Saturday, February 2, 2019

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားဖြန့်ဖြူးပေးထားသော ဝန်အားပြည့် ဓာတ်အားခွဲရုံ များ အဆင့်မြှင့်တင်ခြင်း၊ ဓာတ်အား လိုင်းအပြစ်ဖြစ်ပွားခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်သည့် လုပ်ငန်း ညှိနှိုင်း


 နေပြည်တော်၊ ဖေဖော်ဝါရီ ၂


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ လျှပ်စစ်ဓာတ် အားတိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ် တိုးတက်ကောင်းမွန်စေရေး တို့အတွက် ဝန်အားပြည့် ဓာတ်အားခွဲရုံများအဆင့်မြှင့်တင်ခြင်း၊ ဓာတ်အားလိုင်းအပြစ် ဖြစ်ပွားခြင်းနှင့် ဆက်လက်ဆောင် ရွက်မည့် လုပ်ငန်းအစီအစဉ်များ နှင့်ပတ်သက်သည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မီးသုံးစွဲနိုင်မှုဦးရေ (Electrification Ratio) အား တစ်နိုင်ငံလုံး၏ ၅၅ ရာခိုင်နှုန်းအထိ တိုးတက် ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိနေသကဲ့သို့ ဓာတ်အားစနစ်မှ မီးရရှိသုံးစွဲနေသည့် ပြည်သူလူထုအတွက် လျှပ်စစ်ဓာတ်အား တိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်း စေရေး၊ ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေးနှင့် ဗို့အားပြည့်ဝပြီး တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် ဟန်ချက်ညီညီ စီမံဆောင်ရွက် လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံး၏ ဓာတ်အားထုတ်လုပ်မှုအနေဖြင့် (၃၅၈၆)မဂ္ဂါဝပ်ခန့် ထုတ်လုပ် ပေးလျက်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီး၏ အမြင့်ဆုံးဓာတ်အား သုံးစွဲမှုမှာ (၁၅၄၃ ဒသမ ၂၃) မဂ္ဂါဝပ်ခန့်သုံးစွဲလျက်ရှိရာ တစ်နိုင်ငံလုံး၏ ထက်ဝက်နီးပါးရှိနေ၍ ရန်ကုန်တိုင်း ဒေသကြီး၏ လျှပ်စစ်ကဏ္ဍသည် မိမိတို့ဝန်ကြီးဌာန အတွက် အဓိကကျကြောင်း၊ ထို့ပြင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်၌ ရန်ကုန်တိုင်းဒေသကြီးကို Electrification Ratio ရာနှုန်းပြည့်သုံးစွဲနိုင်ရေး ရည်မှန်းချက် ထားဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိရာ မြို့နယ်များသို့ ဗို့အား ပြည့်ဝပြီး တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးနိုင်ရေးအတွက် ခရိုင်အတွင်းရှိ ဝန်အားပြည့်နေသော ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင် ရွက်နိုင်ရေး၊ ဓာတ်အား ပြတ်တောက်မှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေး တို့အတွက် အလေးအနက်ထား ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့မြို့နယ်များ အလိုက်ဖြစ်ပေါ်နေသည့် ပကတိအခြေအနေများကို တင်ပြကြရန်နှင့် တင်ပြချက်များအပေါ် နည်းပညာအရပေါင်းစပ်ပြု ပြင်နိုင်ရေးဆောင်ရွက်နိုင်ရန် အတွက်ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ပြည်သူကို အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် လိုကြောင်းပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး၊ ခရိုင်လျှပ်စစ်မန်နေဂျာများက မိမိတို့ခရိုင် အတွင်းရှိ မြို့နယ်များ၏ လျှပ်စစ်ဓာတ် အားဖြန့်ဖြူးပေးထားမှုအခြေအနေ၊ နှစ်အလိုက် ဓာတ်အားတိုးတက် သုံးစွဲလာမှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းရေး အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဆက်လက် ဆောင်ရွက် မည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းအမှုဆောင် အရာရှိချုပ်နှင့် ဥက္ကဋ္ဌတို့က ဖြည့်စွက်တင်ပြခဲ့ပြီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ခရိုင်များအတွင်းရှိ ခွဲရုံအသီးသီး၏ ဓာတ်အားလိုင်းများအခြေအနေ၊ ခွဲရုံများရှိ ထရန်စဖော်မာများ၏ ဝန်အားနှင့် ဓာတ်အား သုံးစွဲမှုအခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြ သည်။ ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က နည်းပညာ ပိုင်းဆိုင်ရာ လိုအပ်ချက်များအပေါ် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဖြည့်စွက် ဆွေးနွေးတင်ပြသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ယခင်ပြုလုပ်ခဲ့သည့် အစည်းအဝေးများ၌ တင်ပြခဲ့သည့် မြို့နယ်အလိုက် ဓာတ်အားပျောက်ဆုံးမှုနှင့် ယခုအစည်းအဝေး၌ တင်ပြသည့် ဓာတ်အားပျောက်ဆုံး မှုများကို နှိုင်းယှဉ်ပါက လျော့နည်းကျ ဆင်းသွားမှုများ ရှိသော်လည်း မိမိတို့၏ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားသည်။
(သတင်းစဉ်)

No comments:

Post a Comment