Tuesday, January 29, 2019

စာကြည့်တိုက်အသုံးပြုမှုဆိုင်ရာ ပညာရေးစကားဝိုင်း


စာကြည့်တိုက်ဆိုတာက ဖွင့်ရတာ လွယ်ပါတယ်။ ထိန်းသိမ်းရတာ ခက်ပါတယ်။ ရေရှည် တည်တံ့ ဖို့အတွက် လုပ်သင့်တဲ့ အချက်လေးတွေ ရှိပါတယ်
(အမှုဆောင်ဒါရိုက်တာ ဒေါက်တာ သန့်သော်ကောင်း၊ မြန်မာစာပေပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့် ရှောက်မှု ပရဟိတအဖွဲ့)
စာကြည့်တိုက်အသုံးပြုမှုဆိုင်ရာ ပညာရေးစကားဝိုင်း အပိုင်း (၁) နှင့် (၂) ကို မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ စကားဝိုင်းဆွေးနွေးပွဲတွင် အခြေခံပညာဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူး ဒေါ်သစ်သစ်ခိုင်၊ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် စာကြည့်တိုက်မှူးကြီး ဒေါ်ယုယုတင်၊ မြန်မာနိုင်ငံစာကြည့်တိုက်အသင်း ဒုတိယဥက္ကဋ္ဌ(၁) ဒေါ် မြတ်စမ်းငြိမ်း၊ မြန်မာစာပေပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှု ပရဟိတအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ သန့်သော်ကောင်းတို့က ပါဝင်ဆွေးနွေးခဲ့ကြသည်-

