Tuesday, February 5, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိုးကောင်း တပ်နယ်နှင့် မိုးညှင်းတပ်နယ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစု များအား တွေ့ဆုံအမှာစကားပြောကြား





နေပြည်တော် ဖေဖော်ဝါရီ ၎

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့ တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မိုးကောင်းတပ်နယ်နှင့် မိုးညှင်းတပ်နယ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစု များအား သီးခြားစီတွေ့ဆုံ အမှာစကားပြော ကြားသည်။


ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီးက တပ်နယ် မိခင်နှင့် ကလေး အသင်းအတွက် ချီးမြှင့် ငွေများကို လည်းကောင်း ပေးအပ်ကြသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ် (လေ)နှင့် ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီး များက သုတ၊ ရသ၊ စာအုပ်စာစောင်များ၊ အားကစား ပစ္စည်းများနှင့် စားသောက် ဖွယ်ရာ များ ပေးအပ်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည် မိုးကောင်းမြို့နယ်နှင့် မိုးညှင်းခရိုင်ရှိ ဌာနဆိုင်ရာ တာဝန်ရှိ သူများအား တွေ့ဆုံပြီး ရရှိသည့် လျှပ်စစ်ဓာတ်အားဖြင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် အဆင့်မြင့်ဒေသ ထွက် ကုန်ချောများ ထုတ်လုပ်ပြီး ဝင်ငွေရရှိအောင် ဆောင်ရွက်ရန် လိုအပ်မှု၊ ဒေသနှင့် ကိုက်ညီသည့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် စေရန်အတွက် သက်ဆိုင်ရာ တာဝန် ရှိသူများက ဦးဆောင်ပြီး ဆောင်ရွက် ရန်လိုအပ်မှု၊ အုပ်ချုပ်မှုဆိုင်ရာများအား မျှမျှတတဖြင့် ဆောင်ရွက်ရန် လိုအပ်မှုနှင့် ဒေသခံ ပြည်သူများ၏ ပညာရည်မြင့်မားရေးကိုလည်း ဝိုင်းဝန်းဆောင်ရွက်ရန်လိုအပ်မှု၊ မူးယစ်ဆေးဝါးသုံးစွဲမှု များကို တတ်နိုင်သမျှ တားဆီးဆောင်ရွက်ရန် လိုအပ်မှုနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် ရာတွင် တပ်မတော် အနေဖြင့် ပါဝင်ကူညီ ဆောင်ရွက်ပေးလျက် ရှိမှုတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ညနေပိုင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ကချင်ပြည်နယ် မိုးညှင်းခရိုင်ရှိ အင်းတော်ကြီး သို့ ရောက်ရှိ သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူ များ၊ ပြည်သူ့စစ်ဌာနေ အဖွဲ့ဝင်များ နှင့် တွေ့ဆုံ၍ ဒေသဖွံ့ ဖြိုးတိုး တက်ရေး ဆိုင်ရာများအား ဆွေးနွေးရာ ရှေးဦးစွာ ရပ်မိရပ်ဖများ၊ ဒေသခံ ပြည်သူ များနှင့် ပြည်သူ့ စစ်ဌာနေ ခေါင်းဆောင်တို့က ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို တင်ပြကြသည်။

ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ယခုကဲ့သို့ တိုင်းရင်းသားများနှင့် တွေ့ဆုံခွင့်ရသည့် အတွက် ဝမ်းမြောက် ပါကြောင်း။


အင်းတော်ကြီးဒေသသည် စိုက်ပျိုးမြေ၊ ရေနှင့် စားနပ်ရိက္ခာပေါ များသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ရရှိသည့် လျှပ်စစ်ဓာတ်အားကို အသုံးပြုပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများမှ ကုန်ချော ထုတ်လုပ် ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျန်းမာရေး အတွက် အာဟာရပြည့်ဝသော ဟင်းသီးဟင်းရွက်၊ အသား၊ ငါး၊ ကြက်ဥများကို စားသုံးရန်လိုကြောင်း၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေသခံတိုင်းရင်းသား ပညာတတ်များ မွေးထုတ်ရန်လိုအပ်ကြောင်း၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် တပ်မတော် အနေဖြင့်လည်း တတ်နိုင်သည့် ဘက်မှ ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ဒေသအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုများ မရှိစေရေး အားလုံးက ဝိုင်းဝန်းထိန်းသိမ်းဆောင် ရွက်ရန် လိုကြောင်း။

တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရန်အတွက် မိမိတို့အနေဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်တွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်ကြေညာခဲ့ပြီး တစ်လတာ ကာလကျော်လွန်ချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်တချို့က ကတိကဝတ်များ ချိုးဖောက်သည်ကို တွေ့ရှိ ရကြောင်း၊ ငြိမ်းချမ်းရေး အတွက် NCA လမ်းကြောင်းအတိုင်း တွေ့ဆုံဆွေးနွေးညှိနှိုင်းကြရန် လမ်းဖွင့် ပေး ထားကြောင်း၊ တိုင်းပြည်ငြိမ်းချမ်းမှသာ ဖွံ့ဖြိုးတိုးတက် မည်ဖြစ်ကြောင်း၊ ပြည်သူများက ရွေးချယ်သည့် ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေချိန်၌ စည်းကမ်းရှိသည့် ဒီမိုကရေစီဖြစ်စေရန် အတွက် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေး ချမ်းရေးရရှိရန် အရေးကြီးကြောင်း ရှင်းလင်းပြော ကြားသည်။

ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် ကာကွယ်ရေး ဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ် (လေ) တို့က ဒေသခံ တိုင်းရင်း သားများနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များအတွက် စားသောက် ဖွယ်ရာများ ပေးအပ် ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များ သည် အင်းတော်ကြီးအတွင်းရှိ ရွှေမဉ္ဇူ ဘုရားအား သွားရောက် ဖူးမြော်ကြည်ညိုပြီး ဘုရားကြီးဘက်စုံ ပြုပြင်မွမ်းမံ ရန်အတွက် အလှူငွေများ ပေးအပ် လှူဒါန်းသည်။

ဆက်လက်ပြီး ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ ရွှေမိုးတောင်ပေါ်ရှိ ရဟန္တာတစ်ထောင် ရှင်ပင်မြတ်စွာ ဆုတောင်းပြည့် စေတီတော်မြတ်ကြီးသို့ ရောက်ရှိကြပြီး ရွှေမိုးတောင် ဓမ္မာရုံ၌ ပြည်နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် မြစ်ကြီးနားမြို့ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္တန္တ ကေတုမာလာ အမှူးပြုသော ဆရာတော်၊ သံဃာတော် များအား ဖူးမြော်ကန်တော့ကာ ငါးပါးသီလ ခံယူ ဆောက် တည်ကြပြီး လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ရွှေမိုးတောင်စေတီ တော်မြတ်ကြီးရှိ ဗုဒ္ဓ ရုပ်ပွားတော်အား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူ ပူဇော်ကြပြီး စေတီတော် ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော် ကြည်ညိုခဲ့ကြကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရုံး၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

သတင်းစဉ်

ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:

Post a Comment