Saturday, June 8, 2019

နှစ်လုံးတွဲများ (၂)


မောင်ခင်မင် (ဓနုဖြူ)
“စကားနှစ်လုံးတွဲတွေမှာ ခေတ်ကာလတစ်လျှောက် စကားလုံးအသွင်ပြောင်းသွားလို့ အနက်မထင် တာ မျိုးလည်း ရှိတယ်ကွဲ့”

“ဘယ်လိုပြောင်းတာပါလဲ ဆရာ”
“သာဓကပေးရရင် ဒီနေ့အင်မတန် အသုံးများတဲ့စကားလုံးတစ်လုံးပေါ့။ ‘ယဉ်ကျေး’ ဆိုတဲ့ စကားလုံး လေ”
“ဟုတ်ကဲ့ပါ”
“ကဲ...မင်းပဲစဉ်းစားပြီးဖြေကြည့်ပါ။ ‘ယဉ်ကျေး’ မှာ ဘယ်အစိတ်အပိုင်းက အနက်မထင်တာလ”
“‘ယဉ်’ ကတော့ အနက်ထင်ပါတယ်။ ‘ကျေး’ က အနက်မထင်ဘူးထင်ပါတယ်”
“ဟုတ်တယ်။ အရင်အပတ်ကပြောသလို အစား ထိုးကြည့်ရင်သိသာတာပေါ့။ ‘ယဉ်ကျေးတယ်’ ကို ‘ယဉ်တယ်’ လို့ အစားထိုးရင်မူလအဓိပ္ပာယ်မပြောင်း ဘူးမဟုတ်လား။ ဒါပေမယ့် ‘ကျေးတယ်’ လို့ သုံးလို့ မရဘူးလေ”
“ဟုတ်ပါတယ် ဆရာ”
“ဒီတော့ ‘ကျေး’ ကို အနက်မထင်တဲ့ အစိတ်အပိုင်းလို့ဆိုရမှာပေါ့။ ဒါပေမယ့် ရှေးကစာတွေမှာ ‘ယဉ်ခြေး’ ဆိုတဲ့ စကားရှိတယ်။ ‘ခြေး’ ဆိုတာ သာယာတယ်။ ကောင်းမွန်တယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ နောက်ပိုင်းမှာ ‘ယဉ်ချေး’ လို့လည်း သုံးတယ်။ အဲဒီ ကနေပြီး ‘ယဉ်ကျေး’ လို့ပြောင်းလာတာလေ။ အဲဒီ လိုပြောင်းတဲ့ သာဓကအထောက်အထားတွေ ရှိပါတယ်”
“ဟုတ်ကဲ့ပါ”
“ဒီတော့ ‘ယဉ်ချေး’ လို့သုံးတုန်းက နှစ်လုံးစလုံး အနက်အဓိပ္ပာယ်ရှိပေမယ့် ‘ယဉ်ကျေး’ ဖြစ်လာတော့ ‘ကျေး’ ရဲ့ အဓိပ္ပာယ်ကမပေါ်တော့ဘူးလေ။ စကားလုံးအသွင်ပြောင်းသွားတာကိုး”
“နားလည်ပါပြီ ဆရာ”
“နောက်တစ်လုံးပြရရင် ‘ဆင်းရဲ’ ပေါ့။ ခုခေတ်အသုံးအနေနဲ့ ကြည့်ရင် ‘ဆင်းရဲ’ ကို တစ်လုံးစီခွဲလို့မရ ဘူးလေ။ ‘ဆင်း’ တစ်လုံးတည်း၊ ‘ရဲ’ တစ်လုံးတည်း၊ ဆင်းရဲတယ်ဆိုတဲ့အဓိပ္ပာယ်မရှိဘူး မဟုတ်လား”
“ဟုတ်ပါတယ် ဆရာ”
