်မှုအနေဖြင့် -
- ပုသိမ်ကြီးမြို့နယ်ရုံး ရုံးစာကြည့်တိုက်တွင် စေတနာရှင်ပြည်သူများက ၆၀’×၂၀’ အရွယ် အဆောက်အအုံ တစ်လုံးကို ငွေကျပ်သိန်း ၁၂၀ အကုန်အကျခံ၍ တည်ဆောက်ပေးလျက်ရှိပါသည်။
- ငါးသိုင်းချောင်းမြို့ရုံး စာကြည့်တိုက်တွင် NTG အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းက အရွယ်အစား (၃၆’ × ၃၀’) နှစ်ထပ် အဆောက်အအုံတစ်လုံးကို ငွေကျပ် သိန်း ၃၆၀ ခန့်ဖြင့် အကုန်အကျခံ တည်ဆောက်ပေးမှုဖြင့်လည်းကောင်း၊ ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဧရာမြန်မာ အထွေထွေအာမခံကုမ္ပဏီနှင့် Max Energy ကုမ္ပဏီတို့က ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ စာကြည့်တိုက်အတွက် စားပွဲနှင့်ဗီရိုများကို ငွေကျပ် သိန်း ၈၀ ဖြင့် အကုန်အကျခံ ဝယ်ယူဖြည့်တင်း ပေးမှုဖြင့်လည်းကောင်း၊ မြန်မာကြယ်စင်လင်းဆောက်လုပ်ရေး ကုမ္ပဏီက ကလေး စာဖတ်ခန်းအတွက် လိုအပ်သော ပစ္စည်းများကို ငွေကျပ် ၂၅ သိန်းဖြင့် အကုန်အကျခံ ဝယ်ယူပေးမှုဖြင့်လည်းကောင်း စုစုပေါင်းငွေကျပ် ၄၆၅ သိန်းကို CSR လုပ်ငန်းများအဖြစ် ပါဝင်ကူညီခဲ့ကြပါသည်။
- ပုလောမြို့နယ်ရုံး စာကြည့်တိုက်တွင် (၁၈’ × ၄၀’ )အရွယ် အဆောက်အအုံ တစ်လုံးကို မြို့နယ်ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် အကုန်အကျခံ တည်ဆောက်ပေးခဲ့ပါသည်။
- ရွာငံမြို့နယ်ရုံး စာကြည့်တိုက်တွင် (၇၀’ × ၃၀’ )အရွယ် အဆောက်အအုံတစ်လုံးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ငွေကျပ်သိန်း ၂၃၀ ကျော် အကုန်အကျခံ တည်ဆောက်ပေးခဲ့ပါသည်။
- ဘားအံခရိုင်ရုံး စာကြည့်တိုက်တွင် (၆၀’ × ၂၅’ )အရွယ် အဆောက် အအုံတစ်လုံးကို ကရင်ပြည်နယ် အစိုးရအဖွဲ့က ငွေကျပ်သိန်း ၅၀၀ ကျော် အကုန်အကျခံ တည်ဆောက်ပေးခဲ့ပါသည်။
အထက်ပါအခြေအနေများကိုကြည့်ပါက လူထုအခြေပြုဗဟိုဌာနများ ၏အရေးပါပုံကို ပြည်သူများ နားလည် သဘောပေါက်ရုံသာမက မိမိတို့ တတ်စွမ်းသမျှ ပူးပေါင်းပါ၀င်ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ မြင်ကြရ မည်ဖြစ်သည်။
လူထုအခြေပြုဗဟိုဌာနများ၏ သက်ဝင်လှုပ်ရှားမှုများ
ဖွင့်လှစ်ပြီးဖြစ်သည့် လူထုအခြေပြုဗဟိုဌာနများအနေဖြင့် အောက်ပါ လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်-
- ဝါသနာတူပြည်သူအချင်းချင်း ပူးပေါင်း၍ မိမိတို့ဝါသနာပါရာ ကလပ်အသင်းများဖွဲ့စည်းကာ ဆွေးနွေးပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများ၊ ပညာပေးအစီအစဉ်များ ကျင်းပပြုလုပ်စေခြင်း၊
- ရပ်ရွာအခြေပြု လူမှုရေးအဖွဲ့အစည်းများအတွက် အထောက်အကူပြု ရာ၊ ရပ်ရွာကောင်းရာကောင်းကျိုး ဆွေးနွေးတိုင်ပင်ရာ၊ သတင်းအချက် အလက် ဖလှယ်ရာနေရာအဖြစ် စီစဉ်ဖန်တီးပေးခြင်း၊ ပြည်သူ့စကားဝိုင်း (Public Talk) များ ကျင်းပခြင်း၊
