“
စကားပြောတဲ့အခါမှာ ပြောသူရော နားထောင်သူ ရော နှစ်ယောက်လုံးနားလည်ထားပြီးသား အကြောင်း
အချက်တွေ ထည့်ပြောစရာမလိုတာ၊ လိုတဲ့အချက်ပဲ ထည့်ပြောတာပုံမှန်နည်းလမ်းပါပဲ။ ထည့်မပြောပေ
မယ့် နားထောင်သူက သူဘာသာဖြည့်ပြီး နားလည် သွားတာသဘာဝပဲလေ”
“
ရှင်းပြပါဦး ဘဘ ”
“
သူငယ်ချင်း နှစ်ယောက် စကားပြောတယ်ဆို ပါတော့။ တစ်ယောက်က ‘ရုပ်ရှင်သွားကြည့်ရအောင်’
လို့ပြောတာကို တစ်ယောက်က ‘ ငါက စာမေးပွဲနီး နေပြီ ‘ လို့ပြန်ပြောရင် ‘ ရုပ်ရှင်မလိုက်တော့ဘူး
’ လို့ငြင်းတဲ့အဓိပ္ပာယ်ဆိုတာ ပထမပြောတဲ့ သူက နားလည်မှာပဲမဟုတ်လား ”
“
ဟုတ်ပါတယ် ဘဘ ’’
“ဘယ်လိုကြောင့်
နားလည်တာလို့ထင်သလဲ ’’
“
ဪ...စာမေးပွဲနီးတဲ့ အချိန်မှာစာမကျက်ဘဲ ရုပ်ရှင်သွားကြည့်ရင် စာကျက်ဖို့အချိန်လျော့သွား
မယ်ဆိုတဲ့အချက်ကို နှစ်ယောက်စလုံးနားလည်ပြီး သားမို့ ငြင်းတဲ့အဓိပ္ပာယ်ဖြစ်တယ်ဆိုတာ
နားလည် တာပါ ဘဘ’’
“
ဟုတ်ပါပြီ။ အဲဒီလို ထည့်ပြောစရာမလိုတဲ့ စကားကို တမင်ထည့်ပြောရင် ရယ်စရာဖြစ်တတ်တယ် ဆိုတာ
ဟာသဝတ္ထုတွေမှာ တွေ့ရတတ်တယ်။ ဘဘတို့ ငယ်ငယ်က အင်မတန်သဘောကျတဲ့ ‘ကြပ်ကလေး’
ဆိုတဲ့ ဟာသစာရေးဆရာကြီးရေးတဲ့ ‘တိတိကျကျ’ ဆိုတဲ့ ဝတ္ထုကို သတိရတယ်။
အဲဒီထဲမှာ စကားကို တိတိကျကျပြောတတ်တဲ့ အဘိုးကြီးတစ်ယောက်နဲ့ အိမ်လာလည်တဲ့ လူငယ်တစ်ယောက်ပြောတဲ့စကားကို
ဘဘဖတ်ပြမယ်။ နားထောင်နော် ’’
“
ဟုတ်ကဲ့ပါ ’’
“
ဧည့်ခန်းမှာ ထိုင်နေကြတုန်း လူငယ်က ဆေးလိပ်သောက်ချင်လို့ ‘ ဦး မီးတစ်တို့ပေးပါ ’ လို့
တောင်းလိုက်တယ်။ အဘိုးကြီးကလည်း ဆေးပြင်း လိပ်ကြီးခဲထားတာကိုး ’’
“
ဟုတ်ကဲ့ ’’
“
အဲဒီတော့ အဘိုးကြီးကပြန်မေးတယ် ‘ ဘာနဲ့ တို့မှာလဲ ’ တဲ့ ’’
“
ဪ ’’
“
လူငယ်ကလည်း အဘိုးကြီးအထာကိုသိသွား တော့ တိတိကျကျပြန်ပြောတယ် ’’
“
ဦး ဆေးလိပ်နဲ့ ကျွန်တော်ဆေးလိပ် ထိပ်ချင်း တို့မယ်တဲ့ ’’
