Tuesday, May 14, 2019

ချင်းတောင်၊ ပေကျင်းနှင့် နေလိဝုဒ်အိပ်မက်များ


ချင်းတောင်ဆိုသော အမည်ကို ခဏခဏကြားခဲ့ရတုန်းက မြန်မာနိုင်ငံ ချင်းပြည်နယ်ကို ပြောကြတာ ဖြစ်မည်ဟု ထင်ခဲ့သည်။ ကျွန်တော်တို့ ငယ်ငယ် တုန်းက ချင်းပြည်နယ်သွားမည်ဆိုလျှင် ချင်းတောင် သွားဦးမလို့ဟု ပြောလေ့ ပြောထရှိခဲ့ ကြသည်ကို သတိရမိ၍ဖြစ်သည်။
တစ်ရက်မှာ အလုပ်ထဲမှ မိတ်ဆွေကခင်ဗျား ချင်းတောင်လိုက်ရ မယ်ဟု ထပ်ပြောပြန်သည်။ လာပြန်ပြီ ချင်းတောင်။ သေသေချာချာ မေးကြည့်မှ မြန်မာပြည်က ချင်းတောင် မဟုတ်ဘဲ တရုတ်နိုင်ငံမှ ချင်းတောင်မြို့ ဖြစ်နေသည်။
သွားရမည့်ရက်က မတ်လ ၃၁ ရက်မှ ဧပြီလ ၅ ရက်အထိ။ တရုတ်နိုင်ငံ၏ ရုပ်ရှင်လုပ်ငန်းများ လေ့လာရေးခရီး။ ချင်းတောင်နှင့် ပေကျင်း နှစ်နေရာကို သွားလေ့လာကြမည်။ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် (ဆရာဖေ)ခေါင်းဆောင်မည်။ ပြန်ကြားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ညွှန်ကြားရေးမှူး ဦးသိန်းနိုင်၊ ကျန်အဖွဲ့ဝင်တွေက ပုဂ္ဂလိကရုပ်ရှင်နှင့် ရုပ်သံလုပ်ငန်းများမှ မိတ်ဆွေတွေ၊ အဲဒီအဖွဲ့ ထဲမှာ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌကြီး ကိုဋ္ဌေး (ဇင်ဝိုင်း)၊ ပြီးတော့မိတ်ဆွေရင်း ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ် ) လည်းပါလာသည်။ အားလုံးအထဲမှာ ကျွန်တော်တစ်ဦးတည်းသာ ရုပ်ရှင်လိုလို၊ ရုပ်မြင်လိုလို၊ သတင်းသမားလိုလို၊ ဟိုယောင်ယောင် ဒီယောင်ယောင် ဖြစ်မည်ထင်သည်။ သို့သော် အမောင် တောင်မှန်းမြောက်မှန်း မသိဆိုသလို တော့ အဖြစ်မခံနိုင်။ ရောက်တုန်း အသိပညာတွေ ဆည်းပူးထားမှဖြစ်မည်။ ဘယ်သူဘာပြောပြော ကိုယ့်ကိုယ် ကိုယ်တော့ မာလ်တီမီဒီယာသမားပဲဟု အားတင်းရသည်။
မတ် ၃၁ ရက် ညသန်းခေါင်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပေကျင်းသို့ လေယာဉ် စီးရသည်။ ထုံးစံအတိုင်း တရုတ်လေယာဉ်က တစ်နာရီလောက် အရောက်နောက်ကျတော့ အထွက်ပါ နောက်ကျသည်။ မနက်အစောကြီးမှာ ပေကျင်းလေဆိပ်သို့ ရောက်သည်။ ညသန်းခေါင် လေယာဉ်ခရီးမို့ အိပ်ရေးကပျက် ခေါင်းကငြီးစီစီ။ ဒေသစံတော်ချိန် မနက် နာရီခွဲမှာ ပေကျင်းမှ ချင်းတောင်သို့ လေယာဉ်ဆက်စီးရသည်။ ပေကျင်းနှင့်ချင်းတောင်သည် သိပ်မဝေးလှ။ တစ်နာရီခွဲခန့် လေယာဉ်စီးပြီး မနက် ၁၁ နာရီခန့်မှာ ချင်းတောင်ရောက်သည်။
ချင်းတောင်
ချင်းတောင်ဟု ကျွန်တော်တို့ အလွယ်ဆုံး အသံဖလှယ်လိုက်သော မြို့၏အမည်မှာ အင်္ဂလိပ်လို Qingdao ဖြစ်လေသည်။ မူရင်းအသံထွက်ကို ယူကျုတွင်ရှာကြည့်ရာ ချင်းဒိုဟု အသံထွက်ကြသလို ချင်းဒေါင်းဟုလည်း အသံထွက်ကြသည်။ ဘယ်လိုအသံထွက်ထွက် ချင်းတောင်က မှတ်မိလွယ် သည်။ ပေကျင်း၏ အရှေ့တောင်ဘက် ကုန်းမိုင် ၄၀၀ ခန့်အကွာတွင် ရှိသည်ဟု သိရသည်။ ပေကျင်းမှကားဖြင့် လာပါက ခြောက်နာရီကျော်ကြာသည်ဆိုရာ အနီးစပ်ဆုံးပြောရလျှင် ရန်ကုန်နှင့် မန္တလေး အကွာအဝေးခန့် ဖြစ်သည်။ ချင်းတောင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်းတုန်းပြည်နယ် ထဲက ခရိုင် အဆင့်မြို့ တစ်မြို့ဖြစ်သည်။