“ဒီတော့ ခုခေတ်အနေနဲ့ ‘ဆင်းရဲ’ ဟာ ထပ်ခွဲလို့ မရတဲ့ အသံနှစ်သံပါတဲ့ စကားလုံးတစ်လုံးတည်းလို့ သတ်မှတ်ရမှာပေါ့။ ဒါပေမယ့် ပုဂံခေတ်တုန်းက ‘ဆင်းရဲ’ ကို ‘ဆိုဝ်ငြယ်’ လို့ သုံးတယ်ကွဲ့”
‘ဪ...အဓိပ္ပာယ်က ဘာပါလဲ ဆရာ”
“ ‘ဆိုဝ်ငြယ်’ ဆိုတာ ပုဂံခေတ် ကျောက်စာထဲက စာလုံးပေါင်းပုံအတိုင်းရေးတာလေ။ ခုခေတ်စာလုံး ပေါင်းအတိုင်းရေးရင်တော့ ‘ဆိုးငရဲ’ လို့ ရေးရမှာပေါ့။ ‘ဆိုး’ က ဆိုးရွားတာ ‘ငရဲ’ က ချမ်းသာကင်းတဲ့ နေရာပေါ့။ အဓိပ္ပာယ်ချင်း ဆက်စပ်နေတာလေ။ တစ်လုံးစီ အဓိပ္ပာယ်ရှိတယ်။ ‘ငရဲ’ က ‘နိရယ’ ဆိုတဲ့ ပါဠိစကား က ဆင်းသက်တယ်လို့ယူဆကြတယ်”
“ဟုတ်ကဲ့”
“အဲဒီ ဆိုဝ်ငြယ်ကနေပြီး ‘ဆငြယ်’ လို့ပြောင်း တယ်။ ‘ဆငြယ်’ ကနေပြီး ‘ဆင်းရဲ’ လို့ပြောင်းတာပေါ့။ ‘ဆင်းရဲ’ ဖြစ်သွားတော့ တစ်လုံးစီခွဲလို့မရတော့ဘူးလေ”
“ဟုတ်ကဲ့ပါ”
“အရင်အပတ်ကပြခဲ့တဲ့ အနက်မထင်တဲ့ အစိတ်အပိုင်းတွေက ရှေ့ကအစိတ်အပိုင်းနဲ့ သရလည်းမတူ ဘူး၊ ဗျည်းလည်းမတူဘူး။ ‘စိုးရိမ်’ တို့၊ ‘ဆန်းကြယ်’ တို့လေ။ အခုပြောမှာက ရှေ့ကအစိတ်အပိုင်းနဲ့ နောက်ကအစိတ် အပိုင်းက ကာရန်တူတယ်။ ကာရန်တူတယ် ဆိုတာ သရသံချင်းတူတာကိုပြောတာ။ ‘ခေါ်ဝေါ်’ ဆိုတဲ့ စကားလုံးလိုပေါ့”
“ဪ... သဘောပေါက်ပါပြီဆရာ။ ‘ခေါ်’ နဲ့ ‘ဝေါ်’ က ‘ဘော်’ ဆိုတဲ့ သရသံချင်းတူတော့ ကာရန် တူတာပေါ့”
“အဲဒီလို ကာရန်တူတွဲစပ်တဲ့ နှစ်လုံးတွဲတွေ တော်များများရှိတယ်။ ‘မြိုင်ဆိုင်၊ မြန်ဆန်၊ သွက်လက်၊ ရိုင်းစိုင်း၊ အေးဆေး၊ သာယာ၊ ချောင်းမြောင်း’ ဆိုတာမျိုးတွေပေါ့။ ဘာသာဗေဒပညာရှင်တွေကတော့ rhyme၊ rhyming လို့ခေါ်ကြတယ်။ ကာရန်လိုက်တဲ့ ဒုတိယအစိတ်အပိုင်းတွေက အနက် မထင်ဘူး ကွဲ့”
“ဟုတ်ကဲ့ပါ”