“
ဟား...ဟား ’’
“
သမီးတောင် ရယ်နေပြီ မဟုတ်လား။ ဒီတော့ အဘိုးကြီးက ‘ ကောင်းပြီ၊ ရော့ ’ ဆိုပြီး သူ့ဆေးပြင်း
လိပ်ကြီးပေးလိုက်တယ်။ လူငယ်က တစ်တို့ပဲတို့ရသေး တယ်။ မီးမစွဲသေးဘူး။ အဘိုးကြီးက ‘ တော်ပြီပေါ့ကွာ၊
တစ်တို့ပဲ၊ မင်းကမီးတစ်တို့ဆို၊ အခုဟာတစ်တို့ပေါ့’ လို့ပြန်ပြောပြီး
ဆေးလိပ်ကိုပြန်ယူမလို့လုပ်ရော ’’
“
တော်တော်တိကျတာပဲနော် ’’
“
အဲဒီတော့မှ လူငယ်သဘောပေါက်ပြီး ပြည့်ပြည့်စုံစုံ၊ တိတိကျကျ ပြန်ပြောတယ် ’’
“
ဘယ်လိုပြောသလဲ ဘဘ ’’
“
‘ ကျွန်တော့်ဆေးလိပ်မီးညှိသည့်တိုင်အောင် အဆက်မပြတ်တို့ထားမည်ဖြစ်တဲ့ မီးတစ်တို့ကို
ကျွန်တော် ပြုအပ်ပါရစေ။ ဦးလက်ထဲက ဆေးလိပ်ကို မီးနဲ့တကွ ကျွန်တော့်ကိုခဏပေးထားပါ ’ တဲ့ဗျာ
’’
“
ရယ်ရတယ်နော် ဘဘ၊ ဟားဟားဟား’’
“
ဆရာကြီးက ဟာသဝတ္ထုမို့ရယ်ရအောင်တမင် ရေးတာပါ။ အပြင်မှာ အဲဒီလိုပြောရင် ကြားတဲ့သူက ‘ဒီလူ
စိတ်မှကောင်းရဲ့ လား ’ လို့ ထင်စရာပေါ့။ ပုံမှန်ဆိုရင် တော့ နှစ်ယောက်နားလည်ပြီးသား
ထည့်ပြောဖို့မလိုတဲ့ အချက်တွေကို ထည့်မပြောကြဘူးလေ’’
“
နားလည်ပါပြီ ဘဘ ’’
“
ကဲ စကားပြောတဲ့သူ နှစ်ယောက် မျက်နှာချင်းဆိုင် ပြီး တိုက်ရိုက်ပြောဆိုတဲ့အခါမှာ လက်တွေ့သုံးတဲ့စကား
တွေကို အခုဆက်ပြီးကြည့်ရအောင်။ သမီးနဲ့ သမီး သူငယ်ချင်းနဲ့ မျက်နှာချင်းဆိုင်ပြီးပြောရင်
သမီးတို့စကား ထဲမှာ မပါမဖြစ်ပါတဲ့စကားတွေရှိတယ်။ သမီးကိုယ်သမီး ရည်ညွှန်းတဲ့စကားရယ်၊
သမီးနဲ့ပြောနေတဲ့သူငယ်ချင်း ကိုရည်ညွှန်းတဲ့စကားရယ်၊ တခြားသူတွေကိုရည် ညွှန်း တဲ့ စကားရယ်ဆိုပါတော့။
အဲဒီစကားတွေကို မသုံး မဖြစ်သုံးရတယ်မဟုတ်လား ’’
“
ဟုတ်ပါတယ် ဘဘ ’’
“သမီးသူငယ်ချင်းတစ်ယောက်ယောက်နဲ့
ပြောတဲ့ အခါ သမီးကိုယ်သမီးဘယ်လို ရည်ညွှန်းပါလိမ့် ’’
“