- ကျောင်းသားလူငယ်၊ လူရွယ်များအတွက် ပညာဆည်းပူးရာနေရာ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြုသင်တန်းများဖြစ် သည့် ကွန်ပျူတာ၊ အင်္ဂလိပ်စာနှင့် ဘာသာစကားဆိုင်ရာ သင်တန်းများ၊ နည်းပညာဆိုင်ရာသင်တန်းများ အခမဲ့တက်ရောက်ရာနေရာအဖြစ် စီစဉ်ဆောင်ရွက်ပေးခြင်း၊
- စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့များဖြင့် စာအုပ်စာစောင်ဝေဖန်သုံးသပ် ခြင်း၊ စာဖတ်ဝိုင်းဆောင်ရွက်ခြင်း၊ အမျိုးသမီးအသင်း (Women Club) အဖွဲ့များဖြင့် အမျိုးသမီးများနှင့် ကလေး သူငယ်များ၏ ဘ၀လုံခြုံရေး၊ ကျန်းမာရေး၊ အကြမ်းဖက်မှု ကာကွယ်ရေး စသည့်အသိပညာပေး ဆွေးနွေးပွဲများ ကျင်းပခြင်း၊ အိမ်ရှင်မများအတွက် စားသုံးမှုဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊
- ရုံးအကျယ်အဝန်းပေါ်မူတည်ပြီး ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ စားပွဲတင်တင်းနစ်၊ စစ်တုရင်စသည့် အားကစားနည်းများနှင့် ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်း ပြုလုပ်နိုင်အောင် စီစဉ် ဆောင်ရွက် ပေးထားခြင်း၊
- လူငယ်လူရွယ်များ ယဉ်ကျေးမှုပစ္စည်းများကို တန်ဖိုးထားတတ်စေ ရန်နှင့် စုစည်းထိန်းသိမ်းတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ် လာစေရန်အတွက် ဒေသထွက်ကုန်ပစ္စည်းများ၊ ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းများ၊ ဒေသအထိမ်းအမှတ်များ၊ ဒေသတွင်းထူးချွန် ထင်ရှားသည့် ပုဂ္ဂိုလ်များ၏ အကြောင်းအရာများကို ပြတိုက်ငယ်အဖြစ် ခင်းကျင်းပြသ ထားခြင်း၊
- ရပ်ကွက်၊ ကျေးရွာနှင့် အခြေခံပညာကျောင်းများသို့ ရွေ့လျား စာကြည့်တိုက် မော်တော်ယာဉ်ဖြင့် လှည့်လည်၍ စာအုပ်များ ငှားရမ်း ပေးခြင်း။
အချုပ်အားဖြင့်ဆိုရလျှင် ၂၀၁၃ ခုနှစ်တွင် ကော့မှူးမြို့နယ်မှ စတင် ပေါ်ပေါက်လာခဲ့သည့် လူထုအခြေပြုဗဟိုဌာနများသည် ပြည်သူများ အတွက် အမှန်တကယ်အကျိုးပြုရာနေရာများအဖြစ် ဖော်ဆောင် ပေးလျက်ရှိပါသည်။ မြန်မာ့လူ့အဖွဲ့အစည်းကို အသိပညာပြည့်၀ပြီး လူမှုသဟဇာတဖြစ်သော ပတ်ဝန်းကျင် ကောင်းများဖြင့် ဖန်တီး တည်ဆောက်ပေးဖို့ဆိုလျှင် လူထုအခြေပြုဗဟိုဌာနများ အကောင် အထည်ဖော်၍ လေ့ကျင့်ပြုစုပျိုးထောင်ပေးမှသာ အောင်မြင် ခရီးရောက် နိုင်မည်ဖြစ်သည်။ ယခုအခါမြန်မာနိုင်ငံ တစ်ဝန်းလုံးတွင်တည်ဆောက်ပြီး တည်ဆောက်ဆဲ၊ ဖွင့်လှစ်ပြီး ဖွင့်လှစ်ဆဲ လူထုအခြေပြုဗဟိုဌာနများ၏ လှုပ်ရှားမှုများသည် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ စေတနာရှင် ပြည်သူများ၏ ကူညီပံ့ပိုးဖြည့်ဆည်းပေးမှုများကြောင့် ပိုမိုသက်ဝင်လှုပ်ရှားလာတော့ မည်ကို ယုံကြည်မျှော်လင့်မှုဖြင့် ကြည်နူးဝမ်းမြောက်လျက်ရှိပါသည်။ ။
အေးမြင့်အောင်

No comments:

Post a Comment