“နောက်တစ်မျိုးက ရှေ့ကအစိတ်အပိုင်းနဲ့ နောက်ကအစိတ်အပိုင်းက ဗျည်းသံချင်းတူတယ်။ ‘ညီညွတ်’ လိုစကားလုံးမျိုးပေါ့။ ‘ညီ’ က ပဓာနကျတယ်။ ‘ညွတ်’ က ဗျည်းတူလိုက်ထားတာလေ။ ‘ညီ’ က အနက်ထင်ပေမယ့် ‘ညွတ်’ က အနက်မထင်ဘူးနော်။ မြင်ရဲ့လား”
“မြင်ပါတယ် ဆရာ။ ‘ညီညွတ်တယ်’ ကို ‘ညီတယ်’ လို့ ပြောလို့ရပေမယ့် ‘ညွတ်တယ်’ လို့ ပြောလို့ မရပါဘူး”
“ဟုတ်တယ်။ အဲဒီလိုပဲ ‘နက်နဲ၊ ညီညာ၊ တွေးတော၊ ပြေပြစ်၊ ညစ်ညမ်း၊ နုနယ်၊ နက်နဲ၊ ငေါက်ငမ်း’ ဆိုတဲ့ စကားလုံးမျိုးတွေပေါ့”
ဘာသာဗေဒပညာရှင်တွေက chime၊ chiming လို့ ခေါ်ကြတယ်။ ဗျည်းတူလိုက်တဲ့ ဒုတိယအစိတ် အပိုင်းက အနက်မထင်ဘူးကွဲ့”
“ဟုတ်ကဲ့။ ‘ငေါက်ငမ်းတယ်’ ကို ‘ငေါက်တယ်’ လို့ ပြောရင် အဓိပ္ပာယ်တူပေမယ့် ‘ငမ်းတယ်’ လို့ပြော ရင် ‘ငေါက်ငမ်းအဓိပ္ပာယ် မဟုတ်တော့ပါဘူးဆရာ”
“ဟုတ်ပါပြီ။ ဒီတော့ ခုပြောခဲ့တဲ့ ဆန်းကြယ်တို့၊ ခေါ်ဝေါ်တို့၊ ညစ်ညမ်းတို့လို ဒုတိယအစိတ်အပိုင်း အနက် မထင်ဘူး။ နှစ်လုံးတွဲတွေမှာ ဒုတိယအစိတ်အပိုင်းတွေက စကားပြေပြစ်ရုံတွဲထားတဲ့ အနက် မထင်တဲ့အစိတ် အပိုင်းမျိုးလည်းရှိသလို တစ်ချိန်က အနက်အဓိပ္ပာယ်ထင်ထင်ရှားရှားရှိခဲ့ပေမယ့် အကြောင်းတစ်မျိုးမျိုးကြောင့် အဲဒီအနက်အဓိပ္ပာယ်ကို မဖော်ထုတ်နိုင်ဘဲ ငုပ်နေတာလည်း ရှိနိုင်တာ ပေါ့ကွယ်”
“အနက်မထင်တဲ့အစိတ်အပိုင်းတွေကို ဘယ်လို အနက်ဖော်ထုတ်ရမှာပါလဲ ဆရာ”
“လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးကွဲ့။ မြန်မာစကားတစ်ခုတည်းတတ်ရုံနဲ့တော့ အဲဒီအနက်အဓိပ္ပာယ်တွေ ကို မဖော်ထုတ်နိုင်ဘူးလေ။ မြန်မာစကား အသိအမြင် တစ်ခုတည်းနဲ့ ဖော်ထုတ်ဖို့ မလုံလောက်ဘူး ဆိုပါတော့။ အရင်ပတ်ကပြောသလို မျိုးတူနွယ်တူ ဘာသာစကားတွေနဲ့ စနစ်တကျနှိုင်းယှဉ် လေ့လာ တာမျိုး၊ မြန်မာနဲ့ခေတ်အဆက်ဆက် ဆက်နွှယ်မှုရှိတဲ့ဘာသာ စကားတွေကို