ရင်းနှီးတဲ့သူငယ်ချင်းနဲ့ပြောရင်တော့ ‘ ငါ ’ လို့ ပြောတာပေါ့ ဘဘ။ သိပ်မရင်းနှီးရင်တော့
‘ ကျွန်မ ’ လို့ပြောပါတယ် ’’
“
ဘဘက သူငယ်ချင်းနဲ့ပြောတာကို နမူနာပြလို့ သမီးက သူငယ်ချင်းနဲ့ပြောရင် ကိုယ့်ကိုယ်ကိုယ်
ဘယ်လို ညွှန်းတယ်ဆိုတာ ပြောတာပေါ့။ သူငယ်ချင်းမဟုတ်ဘဲ တခြားသူတွေနဲ့ ပြောရင်လည်း အညွှန်းစကားကို
ဆီလျော်အောင်ပြောရင် ပြောရမှာပေါ့။ ဟုတ်တယ် မဟုတ်လား ’’
“ဟုတ်ပါတယ်
ဘဘ။ ဖေဖေ မေမေ တို့လို၊ ကိုကို မမ တို့လို လူကြီးတွေနဲ့ ပြောရင်တော့ ‘သမီးက၊ ညီမက’
လို့ ကိုယ့်ကိုယ်ကိုယ် ညွှန်းပါတယ်’’
“ဘုန်းတော်ကြီးကို
လျှောက်ရင်ကော’’
“တပည့်တော်မက
လို့ လျှောက်ပါတယ် ဘဘ’’
“ဆိုလိုတာက
ဘဘတို့မြန်မာစကားရဲ့ စနစ်အရ စကားပြောတဲ့အခါ တိုက်ရိုက်မျက်နှာချင်းဆိုင်ပြောသူ ရဲ့
အသက်အရွယ်တို့၊ ဂုဏ်အဆင့်အတန်းတို့၊ ရင်းနှီးမှုတို့၊ ယောက်ျားမိန်းမကွဲပြားမှုတို့ကိုလိုက်ပြီး
ပြောသူတွေက ကိုယ့်ကိုယ်ကိုယ် ရည်ညွှန်တဲ့ အညွှန်းစကားအမျိုးမျိုး၊ အလဲအလှယ်သုံးရတယ်လို့
ဆိုလိုတာပါ’’
“ဟုတ်ကဲ့ပါ’’
“အဲဒီလိုပဲ
ကိုယ်ပြောတဲ့စကားကို တိုက်ရိုက်နား ထောင်နေတဲ့သူကိုလည်း အညွှန်းစကားအမျိုးမျိုးနဲ့ ခေါ်တယ်မဟုတ်လား။
‘နင်’
တို့၊ ‘မင်း’
တို့၊ ‘ညည်း’
တို့ကတော့ တရင်းတနှီး ပြောတာပေါ့။ ‘ခင်ဗျား’ တို့၊ ‘ရှင်’
တို့၊ ‘အရှင်ဘုရား’ တို့လည်း သုံးတာပေါ့။ ရိုသေ လေးစားတဲ့ သဘောပါတဲ့ အသုံးတွေပေါ့’’
“ဟုတ်ကဲ့ပါ’’
“သဒ္ဒါအရတော့
အဲဒီစကားတွေကို နာမ်စားလို့ ခေါ်တယ်မဟုတ်လား။ မြန်မာစကားရဲ့ နာမ်စားစနစ်မှာ ခုနပြောသလိုပဲ
စကားပြောသူတွေရဲ့ အသက်အရွယ်၊ ဂုဏ်အဆင့်အတန်း၊ ရင်းနှီးမှု၊ ကျားမ ကွဲပြားမှုဆိုတာ တွေကိုလိုက်ပြီး
နာမ်စားတွေကို သူ့နေရာနဲ့သူ သုံးရ တယ်မဟုတ်လား’’
“ဟုတ်ပါတယ်
ဘဘ’’
“အဲဒီနာမ်စားတွေအပြင်
အခုဆိုရင် ဆွေမျိုးစပ်စကားတွေ၊ အလုပ်အကိုင်ဖော်ပြတဲ့ စကားတွေကိုပါသုံးနေပြီလေ။ အထင်ရှားဆုံးက
