Saturday, February 2, 2019

မြန်မာ - ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးစေရန် တိုက်ရိုက် လေကြောင်း ပျံသန်းနိုင်ရေး ဆွေးနွေး


 နေပြည်တော် ဖေဖော်ဝါရီ ၁

မြန်မာ - ကမ္ဘောဒီးယား နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကော်မရှင်၏ ဒုတိယ အကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန၌ ကျင်းပရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြား ရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန၀န်ကြီး မစ္စတာ ပရတ်ဆုတ်ခွန်းတို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြသည်။


အစည်းအဝေးတွင် မြန်မာ - ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နှစ်နိုင်ငံ တိုက်ရိုက်လေကြောင်းပျံသန်းမှု ပြုလုပ် နိုင်ရေးနှင့် ပုဂံ-အန်ကောဝပ် ရှေးဟောင်းယဉ်ကျေးမှု ဒေသများအကြား ခရီးစဉ် တစ်ခုအဖြစ် မြှင့်တင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံအကြား သာသနာရေးနှင့် ယဉ်ကျေးမှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး၊ ၂၀၂၀ ပြည့်နှစ်တွင် ကျရောက်မည့် နှစ်နိုင်ငံ သံတမန် ဆက်သွယ်မှု ထူထောင်ခြင်း (၆၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အခမ်းအနားများ ပူးတွဲကျင်းပရေး၊ နှစ်ဖက်ပြည်သူများအကြား ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား ယဉ်ကျေးမှု၊ ပညာရေး၊ သစ်တော၊ သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးအစရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာ၌ ပိုမိုပူးပေါင်း ဆောင်ရွက်သွားရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် မစ္စတာ ပရတ်ဆုတ်ခွန်းတို့သည် ဒုတိယအကြိမ်မြောက် မြန်မာ- ကမ္ဘောဒီးယား နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကော်မရှင်၏ အစည်းအဝေး မှတ်တမ်းကို လက်မှတ် ရေးထိုးခဲ့ကြသည်။

အစည်းအဝေးအပြီးတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန၀န်ကြီး မစ္စတာ ပရတ်ဆုတ်ခွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ Mount Pleasant ဟိုတယ်၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ၀န်ကြီးဌာန ၀န်ကြီး မစ္စတာပရတ်ဆုတ် ခွန်းသည် ဇန်န၀ါရီ ၃၁ ရက်တွင် နေပြည်တော်သို့ရောက်ရှိခဲ့ပြီး ယနေ့ညပိုင်းတွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ သွားသည်။

သတင်းစဉ်

No comments:

Post a Comment