လေ့လာတာမျိုးလုပ်ဖို့လို တယ်။ အဲဒီလို လေ့လာရာမှာ သမိုင်းဘာသာဗေဒ (Historical Linguistics) လို့ တစ်ချိန်ကခေါ်ပြီး အခုခေတ်မှာ ခေတ်စဉ်ဘာသာဗေဒ (Diachrouic Linguistics) လို့ အခေါ်များတဲ့ သမိုင်းကြောင်း လေ့လာနည်းနဲ့ စနစ်တကျ လေ့လာဖို့လိုအပ်တာပေါ့။ ဒီလိုလေ့လာနိုင်ဖို့ ဘာသာစကားနဲ့ ပတ်သက် တဲ့ လေ့လာမှုကိုယ်ခံအများ ကြီးလိုပါတယ်”
“နားလည်ပါပြီ ဆရာ”
“နောက်တစ်မျိုးက စကားနှစ်လုံးတွဲမှာ တစ်လုံးချင်းသုံးလေ့မရှိဘူး။ နှစ်လုံးတွဲမှ အဓိပ္ပာယ်ပေါ်တယ်။ ဒါပေမယ့် တစ်လုံးချင်းမှာ အဓိပ္ပာယ်ရှိတယ်လို့ စိတ်ထဲမှာသိနေတဲ့ နှစ်လုံးတွဲမျိုးပဲ”
“ဆရာပြောတာ ကျွန်တော်သိပ်သဘောမပေါက် လို့ပါဆရာ။ ထပ်ရှင်းပြပေးပါလား”
“စကားလုံး နှစ်လုံး သာဓကပြမယ်။ ‘သေချာ’ ရယ်၊ ‘ရိုသေ’ ရယ်”
“ဟုတ်ကဲ့ပါ”
“‘သေချာ’ ကို တစ်လုံးစီခွဲသုံးရင် အဓိပ္ပာယ်မပေါ်ဘူး။ ‘သေချာ’ ဆိုတဲ့ အဓိပ္ပာယ်မရဘူးလို့ပြောတာပါ။ ဒါပေမယ့် ‘သေဝပ်၊ သေသပ်’ ဆိုတဲ့ နှစ်လုံးတွဲတွေမှာ ပါတဲ့ ‘သေ’ ဟာ ‘သေချာ’ မှာပါတဲ့ အသံနဲ့ အဓိပ္ပာယ် အတူတူပဲလို့ယူဆရတယ်။ တစ်ခါ ‘ရိုသေ’ မှာကျတော့ ‘သေ’ က နောက်ကလိုက်တာပေါ့။ အဲဒီ ‘သေ’ လည်းအဓိပ္ပာယ်အတူတူလို့ယူဆရတယ်။ ‘ရို’ ကိုကြည့်ရင် ‘ရိုသေ’ လိုပဲ။ ‘ရိုညွတ်၊ ရိုကျိုး’ ဆိုတဲ့ အသုံးတွေရှိတယ်။ ဒီတော့ အစိတ်အပိုင်းတစ်ခုချင်း အနက်မထင်ပေမယ့် နှစ်လုံးတွဲသုံးရင် တော့ အနက်ထင်လာတယ်လို့ ယူဆနိုင်တာပေါ့။ ဆက်လေ့လာဖို့လည်း လိုသေးတာပေါ့ကွယ်”
“တော်တော်သိမ်မွေ့တဲ့ကိစ္စပဲနော် ဆရာ”
“ဟုတ်တယ်။ နောက်တစ်မျိုးကတော့ နာမ်နဲ့ ကြိယာတွဲပြီး ကြိယာအဖြစ်သုံးတဲ့နှစ်လုံးတွဲပဲ။ ဆရာ ကြီးဦးဖေမောင်တင်ကတော့ နာမ်ပေါင်းကြိယာလို့ နာမည်ပေးတယ်။နာမ်ပေါင်းကြိယာတော့ မင်းသိမှာ ပါ။ စဉ်းစားပြီးပြောကြည့်ပါ”
“ဟုတ်ကဲ့။ ‘ထမင်းစား၊ ရေသောက်၊ စာဖတ်’ ဆို တာမျိုးတွေလားဆရာ”
“ဟုတ်ပါတယ်။ နောက်ဆက်ပစ္စည်းထည့်ပြောရင် ‘ထမင်းကိုစားတယ်၊ စာကိုဖတ်တယ်’ လို့ပြောရမှာ ကို နောက်ဆက်ပစ္စည်း မပါဘဲ ‘ထမင်းစားတယ်၊ စာဖတ် တယ်’ လို့ပြောတာမျိုးပေါ့။ နာမ်နဲ့ကြိယာတွဲ ထားပေမယ့် နာမ်ကိုမသုံးဘဲ ကြိယာကိုသုံးရတယ်လေ”
“ဟုတ်ကဲ့ပါ”
“ဆိုပါတော့။ ‘ဆရာ၏ ဒူးသည် နာ၏’ လို့မရေးဘဲ ‘ဆရာဒူးနာ၏’ လို့ရေးနိုင်တယ်မဟုတ်လား။ အဲဒီမှာ ‘ဒူးနာ’ ဆိုတဲ့ နာမ်ပေါင်းကြိယာဟာ ‘ဒူးသည်နာ၏’ ဆိုတဲ့အသုံးမှာ ‘သည်’ ကို မြှုပ်ထားတယ်လို့ ဆိုနိုင်တာပေါ့”
“ဟုတ်ကဲ့ပါ”
“မြှုပ်ထားတယ်လို့ ယူဆနိုင်တဲ့နောက်ဆက် ပစ္စည်းတွေအမျိုးမျိုးဖြစ်နိုင်တာပေါ့။ ‘လေတိုက်၏’ ဆိုတာ ‘လေသည်တိုက်၏’ ဆိုတဲ့အဓိပ္ပာယ်ပဲ။ ‘ရေသောက်သည်’ ဆိုရင်တော့’ ရေကိုသောက် သည်’ ပေါ့။ ‘သေနတ်ပစ်သည်’ဆိုရင် ‘သေနတ်ဖြင့်ပစ်သည်’ပေါ့။ ‘ရေကူးသည်’ ဆိုရင်တော့ ‘ရေမှာကူးသည်’ ပေါ့။ အဓိပ္ပာယ်အရ ဘယ်နောက်ဆက်မြှုပ်ထားတယ်ဆိုတာ ခန့်မှန်းနိုင်တာပေါ့”
“စိတ်ဝင်စားစရာကောင်းပါတယ်ဆရာ။ မှတ်ထားပါမယ်”
“နောက်တစ်ခုက နာမ်တစ်မျိုးတည်းနဲ့ပဲ ပုံသေတွဲရတဲ့ကြိယာနှစ်ခုသတိပြုမိတာရှိတယ်။ ‘ရေချိုး’ ရယ်၊ ‘မိုးရွာ’ ရယ်လေ”
“ဪ...ဟုတ်ကဲ့”
“အဲဒီအဓိပ္ပာယ်ရအောင် ‘ချိုး’ ဆိုတဲ့ကြိယာကို ‘ရေ’ ဆိုတဲ့ နာမ်နဲ့ပဲတွဲရတယ်။ တခြားနာမ်နဲ့ တွဲလို့မရ ဘူး။ တွဲကြည့်ပါလား။ ရေမဟုတ်တဲ့အခြားအရည်နဲ့ တွဲပြီး ‘ဆီချိုး’၊ ‘ဆေးရည်ချိုး’ ဆိုတာ မျိုးသုံးလို့မှ မရတာ။ ဒီလိုပဲ ‘မိုးရွာ’ မှာ ‘ရွာ’ ကို ‘မိုး’ နဲ့ပဲ တွဲလို့ရတယ်။ အပေါ်က ရေတွေကျလာတာက ‘ရေရွာ’ လို့မှ မသုံးတာ။ ကဲ...ဒီလောက်နဲ့နားကြရအောင်။ ။

No comments:

Post a Comment