ဒီနေ့အမျိုးသမီးကလေးတွေက ကိုယ့်ကိုယ်ကိုယ် ‘သမီး’ လို့ သုံးတာတွင်ကျယ်နေပြီ။
အမျိုးသားကလေးတွေကလည်းကိုယ့်ကိုယ်ကိုယ် ‘သား’ လို့ သုံးနေကြပြီ။ ဒီအသုံးတွေတွင်ကျယ်လာတာ
မကြာသေးဘူးလေ။ ကိုယ်ကပြောရင်လည်း ကိုယ့်ကိုယ်ကိုယ် ‘သမီးက၊ သားက’လို့
ညွှန်းသလို ကိုယ်နဲ့ပြောတဲ့သူကိုလည်း ‘သမီးက’၊‘သားက’
လို့ ညွှန်းနေကြပြီလေ။ တခြား ဆွေမျိုးစပ်စကားတွေ ‘ဘိုးဘိုး၊ ဘဘ၊ အဘ၊ ဖေဖေ၊ မေမေ၊ ဦးဦး၊ဒေါ်ဒေါ်၊
အန်တီ၊ လေးလေး စသည်ဖြင့်ပေါ့ ဆွေမျိုးစပ်စကားတွေကို နာမ်စားသုံးပြီး ပြောလို့ရတယ်လေ’’
“ဟုတ်ကဲ့ပါ’’
“အလုပ်အကိုင်ဖော်ပြတဲ့
စကားတွေလည်း သုံးပါတယ်။ ‘ဆရာက’၊ ‘ဆရာမက’
ဆိုပြီး ကိုယ့်ကိုယ်ကိုယ်ရည်ညွှန်းသလို ကိုယ်နဲ့ ပြောတဲ့သူကိုလည်း ရည်ညွှန်းပြောတာ အသုံးတွင်ပါတယ်။
ကိုယ့်ကိုယ်ကိုယ်‘ဗိုလ်ကြီးက၊ ဒေါက်တာက’ လို့ မရည်ညွှန်းပေမယ့်ကိုယ်နဲ့ပြောနေတဲ့သူကိုတော့
‘ဗိုလ်ကြီးကို ပြောချင်တာက၊ ဒေါက်တာကို မေးချင်တာက’ ဆိုတာမျိုးသုံးနေပါပြီ’’
“ဟုတ်ကဲ့ပါ’’
“တခြားသူကို
တိုက်ရိုက်ရည်ညွှန်းရင်တော့‘သူ’ လို့ပဲ ရည်ညွှန်းတယ်။ သိပ်ထွေထွေထူးထူးပြောစရာမရှိပါဘူး။
ဒီနေရာမှာ ပြောသူနဲ့ နားထောင်သူဆိုတဲ့ စကားပြောသူနှစ်ယောက်ရဲ့ စကားသုံးပုံနဲ့ပတ်သက်ပြီး
ထူးခြားတာကလေးတွေ သတိပြုမိတာပြောရဦးမယ်’’
“ပြောပြပါ
ဘဘ’’
“မင်း-ငါ
ဆိုတဲ့အသုံးဟာ ပုံမှန်တော့ သက်တူရွယ်တူချင်း သုံးတာပေါ့။ သိပ်ခင်မင်ရင်းနှီးတဲ့သူချင်းအသက်ကွာပေမယ့်
မင်းနဲ့ငါနဲ့ ပြောတာ နင်နဲ့ငါနဲ့ပြောတာလည်း ရှိတာပဲလေ။ တချို့ ညီအစ်ကိုမောင်နှမချင်း
အသက်ကွာပေမယ့် အဲဒီလိုရင်းရင်းနှီးနှီး ပြောတယ်မဟုတ်လား။ ‘မမ’
နင့်အင်္ကျီဘယ်မှာလဲဆိုတာမျိုးပေါ့’’
“ဟုတ်ကဲ့ပါ’’
“တစ်ယောက်နဲ့တစ်ယောက်
သိကျွမ်းစမှာ‘ခင်ဗျား၊
ကျွန်တော်’