ချင်းတောင်ကို ရောက်တော့ ရာသီဥတုက နေလို့ကောင်းသည့် အပူချိန် ဖြစ်သည်။ ၁၂ ဒီဂရီ စင်တီဂရိတ်ခန့် ဖြစ်ရာ အေးမြသည့် ရာသီနှစ်သက်သည့် ကျွန်တော့်အတွက် အဆင်ပြေနေသည်။ ကျွန်တော်တို့အဖွဲ့ကို ချင်းတောင်မြို့ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဌာနနှင့် ချင်းတောင် အရှေ့တိုင်း ရုပ်ရှင်မြို့တော်တို့မှ တာဝန်ရှိသူများက ချင်းတောင် မြို့ အကြောင်း ရှင်းပြရင်း နေ့လယ်စာ ကျွေးသည်။ တနင်္လာနေ့တိုင်း သက်သတ်လွတ်စားသော ကျွန်တော့်အတွက် သူတို့၏ အရသာ ရှိလှသော အထူးဟင်းလျာများမှာ ကြည့်ရုံသက်သက် ဖြစ်ခဲ့ရသည်။ ကျွန်တော်တို့အဖွဲ့သည် နေ့လယ်စာ စားအပြီး ချင်းတောင် ရုပ်ရှင်ပြတိုက်ကလေးကို လှည့်ကြည့်ရသည်။ နေ့လယ်စာ စားကြရင်း သူတို့က ရှန်းတုန်းပြည်နယ်သည် တရုတ်ရှေးဟောင်းပညာရှိကြီး ကွန်ဖြူးရှပ်၏ မွေးရာဇာတိ ဟု ပြောပြရာ ပိုစိတ်ဝင်စားစရာ ကောင်းသွားသည်။ ကွန်ဖြူးရှပ်ကို ရှန်းတုန်းပြည်နယ် ထဲက ကျိဖူးမြို့ကလေးတွင် ဘီစီ ၅၅၁ ၌ မွေးဖွားခဲ့သည်ဟု လေ့လာသိရှိရသည်။ ကျိဖူးမြို့သည် ချင်းတောင်၏ အနောက် တောင်ဘက် ကီလိုမီတာ ၃၀၀ ကျော်အကွာခန့်တွင် ရှိသည်။
အိပ်ရေးကပျက်၊ နေ့လယ်စာကလည်း စားအပြီးမှာ အိကျလာလာနေသည့် မျက်ခွံတွေကို အတင်းပြန်တင်ရသည် ကလည်း အခက်အခဲတစ်ခု ပါလား။ ပြတိုက်ကြည့်ပြီးသောအခါ ကျွန်တော်တို့တည်းမည့် ဝန်ဒါဗီစတာ ချင်းတောင် ရုပ်ရှင်မြို့ပြဟိုတယ် Wanda Vista Qingdao Movie Metropolis Hotelသို့ ကားများဖြင့် ဆက်သွားရသည်။ ကျွန်တော့်စိတ်မှာ တစ်နာရီခန့်မျှ မောင်းရသည်ဟု ထင်သည်။ အသေအချာကား မမှတ်သားမိ။
ဟိုတယ်က ရုပ်ရှင်မြို့တော်အတွင်းမှာ တည်ဆောက်ထားပြီး ခမ်းနားလှ သည်။ ဧည့်ခန်းမဆောင်က အလှဆင် ဗိသုကာ ဒီဇိုင်းများက ကျွန်တော်တို့ကို ဆွဲဆောင်နေသည်။ ရန်ကုန်မှာကတည်းက ချင်းတောင် ရုပ်ရှင်မြို့တော် ဆိုသည့်စကားကို ကြားကြားနေခဲ့ရသည်။ အခုအကြားက အမြင်ဖြစ်လာပြီ။ ဟိုတယ်တစ်ဝိုက်က ဗိသုကာလက်ရာ များသည် အရှေ့တိုင်းဆန်မနေဘဲ ဥရောပဆန် နေသလို ခံစားရသည်။
ရုပ်ရှင်မြို့တော်
နောက်တစ်နေ့နံနက်စောစောတွင် ကျွန်တော်တို့ ချင်းတောင်ရုပ်ရှင် စတူဒီယိုများ ရှိရာသို့ သွားရောက် ကြသည်။ ဟိုတယ်နှင့်သိပ်မဝေးလှသော နေရာတွင် တည်ရှိသည့် အရှေ့တိုင်းရုပ်ရှင်မြို့တော်၏ စတူဒီယိုဝင်းကြီးကား ကျယ်ဝန်း လှသည်။ အရှေ့တိုင်းရုပ်ရှင်မြို့တော်ကို ကနဦးတည်ထောင်ခဲ့သူမှာ တရုတ်ပြည်၏ အကြွယ်ဝဆုံးလုပ်ငန်းရှင် ကြီးများထဲတွင် တစ်ဦးပါဝင်သည့် ဝမ်ကျိယန်လင်းဖြစ်သည်။ သူသည် ဒါလျန်းဝန်ဒါ စီးပွားရေးအုပ်စုကြီး၏ ဥက္ကဋ္ဌဖြစ်ပြီး နောက်ပိုင်းတွင် အရှေ့တိုင်း ရုပ်ရှင်မြို့တော်ကို ဆန်းနက်ကုမ္ပဏီသို့ သူက ပြန်ရောင်းချခဲ့သည်။
ရုပ်ရှင်မြို့တော်သည် ရုပ်ရှင်စတူဒီယိုများအပြင် လူနေအိမ်များ၊ ဟိုတယ်များ၊ ဈေးဝယ်ကုန်တိုက် ကြီးများ၊ အပန်းဖြေ နေရာများ၊ နိုင်ငံတကာစာသင် ကျောင်းများ၊ နိုင်ငံတကာ ဆေးရုံများစသည်ဖြင့် မြို့ပြကြီးတစ်ခုအဖြစ် တည်ဆောက် ထားရာ ကမ္ဘာပေါ်တွင် အကျယ်ဆုံးသော ရုပ်ရှင်မြို့တော်တစ်ခု၊ အရှေ့တိုင်း၏ ဟောလိဝုဒ်ဟု တရုတ်တို့က ဂုဏ်ယူ ကြသည်။ ချင်းတောင်မြို့လယ် မှ ၂၅ ကီလိုမီတာခန့် ကွာဝေးသော နေရာတွင်ရှိပြီး ယခင်က လုံးဝဖွံ့ဖြိုးမှု မရှိသေး သော မြေနေရာများ ဖြစ်သည်။ ယခုမူကား ၂၀၁၈ခုနှစ် ဧပြီလတွင် တရားဝင်ဖွင့်လှစ်ခဲ့သော ထိုနေရာသည် ဥရောပ အငွေ့အသက်နှင့် မြို့ပြတစ်ခုလို ဖွံ့ဖြိုးစပြုနေပြီ။
စတူဒီယိုများကား အချို့မှာ စတင်အသုံးပြနေပြီး အချို့နေရာများတွင် ဆောက်လက်စ အဆောက်အအုံများ တွေ့နေရဆဲ ဖြစ်သည်။ ၂၀၁၈ ခုနှစ် ဩဂုတ်လတွင် ယင်းတို့ကို အပြည့်အဝ စတင်လည်ပတ်ခဲ့ကြောင်း သိရှိရသဖြင့် အချိန်ကသိပ်မကြာသေး။ အသစ်နံ့ကား သင်းနေဆဲဖြစ်သည်။
အမေရိကန်ဒေါ်လာ ၇ ဒသမ ၉ ဘီလီယံ အကုန်ကျခံတည်ဆောက်ခဲ့သည့် ရုပ်ရှင်မြို့တော်ကြီးတွင် ကျွန်တော်တို့ မြင်တွေ့နေရသည့် အင်ဒိုးစတူဒီယိုဟု ခေါ်သော အတွင်းရိုက်ကွင်း အဆောက်အအုံ များသည် နည်းပညာမြင့် စတူဒီယိုများဖြစ်ပြီး စုစုပေါင်း ၅၂ လုံး ရှိသည်ဟု ဆိုသည်။ ယင်းတို့အထဲတွင် စတုရန်းမီတာ တစ်သောင်းကျယ်သော Sound Stage တစ်ခုလည်းပါဝင်သည်။ အတွင်းအပြင် ရေအောက်ရိုက်ကူးရေး စတူဒီယိုများကိုလည်း တွေ့ခဲ့ရသည်။
ကျွန်တော်တို့အဖွဲ့ကို စတူဒီယိုတစ်ခုထဲ သူတို့ခေါ်သွားသည်။ အဆောက်အအုံထဲမှာ ဆက်တင်ကြီး တစ်ခု တည်ဆောက်နေသည်။ သိပ္ပံဆန်းကြယ်အမျိုးအစား တရုတ်ရုပ်ရှင်ကား တစ်ကားကို ရိုက်ကူးဖို့ ထိုဇာတ်ကား၏ အဓိကရိုက် ကွင်းဖြစ်သော အာကာသယာဉ်ကြီးတစ်စင်းကို ပုံစံတူ တည်ဆောက်နေကြခြင်း ဖြစ်သည်။ ကျွန်တော်တို့ က ပုံစံတူယာဉ်ကြီး၏ အတွင်းပိုင်းကို ဝင်ကြည့်ကြသည်။ တကယ့် အာကာသယာဉ်၏ အတွင်းပိုင်းအတိုင်း သပ်သပ် ရပ်ရပ် လုပ်ထားသည်။ ထိုအာကာသယာဉ် ပုံစံတူ တည်ဆောက်သည့်ကုန်ကျစရိတ်ကိုက ဒေါ်လာ သန်းဂဏန်းရှိ သည် ဟု ဆိုရာ ကျွန်တော့်အနားတွင် ပါလာသော ကိုဇင်ဝိုင်းက မျက်လုံးပြူးသွားသည်။ ရုပ်ရှင်ထုတ်လုပ်သည့် ကုမ္ပဏီက ယခုစတူဒီယိုကို အဆောက်အအုံသာ ငှားခြင်းဖြစ်သည်။ စတူဒီယိုထဲက ဆက်တင်တွေကို ရုပ်ရှင်ကုမ္ပဏီက ထပ်မံ အကုန်အကျ ခံကြရသည်။ ရုပ်ရှင်ရိုက်ပြီးပါက ထိုဆက်တင်တွေကို သူတို့ပြန် ဖြုတ်ယူ သွားနိုင်သည်။
မပြတ်သောစက်ဝန်းနှင့်ရှာပုံတော်
လွန်ခဲ့သည့် ဆယ်နှစ်ကျော်ခန့်က အိန္ဒိယနိုင်ငံ မွမ်ဘိုင်း(ဘုံဘေ)မြို့ရှိ ရုပ်ရှင်မြို့တော်သို့ လေ့လာရေး ကျွန်တော် ရောက်ခဲ့ဖူးသည်။ ဘောလိဝုဒ်ဟု လူသိကြသည့် အိန္ဒိယရုပ်ရှင်ဇာတ်ကား အတော်များများ ရိုက်ကူးသည့် ထိုရုပ်ရှင်မြို့ တော်၏ စတူဒီယိုအဆောက်အအုံများကား ဝန်ဒါနှင့်ကွာလှသည်။ သူတို့ အဆောက်အအုံတွေက ကုန်ကျစရိတ်နည်း နည်း နှင့် ဂိုဒေါင်တွေလို ဆောက်ထားကြခြင်းဖြစ်သည်။ ရှင်းရှင်းပြောရရင် ဂိုဒေါင်တွေကို ငှားစားပြီး ရုပ်ရှင်ထုတ်လုပ် သူတွေက ဇာတ်ကားအလိုက် သူတို့စိတ်ကြိုက် ဆက်တင် များကို တည်ဆောက်ကြရသည်။ ကျွန်တော်ရောက် သည့်အချိန်မှာ ဂိုဒေါင် စတူဒီယိုကြီး တစ်ခုအတွင်းမှာ ဘောလိဝုဒ်ရာဇဝင်ကား တစ်ကားအတွက် ရှေးဟောင်းပုံစံ ဆက်တင်တွေ တည်ဆောက်နေကြသည်ကို တွေ့ခဲ့ရသည်။ ချင်းတောင်က ဈေးကြီးသော စတူဒီယိုမျိုးပဲ ဖြစ်ဖြစ်၊ မွမ်ဘိုင်းက ဈေးချို စတူဒီယိုမျိုးပဲ ဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ရုပ်ရှင်လောကအတွက် စတူဒီယိုတွေ လိုအပ်နေသည်က အမှန်ဖြစ်သည်။
