Friday, June 7, 2019

ဈေးကွက်အတွင်း မျှတစွာယှဉ်ပြိုင်ခြင်းမရှိသော လုပ်ငန်းရှင်များကို မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ထံ တိုင်ကြားနိုင်


ရန်ကုန် ဇွန် ၆
ယှဉ်ပြိုင်မှုဥပဒေအရ ဈေးကွက်အတွင်း မျှတစွာယှဉ်ပြိုင်ခြင်းမရှိသော လုပ်ငန်းရှင်များ ကို မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်ထံ ဥပဒေနှင့်အညီ တိုင်ကြားနိုင်ပြီဖြစ်ကြောင်း ရန်ကုန် မြို့ရှိ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် ဇွန် ၃ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံ ယှဉ်ပြိုင်မှု ကော်မရှင်မိတ်ဆက်ပွဲအခမ်းအနားမှ သိရသည်။

“အဓိကတော့ ဈေးကွက်မှာ တရား မျှတစွာ ယှဉ်ပြိုင်နိုင်ဖို့လိုပါတယ်။ အကယ်၍ ချိုးဖောက်လာမယ် ဆိုရင် တိုင်ကြားမှုရှိတယ် ဆို ကော်မရှင်ကနေ စစ်ဆေးဆုံးဖြတ်ပေးရမှာ ပါ။ လွတ်လပ်စွာယှဉ်ပြိုင်တဲ့ နေရာမှာလည်း ဥပဒေ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများ သိရှိဖို့လိုပါတယ်”ဟု မြန်မာနိုင်ငံယှဉ်ပြိုင် မှု ကော်မရှင်ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။
ထို့အပြင် ပြည်တွင်း၌ လာရောက်ရင်းနှီး မြှုပ်နှံသည့် ပြည်ပလုပ်ငန်းရှင်များနှင့်ပါ ယှဉ်ပြိုင်ရမှာ ဖြစ်ခြင်းကြောင့် ဈေးကွက်အတွင်း ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများ၊ ကုန်စည် ထုတ်လုပ်သူများ၊ ကုန်သွယ်မှုပြုသူများ၊ ဝန်ဆောင်မှုပေးသူများ အားလုံးသည် ယှဉ်ပြိုင်မှုဥပဒေနှင့် အညီ ယှဉ်ပြိုင်ရန်လိုအပ်ကြောင်း သိရသည်။
လက်ရှိဈေးကွက်အတွင်း ယှဉ်ပြိုင်သူများ အနေဖြင့် ဈေးကွက်အတွင်းမှ ထွက်သွားစေရန် ထုတ်လုပ် မှုကုန်ကျစရိတ်အောက် ရောင်းချခြင်းနှင့် ဝန်ဆောင်မှုပေးခြင်း၊ ဈေးကွက်ပေါက်ဈေးနှင့် ကိုက်ညီမှု မရှိသော ဈေးနှုန်းများသက်မှတ်ရောင်းချခြင်း၊ ကုန်စည် ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ဝန်ဆောင်မှု ပေးခြင်းတို့ကို ကန့်သတ်ထားခြင်း၊ မျှတမှုမရှိ သောယှဉ်ပြိုင်မှုဖြစ်ပေါ်စေရန် တစ်ပြေးညီ မဟုတ်သော စည်းမျဉ်းများချမှတ်ခြင်း၊ အရောင်းအဝယ်စာချုပ်များ ချုပ်ဆိုရာတွင် တရားမျှတမှုမရှိဘဲ လက်ခံရန် အတင်းအကျပ် ပြုခြင်း အစရှိသည်တို့ကို လုပ်ဆောင်ခြင်းမပြုရန် ယှဉ်ပြိုင်မှုဥပဒေအရ တားမြစ်ထား ကြောင်းသိရသည်။
ယင်းအပြင် ယှဉ်ပြိုင်သူအသစ်များ ဝင်ရောက်လာခြင်းကို မတရားသည့်နည်းလမ်း ဖြင့်တားဆီးခြင်း၊ အထောက်အကူပစ္စည်းများ ကိုအသုံးပြုခွင့်ငြင်းပယ်ခြင်းနှင့် ခွဲခြားမှုပြုခြင်း၊ အခြားလုပ်ငန်းများနှင့် သဘောတူစာချုပ် ချုပ်ဆိုထားသူအား စာချုပ်ဖောက်ဖျက်ရန် ဆွဲဆောင်ခြင်းနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ်အောက်၊ ဆိပ်ကမ်းရောက်တန်ဖိုးအောက် လျော့နည်းသောဈေးနှုန်းဖြင့်ဈေးကွက်အတွင်း ရောင်းချခြင်းကို မပြုလုပ်ရန်လည်း တားမြစ်ထားပါသည်။
“စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူတဲ့အခါ သတိပေးတာတို့၊ သတ်မှတ်ထားတဲ့ ဒဏ်ကြေးငွေပေး ဆောင်စေတာတို့၊ လုပ်ငန်းကို ယာယီ သို့မဟုတ် အမြဲတမ်းပိတ်သိမ်းဖို့ အတွက် ဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက် တာတွေလုပ်နိုင်ပါတယ်။ စုံစမ်းရေးကော်မတီ ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့သူက ရက် ၆၀ အတွင်း ကော်မရှင်ထံ အယူခံဝင်ရောက်လို့ရပါ တယ်။ မြန်မာနိုင်ငံရဲ့ အဓိကအင်အားစုဖြစ်တဲ့ SME တွေအတွက် တားမြစ်ချက်တွေကနေ ခြွင်းချက်တွေ၊ ကင်းလွတ်ချက်တွေ အများကြီး ပါပါတယ်။ ကိုယ်က ရိုးရိုးသားသား၊ မှန်မှန် ကန်ကန်လုပ်ဆောင်မယ်ဆိုလို့ရှိရင် အဲဒီကင်းလွတ်ချက်ထဲ ပါပါတယ်” ဟု မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးသန်း မောင်က ပြောသည်။
ဈေးကွက်ယှဉ်ပြိုင်မှုမှာ တားမြစ်ချက်များ ကို ချိုးဖောက်ကြောင်း ကော်မရှင်က သံသယ ရှိလျှင်ဖြစ်စေ၊ ခိုင်လုံသောတိုင်ကြားချက်ရရှိ လို့ဖြစ်စေ၊ မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်က စုံစမ်းစစ်ဆေးရေး ကော်မတီ ဖွဲ့စည်းသွားမည်ဖြစ်ပြီး စုံစမ်းစစ်ဆေးရေးကော်မတီ၏ ခေါ်ယူစစ်ဆေးမှုကို လိုက်နာခြင်း မရှိပါက ပုဒ်မ ၄၃ အရ ပြစ်ဒဏ် သုံးလအထိဖြစ်စေ၊ ဒဏ်ငွေ တစ်သိန်း အထိဖြစ်စေ ချမှတ်ခံရမည်ဖြစ် ကြောင်း သိရသည်။
တိုင်ကြားမှုများတွင် စုံစမ်းစစ်ဆေးတွေ့ရှိ ချက်အရ ပြစ်မှုရှိကြောင်း တရားစွဲဆိုသင့်သည်ဟု သတ်မှတ်လျှင် ရဲစခန်းတွင် အမှုဖွင့်ကာ တရားရုံးတွင် တရားစွဲဆိုမည်ဖြစ်သည်။ ယှဉ်ပြိုင်မှုဆိုင်ရာ တရားရုံးနှင့် တရားသူကြီးကို သီးသန့်ထားရှိဆောင်ရွက်မည် မဟုတ်ကြောင်း သိရသည်။
ဈေးကွက်အတွင်း တရားမျှတစွာ ယှဉ်ပြိုင်မှုမရှိပါက ပြစ်မှုထင်ရှားလျှင် ယှဉ်ပြိုင်မှုဥပဒေအရ ထောင် ဒဏ် (၃)လမှ (၃)နှစ်အထိဖြစ်စေ၊ကျပ် တစ်သိန်းမှကျပ် သိန်း ၁၅၀ ထက်မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ကျခံရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် စတင် ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင် ၁၁ ဦး ပါဝင်ကြောင်း၊ ဥက္ကဋ္ဌအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက လည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က လည်းကောင်း တာဝန်ယူပြီး အဖွဲ့ဝင်များအဖြစ် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြင်ပမှ စီးပွားရေး လုပ်ငန်းရှင်၊ ဥပဒေပညာရှင်များ၊ စီးပွားရေးပညာရှင်များလည်း ပါဝင်ကြောင်း သိရသည်။
အေးယမုံ

No comments:

Post a Comment