ပြောပေမယ့် ရင်းနှီးလာတဲ့အခါ‘မင်း-ငါ’
လို့ ပြောင်းပြောတာမျိုးတွေလည်း ရှိတယ်။ရင်းနှီးတဲ့ မိန်းကလေးတွေချင်း နာမ်စားနေရာမှာနာမည်ထဲက
စကားတစ်လုံး နှစ်လုံး ယူပြီး ‘ချိုက’ တို့‘မိက’
တို့ ဆိုတာမျိုးလည်း ပြောတယ်မဟုတ်လား’’
“ဟုတ်ပါတယ်
ဘဘ’’
“မှတ်သားစရာတစ်ခုက
မြန်မာစကားမှာ အဲဒီတိုက်ရိုက်အညွှန်စကားသုံးပုံက ၀ယဝုဒ္ဓိ အသက်ကြီး ချင်းဆိုတဲ့ဂုဏ်ကို
ဂုဏဝုဒ္ဓိဂုဏ် အဆင့်အတန်း မြင့်ခြင်းဆိုတဲ့ ဂုဏ်ထက်ပိုပြီး အလေးထားတယ် ဆိုတဲ့အချက်ပဲ’’
“ရှင်းပြပါ
ဘဘ’’
“ဆိုပါတော့ကွယ်။
ရုံးတစ်ရုံးမှာ အသက်ကြီးတဲ့ရုံးစောင့်ကြီးက အသက်ငယ်တဲ့ အရာရှိကို ‘ငါ့တူ’လို့ခေါ်ရင်
ရိုင်းရာမကျဘူး။ အဲဒီအသက်ငယ်တဲ့အရာရှိကလည်း ရုံးစောင့်အဘိုးကြီးကို ‘ဦးကြီးက၊ဘကြီးက’
ဆိုတာမျိုး ခေါ်လို့ရတယ်။ ဒါပေမယ့်ရာထူးအဆင့်အတန်းမြင့်တဲ့ အရာရှိက ကိုယ့်ထက်အသက်ကြီးတဲ့
ရုံးစောင့်ကြီးကို ‘မင်းက၊ ငါက’ လို့ပြောလေ့မရှိဘူး။ အဲဒီလိုပြောရင်
ရိုင်းရာကျတာပေါ့။ဒါကြောင့် မြန်မာတွေက အသက်ကြီးတဲ့ဂုဏ်ကိုအဆင့်အတန်းမြင့်တဲ့ ဂုဏ်ထက်ပိုအလေးထားတယ်လို့ဆိုနိုင်တာပေါ့’’
“မှတ်သားစရာပါ
ဘဘ’’
“နောက်တစ်ချက်က
အင်္ဂလိပ်စကားမှာ ပြောသူနဲ့ နာသူနာမ်စားက I နဲ့ You နှစ်ခုပဲ ရှိတယ်။ အသက်အရွယ် မရွေး၊
ကျားမ မရွေး ဒီလိုပဲသုံးတယ်။ မြန်မာစကားမှာတော့ သမီးတွေ့ ခဲ့တဲ့အတိုင်း နာမ်စားတွေအများကြီးရှိတယ်။
သူ့နေရာနဲ့သူသုံးတာ ဒါကိုကြည့်ပြီး မြန်မာစကားက အင်္ဂလိပ်စကားထက်နာမ်စားကြွယ်ဝတယ်လို့
တချို့ ဂုဏ်ယူပြောလေ့ရှိတယ်။ တကယ်ကတော့ နာမ်စားစနစ်ချင်း ဘာသာစကားတစ်ခုနဲ့ တစ်ခု ကွဲပြားတာပါပဲ။
တခြားဘာသာစကားတွေမှာလည်း တခြားနာမ်စားစနစ်တွေ ရှိတာပဲ။ ဘာသာစကားအမြင်အရတော့ အားလုံးတန်းတူရည်တူပါပဲဆိုတဲ့
အချက်ပါပဲကွယ်’’
မောင်ခင်မင်
(ဓနုဖြူ)
No comments:
Post a Comment