အကုန်အကျခံရိုက်တော့ အရည်အသွေးမြင့် ဇာတ်ကားတွေရ၊ ဇာတ်ကားတွေ အရည်အသွေး မြင့်တော့ ဈေးကွက် ကြီးကြီးရ၊ ဈေးကွက်ကြီးကြီးရတော့ ဝင်ငွေကောင်း၊ ဝင်ငွေကောင်းတော့ ဇာတ်ကား အတွက် အများကြီး အကုန်အကျခံနိုင်။ ဒါက သူတို့လည်ပတ်နေသော စက်ဝန်းဖြစ် သည်။ ကျွန်တော်တို့ ရုပ်ရှင်လောက၏ စက်ဝန်းကား ပြောင်းပြန်ဖြစ်နေသည်။ ဈေးကွက်ကျဉ်းတော့ ဝင်ငွေနည်း၊ ဝင်ငွေနည်းတော့ အကုန်အကျမခံနိုင်၊ အကုန်အကျမခံ နိုင်တော့ အရည်အသွေးမမီ၊ အရည်အသွေးမမီတော့ ဈေးကွက်မရ။ သည်လိုနှင့် သံသရာလည်နေခဲ့သည်မှာ ကြာခဲ့ပြီ။ ထိုသံသရာ ကို ဘယ်အပိုင်းက ဖြတ်ရင်ကောင်းမလဲဆိုသည်က အဖြေဖြစ်နိုင်သလို တစ်ဖက်တွင်လည်း ကြီးမားသော စွန့်စားမှုဖြစ်နေပြန်သည်။ ယခု ကျွန်တော်တို့၏ တရုတ်ပြည် ရုပ်ရှင်လုပ်ငန်း လေ့လာရေး ခရီးစဉ်သည် အဖြေရှာသော ခရီးစဉ်တစ်ခုဖြစ်သလို စွန့်စားမည့်သူများကို ရှာပုံတော်ဖွင့်ခြင်း ဟုလည်း ပြောနိုင်သည်။
ကျွန်တော်တို့က အရှေ့တိုင်းရုပ်ရှင်မြို့တော်၏ အထင်ကရ ဈေးဝယ် စင်တာကြီးရှိရာသို့ ခရီးဆက်ခဲ့ကြပြန်သည်။ ဈေးဝယ်စင်တာကြီးရှေ့ ကားလမ်း၏ ဟိုဘက်တွင် ပြင်ပ စတူဒီယိုများကို တွေ့ရသည်။ ရှေးဆန်ဆန် ဥရောပ ဗိသုကာဟန် အဆောက်အအုံတွေက တစ်ခြမ်း၊ နောက်တစ်ခြမ်းက ရှေးဟောင်းရှန်ဟိုင်း အဆောက် အအုံပုံစံတွေ..။ ဆိုင်းဘုတ်တွေကအစ ခေတ်ဟောင်း စာလုံးဒီဇိုင်းများနှ င့် ဖြစ်နေသည်။
ကျယ်ဝန်းလှသော ရုပ်ရှင်မြို့ပြကြီးထဲ နာရီပိုင်းလေးနှင့် အစုံရောက်ဖို့ မလွယ်သည်က သေချာသည်။ လေ့လာ၍ အားမရနိုင်သေးသော်လည်း ပေကျင်းသို့ ခရီးနှင်ဖို့ လေဆိပ်ဆင်းကြရမည့် အချိန်က ကပ်လာသည်။ ခပ်သုတ်သုတ်၊ ခပ်လောလောနှင့် လျှပ်တစ်ပြက် ချင်းတောင်ဟုပင် ပြောရ မည်လားမသိ။ သို့သော် ကိစ္စမရှိ။ အရိပ်ပြရုံနှင့် ကျွန်တော်တို့ အကောင်မြင် နိုင်အောင် ကြိုးစားရမည်။
ပေကျင်း
လှပ၍အေးမြသော၊ နေချင်စဖွယ်ဖြစ်သော ချင်းတောင်မြို့ကလေးကို လေယာဉ်ပေါ်မှ နှုတ်ဆက်မိ လိုက်သည်။ နီယွန်မီးများနှင့် တောက်ပနေသာ အဆောက်အအုံတွေက ကျွန်တော်တို့ တည်းခဲ့သော ရုပ်ရှင်မြို့ပြများလားဟု ကျွန်တော်က တွေးထင်မိလေ သည်။ မှေးခနဲတစ်ချက်ဖြစ်သွားပြီး ပြန်နိုး လာသောအခါ လေယာဉ်က ပေကျင်းလေ ဆိပ်သို့ ဆင်းနေပြီ။
ပေကျင်း၏ ပထမရက်မှာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့က တရုတ်အစိုးရ ပြန်ကြားရေး ဝန်ကြီးနှင့် အခြားတာဝန်ရှိသူများနှင့် တွေ့ဆုံကြ၊ ပုံနှိပ်မီဒီယာလုပ်ငန်းများကို လေ့လာကြရာ ကျွန်တော်တို့ရုပ်ရှင်နှင့် ရုပ်သံလုပ်ငန်းများမှအဖွဲ့များ လိုက်ပါမသွားကြဘဲ အနားရ ကြသည်။
ဧပြီလ ၄ ရက်နေ့ ညနေပိုင်းတွင် ကျွန်တော်တို့ ပေကျင်းရုပ်ရှင် အကယ်ဒမီကို ရောက်ကြသည်။ ပေကျင်းအခြေစိုက် ရုပ်ရှင်တက္ကသိုလ်ဟု ဆိုနိုင်သည်။ အဆောက်အအုံကတော့ ဟောင်းနေပြီ။ ဟောင်းဆို ပေကျင်း ရုပ်ရှင်အကယ်ဒမီ၏ သက်တမ်းကိုက နှစ်ပေါင်း ၆၉ နှစ်ရှိပြီ။ ၁၉၅၀ ပြည့်နှစ် မေလတွင် စတင် တည်ထောင်ခဲ့သော ထိုကျောင်းသည် ယခုအခါ တရုတ် ရုပ်ရှင်လောက၏ သရုပ်ဆောင် အကျော်အမော်များ၊ ထိပ်တန်းဒါရိုက်တာကြီး များနှင့် အတတ်ပညာ ရှင်များစွာကို မွေးထုတ်ပေးခဲ့ပြီး ဖြစ်သည်။ စတင် တည်ထောင်စဉ်က ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုပ်ရှင်ဗျူရို၏ ဖျော်ဖြေရေး အနုပညာအဖွဲ့အစည်း တစ်ခုအဖြစ် အမည်ပေးခဲ့သည်။ ထို့နောက် ၁၉၅၁ ခုနှစ်တွင် ရုပ်ရှင်ဗျူရိုကျောင်း၊ ၁၉၅၃ ခုနှစ်တွင် ပေကျင်းရုပ်ရှင်ကျောင်းအဖြစ် အမည်များ ထပ်မံပြောင်းလဲခဲ့ပြီး ယခုတွင်နေသော ပေကျင်းရုပ်ရှင် အကယ်ဒမီအမည်ကို ၁၉၅၆ ခုနှစ်တွင် ပြောင်းပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ကျောင်း၏ အစည်းအဝေးခန်းမတွင် ဒုတိယအကြီးအကဲနှင့် ဌာနအသီးသီးမှ တာဝန်ခံအသီးသီးက ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကျွန်တော်တို့အဖွဲ့ကို ပို့ချနေသည့် သင်တန်းများနှင့် ပတ်သက်ပြီး ရှင်းလင်း တင်ပြကြသည်။ သူတို့က သူတို့ကျောင်းထွက် တရုတ်ရုပ်ရှင် ဒါရိုက်တာ အကျော်အမော်များဖြစ်ကြသော ကျန်းရီမို့၊ ချန်ခိုင်ကော၊ ထန်ရ်ကျွမ်းကျွမ်း၊ ကျားကျန်းခေါ့နှင့် ကုချန်ဝေ့တို့၏အမည် များကို ထုတ်ပြော၍ ဂုဏ်ယူကြသည်။
ပေကျင်းအကယ်ဒမီတွင် ဇာတ်ညွှန်းနှင့် ရုပ်ရှင်ပညာဌာန၊ ဒါရိုက်တာ အတတ်ပညာဌာန၊ ရုပ်ရှင်ဓာတ်ပုံ ပညာဌာန၊ ရုပ်ရှင်နှင့်ရုပ်မြင်သံကြားနည်း ပညာဌာန၊ ရုပ်ရှင်ပညာလေ့လာရေးဌာနနှင့် အခြေခံပညာရေးဌာနစသဖြင့် ဌာနများရှိကြသည်။ ၂၀၁၇ -၂၀၁၉ ပညာသင်နှစ်တွင် ကာလတို သင်တန်းများ အပါအဝင် တက်ရောက်နေကြသည့် ကျောင်းသားပေါင်း ၄၀၀၀ ခန့်ရှိသည်။ နိုင်ငံတကာ ကျောင်းသားအများစုမှာ အမေရိကန်ပြည်ထောင်စုမှ ဖြစ်ကြောင်း သိရှိရသည်။
ကျောင်းပင်မအဆောက်အအုံမှ ပြန်အထွက်တွင် အသက်၂၅ နှစ်ခန့် ရှိမည်ဟု ခန့်မှန်းရသော လူငယ်တစ်ဦးနှင့် မျက်နှာချင်းဆိုင်မိတော့ သူကပြုံး ပြသည်။ မရည်ရွယ်ဘဲ ဟိုင်းလို့နှုတ်ဆက်မိတော့ ထိုလူငယ်လေးက အပြုံးဖြင့် ပြန်နှုတ်ဆက်သည်။ စကားပြောကြည့်မိတော့ သူကလည်း ပေကျင်းအကယ်ဒမီတွင် လက်ရှိ သရုပ်ဆောင်ပညာ ဆည်းပူးနေသူ တစ်ဦးဖြစ်နေသည်။ သူက တာဂျစ်ကစ္စတန်သား ဖြစ်သည်။ ယခုတတိယနှစ် တက်နေသည်ဟု ပြောပြသည်။ ပထမနှစ်က တရုတ်စာသင်ရပြီး ဘာသာရပ်များကို တရုတ်လို သင်ယူရ သည်ဟုလည်း ကျွန်တော့်ကိုရှင်းပြသည်။ကျောင်းပြီးသွားရင် မင်းနိုင်ငံ ပြန်မလားဟု ကျွန်တော်မေးတော့ သူကခေါင်းခါသည်။ တရုတ် ပြည်မှာပဲ သရုပ်ဆောင်လုပ်မယ်ဟု သူဖြေသည်။
ဟာ့ဒ်ဝဲနှင့် ဆော့ဖ်ဝဲ
စက်ဘီးလေးနင်းပြီး နှုတ်ဆက်ထွက်ခွာသွားသော တာဂျစ်ကစ္စတန် ကျောင်းသားလေးကိုကြည့်ရင်း ကျွန်တော်တို့ နိုင်ငံတွင် ရုပ်ရှင်လုပ်ငန်းဖွံ့ဖြိုး တိုးတက်ဖို့ဟာ့ဒ်ဝဲဟုခေါ်သော စတူဒီယိုတွေ၊ ခေတ်မီပစ္စည်းတွေ သာမက ဆော့ဖ်ဝဲများဖြစ်သော အနုပညာနှင့် အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်ဖို့ လည်း လိုအပ်နေသေးသည်ကို စဉ်းစားမိ လိုက်သည်။
