နေပြည်တော် ဇွန် ၁၀
စပါးဈေးနှုန်း ကျဆင်းနေခြင်းနှင့် တောင်သူလယ်သမားများ
အခက်အခဲဖြစ်ပေါ်နေမှု အပေါ် အစိုးရနှင့် ပုဂ္ဂလိကတို့ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ဆောင်
ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ညနေပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာအောင်သူ ၊ ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊
အများပိုင် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက လက်ရှိဖြစ်ပေါ်နေသော
စပါးဈေးနှုန်း ကျဆင်းနေခြင်းနှင့် တောင်သူလယ်သမားများ ထိခိုက်နစ်နာမှု ကြုံတွေ့နေကြ
ရမှုအပေါ် အမြန်ဆုံး ကူညီဖြေရှင်းပေးနိုင်ရေးနှင့် ရေရှည် တွင်လည်း ဈေးနှုန်း တည်ငြိမ်မှုရှိစေမည့်
လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရမည့် အကြံဉာဏ်များ အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ရေး၊
အစိုးရနှင့် ပုဂ္ဂလိကတို့ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ
ဆောင်ရွက်ပေးရန် လိုအပ်ချက်များရှိပါက ဆွေးနွေးတင်ပြကြရန် ပြောကြားသည်။
ယနေ့ဆွေးနွေးပွဲတွင် ရင်းနှီးမြုပ်နှံမှုနှင့်
ထုတ်လုပ်မှု တန်ဖိုးချိန်ညှိဆောင်ရွက်နိုင်ရေး၊ အခြေခံ ဈေးနှုန်းသတ်မှတ်ချက်အရ လက်တွေ့အကောင်အထည်ဖော်
ဆောင်ရွက်နေ မှုများ၊ ကွင်းဆင်းဝယ်ယူနေမှုများနှင့် သိုလှောင်ရုံ အခြောက်ခံစက် အခက်အခဲ
ဖြစ်ပေါ်နေမှု၊ ရက်တို ချေးငွေရရှိရေး ၊ ဝယ်နိုင်စွမ်းအားတိုးမြှင့်ပေးနိုင်ရေး ၊ လာမည့်မိုးစပါးရာသီအတွက်
ကြိုတင်ပြင်ဆင်ရေး၊ ဈေးကွက်လမ်းကြောင်း တိုးမြှင့်ရှာဖွေရေး၊ ပြည်ပတင်ပို့ရောင်းချမှုအတွက်
စံချိန်စံညွှန်းဆိုင်ရာ လိုအပ်သော စစ်ဆေး အတည်ပြုချက်များ လျင်မြန်သွက်လက်မှုရှိစေရေး
သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရေး၊ ကန်ထရိုက်လယ်ယာစနစ် ဖော်ဆောင်နေမှုအပေါ်
လိုအပ်သော အမိန့်ကြော်ငြာစာ ထုတ်ပြန်ပေးရေးနှင့် စက်ပိုင်များ၏ စပါးဝယ်ယူမှု တိုးတက်စေရေး
အတွက် စွမ်းအင်လိုအပ်ချက် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များ ကို ဆွေးနွေးကြကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment