Friday, February 1, 2019

ပြည်သူအများ လျှပ်စစ်ဓာတ်အားကို တည်ငြိမ်ပြည့်ဝစွာဖြင့် သုံးစွဲနိုင်ရေး ထရန်စဖော်မာနှင့် ဓာတ်အားလိုင်းများ တိုးချဲ့ တည်ဆောက်


မန္တလေး ဇန်န၀ါရီ ၃၁
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ပြည်သူများ လျှပ်စစ်ဓာတ်အားကို တည်ငြိမ် ပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ အသစ်တိုးချဲ့ တည်ဆောက်ခြင်း၊ အဆင့် မြှင့်တင်ခြင်းလုပ်ငန်းများကို စဉ်ဆက် မပြတ် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။

မန္တလေးခရိုင် ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ ရပ်ကွက်ကြီးအချို့မှ ပြည်သူ အများ သုံးစွဲနိုင်ရန် ယခင်က 33/ 11 kv သင်ပန်းကုန်းဓာတ်အား ခွဲရုံမှ 10 MVA ထရန်စဖော်မာနှစ်လုံးဖြင့် ဓာတ်အားဖြန့်ဖြူးလျက်ရှိရာ ယခုအခါ 10 MVA ထရန်စဖော်မာ တစ်လုံးအား 20 MVA ထရန်စဖော်မာတစ်လုံးဖြင့် ၀န်အားတိုးမြှင့်အစားထိုး လဲလှယ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ထို့အပြင် သင်ပန်းကုန်းဓာတ်အား ခွဲရုံအထွက် ၁၁ ကေဗွီဓာတ်အားလိုင်း ၂ ဒသမ ၇၅ မိုင်အား 12 kv , 120mm2 SAC ဖြင့် အသစ်တိုးချဲ့တည်ဆောက် လျက်ရှိရာ မကြာမီပြီးစီးတော့မည် ဖြစ်သည်။
အဆိုပါ လုပ်ငန်းပြီးစီးပါက ပြည်ကြီး တံခွန်မြို့နယ်၊ (က)ရပ်ကွက်၊ (ခ) ရပ်ကွက်၊ ချမ်းမြသာယာရပ်ကွက်နှင့် ငွေတော်ကျီကုန်း ရပ်ကွက်များသို့ ဓာတ်အားဖြန့်ဖြူးပေးထားသော ချမ်းမြ သာစည်မြို့နယ်၊ ချီပါဓာတ်အားခွဲရုံ၏ ၀န်အားကို မျှနိုင်မည်ဖြစ်ပြီး ရပ်ကွက် နေပြည်သူများအနေဖြင့်လည်း လိုအပ်သော လျှပ်စစ်ဓာတ်အားကို တည်ငြိမ်ပြည့်ဝစွာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း ခရိုင်လျှပ်စစ်မန်နေဂျာ ဦးအေးကျော်က ပြောကြားသည်။
သတင်းစဉ်

No comments:

Post a Comment