ရုပ်ရှင်သည် အနုပညာနှင့် နည်းပညာများကို ပေါင်းစပ်ထားသည်။ နည်းပညာတိုးတက်မှုနှင့်အတူ အနုပညာဖန်တီး မှုတွေကလည်း ပြောင်းလဲတိုးတက်လာကြသည်။ ဖလင်ခေတ်တွင် နောက်ကျန်ရစ် ခဲ့ရသော မြန်မာ့ရုပ်ရှင်အတွက် ဒစ်ဂျစ်တယ်ခေတ်သည် အခွင့်အလမ်းတစ်ခုဟု ကျွန်တော် မြင်ပါသည်။ ဒစ်ဂျီတယ်နည်းပညာသည် နံရံတံတိုင်းများကို ဖြို၍ ခြားနားချက်များကို ကျဉ်းမြောင်း စေနိုင်သည့် အစွမ်းသတ္တိရှိသည်။ ကျွန်တော်တို့ တွေဝေ မနေဖို့၊ လက်မနှေး နေဖို့၊ ပြီးတော့ အနာဂတ်အမြင်စူးရှဖို့သာ လိုပါသည်။ငါးပိဖုတ်တာတောင် ဆရာမပြ၊ နည်းလမ်းမကျဆိုသော မြန်မာ့ဆိုရိုးစကား တစ်ခု ရှိပါသည်။ ရှေးမြန်မာတွေခေတ်ကတည်းက စနစ်တကျသင်ကြားပို့ချမှုကို တန်ဖိုးအဘယ်မျှ ထားသည် ဆိုသည်ကို အဆိုပါဆိုရိုးစကားက သက်သေခံ နေသည်။ ရုပ်ရှင် အတတ်ပညာ၊ ရုပ်ရှင်ထုတ်လုပ်မှု၊ ရုပ်ရှင်စီးပွား ..။ ဒါတွေကို စနစ်တကျ သင်ကြားတတ်မြောက်လို ကြသည့် ကျွန်တော်တို့၏ မျိုးဆက်သစ် လူငယ်တွေ အတွက် ပေကျင်းအကယ်ဒမီလို ကျောင်းမျိုးတွေက လောလောဆယ်မှာ အိပ်မက်တစ်ခုဖြစ်ကောင်း ဖြစ်နေမည်။ သို့သော် တစ်ချိန်ချိန်မှာ ထိုအိပ်မက်တွေ လက်တွေ့ဖြစ်မလာဘူးလို့ ဘယ်သူတွေပြောရဲကြမလဲ။
နောက်တစ်နေ့မနက်မှာ ကျွန်တော်တို့ အိမ်ပြန်ဖို့အထုပ်အပိုးတွေ သိမ်းဆည်းရသည်။ မနက်ပိုင်းမှာ China Giant Screenဆိုသော ရုပ်ရှင်ရုံ တစ်ရုံသို့ လေ့လာရမည်။ ကျွန်တော်ပိုစိတ်ဝင်စားသည်က မွန်းလွဲပိုင်းတွင် သွားရောက်လေ့ လာမည့် ပေကျင်းရှိ ရုပ်ရှင်စတူဒီယိုဝင်းကြီးကိုပဲ ဖြစ်သည်။ ထိုနေရာ၏ အမည်အပြည့်အစုံမှာ တရုတ်ရုပ်ရှင်အုပ်စု၏ နိုင်ငံပိုင် ရုပ်ရှင်ထုတ်လုပ်ရေး အခြေစိုက်စခန်း ဖြစ်သည်။
ပေကျင်း၏မြောက်စူးစူးမကျတကျ ကီလိုမီတာ ၆၀ ခန့်ကွာဝေးသော နေရာတွင် ဟွီးယိုခရိုင် ရှိသည်။ တရုတ်ရုပ် ရှင်အုပ်စု၏ ရုပ်ရှင်ထုတ်လုပ်ရေး စတူဒီယိုဝင်းကြီးသည် ထိုခရိုင်အတွင်းရှိ ယန်ဆွန်းမြို့နယ်တွင် တည်ရှိသည်။ ကျွန်တော်တို့စီးလာသော ကားကဝင်းကြီးတစ်ခုထဲ မောင်းဝင်သွားသည်။ ဝင်းထဲမှာ တရုတ်ရိုးရာရှေးဟောင်း အဆောက်အအုံတွေက အစီအရီနှင့်။ အတိတ်ကို အလိုလို ပြန်ရောက်သွားပုံကို ဇာတ်လမ်းဆင်ရိုက်ကူးထားသည့်
ဟောလိဝုဒ်ရုပ်ရှင်ကား တစ်ကားကို သတိပြန်ရသွားသည်။ ယခုမြင်နေရသော အဆောက်အအုံ များသည်ပင် ရုပ်ရှင်ရိုက်ကူးရေး စတူဒီယိုများ ဖြစ်နေသည်။
အနာဂတ်မှ အတိတ်သို့
ချင်းတောင်မှာ ကြည့်ခဲ့ရသည့် ရုပ်ရှင်စတူဒီယိုဆက်တင်ကြီးကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် နောင်အနှစ် ၂၀ လောက် ကြိုရောက်သွားသလို ခံစားခဲ့ရ သည်။ အနာဂတ်ကိုခေါ်သွားသော စတူဒီယိုတွေ ဖြစ်သည်။ ယခုမျက်စိအောက် ရောက်နေသာ ပေကျင်းစတူဒီယိုတွေက လွန်ခဲ့သည့် နှစ်လေးငါးဆယ်မကသော အတိတ်ကို ပြန်ခေါ်သွားနေသည်။
ပေကျင်း၏အအေးဓာတ်က စိမ့်နေသည်။ တရုတ်ရိုးရာအိမ်ကြီးတွေက အပြင်တင်မက အတွင်းခန်းများပါ ထည့်ရိုက်လို့ရအောင် ပြင်ဆင်ထားသည်။ အားလုံးက အတုတွေဖြစ်သည်။ အစစ်နှင့်တူသော အတုတွေ။ နံရံကလည်း အတု၊ တိုင်တွေ ကလည်း အတု၊ ခင်းကျင်းထားသော အသုံးအဆောင်တွေ ကလည်း အတု။ သရုပ်ဆောင်သည် ဆိုတာကလည်း အတုပဲ မဟုတ်ပါလား။
၂၀၀၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် ယခုနေရာသည် သက်တမ်း ၁၁ နှစ်တာကာလအတွင်း စိတ်ဝင်စားမှုများပြား လာသဖြင့် အစိုးရမှ ထောက်ပံ့မှု များစွာ ပေးခဲ့ကြောင်း သိရသည်။ အာရှတွင် ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ထုတ်လုပ်ရေးအခြေစိုက်စခန်းများတွင် အကြီးဆုံးဖြစ်သည်ဟု တရုတ်တို့က ဆိုသည်။ အခြေစိုက်စခန်းတွင် ဇုန်ပေါင်း ၁၁ ဇုန်ရှိသည်။ လွန်ခဲ့သည့် ၁၀ နှစ်ခန့်က တောင်ကိုရီးယားနိုင်ငံတွင် လေ့လာခဲ့ဖူးသော ရုပ်သံစီးရီးပြင်ပ ရိုက်ကွင်းနေရာများကို ကျွန်တော် ပြန်သတိရသွားသည်။ ရိုးရာအဆောက် အအုံများနှင့် ဝန်းကျင်အငွေ့အသက်တို့က ခပ်ဆင်ဆင် တူနေ၍ ဖြစ်သည်။ အရှေ့ အာရှ၏ ယဉ်ကျေးမှုတွေက နီးစပ်လွန်းနေကြသည်။
ချင်းတောင်စတူဒီယိုတွေတုန်းက ဓာတ်ပုံသိပ်မရိုက် ဖြစ်ကြသည့်အဖွဲ့သားအချို့မှာ လှပသာယာသော ပတ်ဝန်း ကျင်၏ ဖမ်းစားမှုကြောင့် ဖုန်းကင်မရာ လေးတွေထုတ်ပြီး အလုအယက် ဓာတ်ပုံမှတ်တမ်းတင် ကြတော့သည်။ ကျွန်တော်က အရင်သိကျွမ်းခဲ့ပြီးသော တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် အတူ အမှတ်တရ ဓာတ်ပုံတွဲရိုက် ဖြစ်လိုက်သည်။ ပြန်ကြားရေးဝန်ကြီးက အနားတွင်ပါလာသော အခြေစိုက်စခန်းတာဝန် ရှိသူတွေကို သိလိုသည်များ မေးမြန်းနေသည်။ ကျွန်တော်တို့နှင့်မနီးမဝေးတွင် လာရောက်လည် ပတ်ကြသော ခရီးသွားတို့ကလည်း ဖုန်းကင်မရာတွေ ကိုယ်စီနှင့် အပြန်အလှန် ရိုက်ပေးနေကြသည်။
ပေကျင်း၏ ရုပ်ရှင်ထုတ်လုပ်မှုအခြေစိုက်စခန်းသည် ရုပ်ရှင်ထုတ်လုပ်ရေး အတွက်သာမက ခရီးသွားများအတွက် လည်ပတ်စရာ နေရာတစ်ခုအဖြစ် ထင်ရှားနေပြီဖြစ်သည်။ တကယ်ဆို နေရာက အကျယ်ကြီး ဖြစ်သည်။ စတုရန်း မီတာ ၅၀၀၀ ခန့်ကျယ်ဝန်းသော သည်နေရာကို တကယ်ကြည့်မည် ဆိုလျှင် အနည်းဆုံး နေ့တစ်ဝက်တော့ ကျိုးသွားနိုင်သည်။ ကျွန်တော်တို့မှာက အချိန် အကန့်အသတ်နှင့်။ မနက်ပိုင်းလေ့လာခဲ့ချိန်များနှင့် လမ်းခရီးကြာချိန်တို့ ကြောင့် ကျွန်တော် အားပါးတရ ကြည့်ချင်သော ဒီနေရာမှာ သေသေချာချာ လေ့လာခွင့် မရလိုက်။ လေဆိပ်ဆင်းရန် အချိန်ကပ်လာသဖြင့် ဆက်သွားမည့် ခြေလှမ်းတို့ကို ရပ်တန့်ကာ ကားပေါ် ပြန်တက်ရသည်။
နေလိဝုဒ် သို့မဟုတ် နေပြည်တော်ရုပ်ရှင်မြို့တော်အိပ်မက်
လေဆိပ်ရောက်တော့ နောက်မကျရုံလေးပဲရှိသည်။ အပြန်ခရီးက ထုံးစံအတိုင်း သယ်ရပိုးရတာတွေ ပိုများသည်။ အထုပ်အပိုးတွေပိုများသည်။ သည်တော့ အချိန်ပို၍ယူရသည်။ ထုံးစံအတိုင်း တရုတ်လေယာဉ်က အထွက် နောက်ကျ ပြန်သည်။
ကျွန်တော့်ဘေးမှာ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က လာထိုင်သည်။ သူကခရီးစဉ်၏ အောင်မြင်မှုအပေါ် ကျေနပ်နေ ဟန်ရှိသည်။ လည်ပတ်ခဲ့သည့် နေရာများအကြောင်း သူနှင့် ပြန်ပြောင်း ပြောဆိုရင်း လေယာဉ်အထွက်ကို စောင့်ရသည်။ လေယာဉ်က ပေကျင်းမြို့၏ကောင်းကင်ယံတွင် ပျံသန်းနေပြီ။ ကျွန်တော့်အတွေးတွေက တစ်ခုသော အခမ်းအနားသို့ ပြန်ရောက်သွားသည်။ ရုပ်ရှင်အသိုက်အဝန်းကို နေပြည်တော်တွင် ရုပ်ရှင်လာရိုက်ကူးကြရန်နှင့် ရုပ်ရှင်စတူဒီယိုများ တည်ဆောက်ကြ ရန် ကမ်းလှမ်းသည့်ပွဲဖြစ်သည်။ နေပြည်တော်ကို ဖျော်ဖြေရေးမြို့တော် သို့မဟုတ် ရုပ်ရှင်မြို့တော်အဖြစ် ပုံဖော်လိုသည့် ထူးခြားသည့်စိတ်ကူးက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ စိတ်ကူးအိပ်မက် ဖြစ်သည်ဟု ဆိုသည်။ နေပြည်တော်တွင် ကျယ်ဝန်းသော မြေလွတ်မြေရိုင်းများစွာ ရှိသည်။ ရှုခင်းရှုကွက် လှပသောနေရာ များစွာရှိသည်။ မွန်းကျပ်ကျပ်နေသော ရန်ကုန်မြို့ပြမှခွာ၍ လေကောင်းလေသန့်နှင့် ကျယ်ဝန်းသော နေပြည်တော်လိုနေရာမျိုးကို ရုပ်ရှင်မြို့တော်တစ်ခု တည်ဆောက်ချင်သည်။ ထို့အတွက်ကြောင့် ဝန်ကြီးဦးဆောင်၍ သက်ဆိုင်ရာ လုပ်ငန်း နယ်ပယ်မှ လုပ်ငန်းရှင်များစုစည်းကာ ပြည်ပနိုင်ငံများသို့ လေ့လာရေး ထွက်ခဲ့ကြသည်။ ပထမဆုံးနိုင်ငံက တောင်ကိုရီးယား။ ယခု ဒုတိယခရီးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ။ ထပ်မံလေ့ လာလိုက အာရှနိုင်ငံများ ဖြစ်သည့် ဂျပန်နှင့် အိန္ဒိယသို့ ဆက်သွားနိုင်သေးသည်။
ကမ္ဘာ့ ရုပ်ရှင်လုပ်ငန်းကို အမေရိကန်က ဦးဆောင်နေသည်။ ဟောလိဝုဒ်ဟု တင်စားကြသည်။ ထို့နောက် ဘုံဘေ(ယခုမွမ်ဘိုင်း) အခြေစိုက် အိန္ဒိယရုပ်ရှင်များ ထုတ်လုပ်တော့ ဘောလိဝုဒ် ဖြစ်လာသည်။ ပန်ဂျပ် ပြည်နယ်က ပန်ဂျပ်စကားပြော ရုပ်ရှင်တွေကို ပိုလိဝုဒ်ဟု တင်စားကြ ပြန်သည်။ နေရာဒေသနှင့် ဘာသာစကား အပေါ်မူတည်ကာ ဝိုလိဝုဒ်၊ တိုလိဝုဒ်၊ ကိုလိဝုဒ် တွေ ဖြစ်လာကြသည်။ ကမ္ဘာတစ်လွှားတွင် ဟောလိဝုဒ်ကို အတုယူ၍ ရုပ်ရှင် ထုတ်လုပ်မှုများကို တင်စားလာကြရာ ဥပမာ- လာဂိုးအခြေစိုက် နိုက်ဂျီးရီးယား ရုပ်ရှင်တွေက နိုလိဝုဒ်ဟု ကိုယ့်ကိုယ်ကိုယ် တင်စားသည်။ နီပေါနိုင်ငံ ခတ္တမန္ဒူ အခြေစိုက်ရုပ်ရှင်တွေ ကလည်း အားကျမခံ ကာလိဝုဒ်ဟု ဆိုကြပြန်သည်။ ယင်းလို အမည်ပေး တင်စားတာတွေ အများကြီးရှိသည်။ အချို့အမည်တွင်သွားသည်။ အချို့ကား လူမသိ သူမသိ။
ကျွန်တော်က နေပြည်တော်အခြေစိုက် မြန်မာ့ရုပ်ရှင်ထုတ်လုပ်ကြ မည်ဆိုလျှင် သူတို့လိုပဲ ခေတ်မီမီ နာမည်တစ်ခုကို စိတ်ထဲကပေးမိသည်။ နေပြည်တော်ဆိုတော့ ရှေ့ဆုံးက စာလုံး နေကို ယူလိုက်ပြီး နေလိဝုဒ်လို့ ကိုယ့်ဘာသာ အမည်ပေး ကင်ပွန်းတပ်မိလိုက်သည်။ နေလိဝုဒ် သို့မဟုတ် နေပြည်တော် ရုပ်ရှင်မြို့တော် အိပ်မက်ကား တရုတ်မှ အပြန်တွင် အိပ်မက် အဆင့်မှ လက်တွေ့သို့ ပိုနီးစပ်လာ သည်ဟု မြင်မိသည်။ တရုတ်ရုပ်ရှင် ထုတ်လုပ်သူအချို့က နေပြည်တော်ကို ရုပ်ရှင်မြို့တော်အဖြစ် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုပြသခဲ့ကြသည်ကို ခရီးစဉ်အတွင်း ကျွန်တော်မြင် ခဲ့ရသည်။ လက်တွေ့ အကောင်အထည်ဖော်ဖို့ ဆိုတာကတော့ အဆင့်များစွာဖြတ်သန်း ကြရပါဦးမည်။ ပြောနိုင်သည်က ကျွန်တော် တိတ်တိတ်လေး အမည်ပေးခဲ့သော နေလိဝုဒ်သည် အိပ်မက် မက်နေခြင်းအဆင့်မှ ရုန်းထနေပြီဆိုတာပဲ ဖြစ်သည်။ လက်တွေ့ဖြစ်လာဖို့က ရင်းနှီးမြှုပ်နှံသူများသာမက အစိုးရနှင့် ရုပ်ရှင်လောက သားများ၏ အားပေးကူညီထောက်ခံမှုတွေ လိုအပ်နေပါဦးမည်။
တရုတ်လေကြောင်းပိုင် အဲဘတ်စ်လေယာဉ်ကြီးက ရန်ကုန်မြို့သို့ ဦးတည်ပျံသန်းနေသည်။ ကျွန်တော်က အတွေးတွေကို ပြန်ရုပ်လိုက်သည်။ အတွေးတွေရပ်မည်ရှိသေး၊ ဖတ်ခဲ့ဖူးသော အဆိုအမိန့် တစ်ခုက အတွေးထဲ ဆက်စပ်ဝင်လာပြန်သည်။ ရွိုင်တီဘက်နက်ဟူသော အမေရိကန် နိုင်ငံရေး သမားတစ်ဦး၏ အဆိုအမိန့်တစ်ခု ဖြစ်သည်။အိပ်မက်တွေတကယ်ဖြစ်လာဖို့ အသေချာဆုံး နည်းလမ်းက အဲဒီအိပ်မက်တွေကို ရှင်သန်အောင်လုပ်ပေး တာပဲဖြစ်တယ်ဟု သူပြောခဲ့သည်။
နေလိဝုဒ်အိပ်မက်တွေကို ရှင်သန်အောင်လုပ်နိုင်လိမ့်မည်ဟု ကျွန်တော် မျှော်လင့်ပါသည်။
 ကိုကို(စက်မှုတက္ကသိုလ်)

No comments:

Post a Comment