ယမန်နေ့မှအဆက်အပိုင်း (၂)
အစီအစဉ်မှူး။ ။စာကြည့်တိုက်တွေ ရေရှည် တည်တံ့ရေးအတွက် လူမှုအဖွဲ့ အစည်းဆိုင်ရာ စာကြည့် တိုက်များဆိုတဲ့ Community Library ပူးပေါင်းပါဝင်မှုကိုလည်း ဆရာမက ဆက်ပြီး ရှင်းပြပေးစေ လိုပါတယ်။
ဒေါ် မြတ်စမ်းငြိမ်း။ ။ဒါက သိပ်အရေးကြီးပါတယ်။ Beyond Access Myanmar Project ဆိုတာ Community Library တွေနဲ့ တွဲပြီးတော့ မိတ်ဖက် အနေနဲ့ လုပ်နေကြတာ ဖြစ်ပါတယ်။ အဲဒီကနေ ပြီးတော့ ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ပြည်သူ့စာကြည့်တိုက်မှူးတွေရဲ့ အကူ အညီနဲ့ ကျွန်မတို့ ကျောင်းစာကြည့်တိုက်တွေ အကောင်အထည် ဖော်ရတာဖြစ်ပါတယ်။ ကျောင်း စာကြည့်တိုက်တွေမှာ ကျောင်းအုပ်ကြီးတွေ၊ ဆရာ ဆရာမတွေ၊ မိဘတွေအားလုံးနဲ့အတူ တွဲဖက် လုပ်ကိုင်နေတာကတော့ Community စာကြည့်တိုက်မှူးတွေပါ။ ပြည်သူ့စာကြည့်တိုက်မှူးတွေ၊ ရပ်ရွာအခြေပြု စာကြည့်တိုက်မှူးတွေက ဒီကျောင်းတွေမှာ သွားပြီးတော့ ဒီကျောင်းတွေရဲ့ လိုအပ် ချက်တွေ၊ အောင်မြင်မှုတွေကို Record လုပ်ထားတာပါ။ အောင်မြင်မှုရော၊ လိုအပ်ချက်ရော Record လုပ်ပြီး ဘယ်နေရာမှာ ဝိုင်းဝန်းဖြည့်ဆည်း ပေးရမလဲဆိုတာကို အမြဲအဖြေရှာပါတယ်။ ဒီ Library Observation Form ဆိုတဲ့ဟာကို Let’s Read Project က ချမှတ်ထားပြီးဖြစ်ပါတယ်။
ဒီနေရာမှာ Community စာကြည့်တိုက်မှူးတွေ၊ ပြည်သူ့စာကြည့်တိုက်မှူးတွေကို Credit ပေးရ မှာဖြစ်ပါတယ်။ သူတို့က တစ်လကို နှစ်ခါ၊ သုံးခါတတ်နိုင်သလို သွားပါတယ်။ သွားပြီးတော့ ကျောင်း အုပ်ကြီးနဲ့ ဆွေးနွေးတယ်။ ဆရာ ဆရာမတွေနဲ့ဆွေးနွေးတယ်။ ရေရှည်တည်တံ့ဖို့အတွက် အဓိက အရေးကြီးဆုံးက ဘယ်သူလဲ။ ကျောင်းစာကြည့်တိုက် တစ်ခုက ဒီ Generation ကနေ Next Generationအထိ Forever အသက် ရှင်နိုင်ဖို့ ရေရှည်တည်တံ့ဖို့က ဆရာ ဆရာမတွေနဲ့ မိဘတွေပဲ ဖြစ်ပါတယ်။
အစီအစဉ်မှူး။ ။ဆရာမအနေနဲ့ အခြေခံပညာကျောင်းတွေမှာ ကျောင်းစာကြည့်တိုက် အသုံးပြုမှုနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်နေတာလေးတွေကိုလည်း ပြောပြပေး စေလိုပါတယ်။
ဒေါ်သစ်သစ်ခိုင်။ ။ကျောင်းစာကြည့်တိုက်တွေမှာဆိုရင် ကလေးတွေက ကလေးဘ၀ကတည်းက ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ်နဲ့ ပညာဗဟုသုတတွေရှာမှီးတတ်တဲ့ အလေ့အကျင့်တွေရရှိလာ ဖို့ အတွက် အထူးလိုအပ်ပါတယ်။ ကလေးဘ၀ ကတည်းက စာဖတ်တတ်တဲ့ အလေ့အကျင့်တွေရဖို့ အများကြီးလိုအပ်ပါတယ်။ အဲဒီလို ကလေးတွေစာဖတ်လာဖို့ဆိုရင် ကျွန်မတို့က စာကြည့်တိုက်တွေကို သွားချင်အောင်၊ စာဖတ်ချင်အောင် တစ်ယောက်နဲ့ တစ်ယောက်ပြန်ပြီးShare လုပ်ချင် အောင်၊ သူတို့ သိခဲ့တဲ့ အသိလေး တွေကို ပြန်ပြီးတော့ပြောကြမယ်။ ဆရာ ဆရာမကလည်း သူတို့မဖတ်နိုင်တဲ့ အကြောင်းအရာလေးတွေ ပြောပြပြီး ရှင်းပြမယ်ဆိုရင် ဒီစာကြည့်တိုက်က သူတို့အတွက် အကျိုးရှိတဲ့ နေရာ၊ ပျော်စရာ ကောင်း တဲ့နေရာ၊ သူတို့မသိတာတွေကိုသိဖို့အတွက် လုပ်ပေးတဲ့နေရာလို့ သူတို့က ခံယူထားကြမှာပါ။
ကလေးတွေအနေနဲ့ စာကြည့်တိုက်တွေကို သွားပြီးတော့ အသုံးပြုမယ့်အချိန်ကို သတ်မှတ် ပေးမယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေမယ်ဆိုပြီး တော့ ဆရာကြီးတို့ဘက်ကနေ တောင်းဆို ပါတယ်။ ဒါကြောင့် ကျွန်မတို့ အခြေခံပညာဦးစီးဌာနအနေ နဲ့ အခြေခံကျောင်းတွေမှာ တစ်ပတ်ကို တစ်ကြိမ် စာကြည့်တိုက်အသုံးပြုချိန်အနေနဲ့ အသုံးပြုပြီးတော့ ကလေးတွေကို စာဖတ်ခန်း၊ စာကြည့် တိုက်ကို လွှတ်ပေးပါဆိုပြီးတော့ညွှန်ကြားပါတယ်။ အဲဒီအတိုင်းပဲ ကျောင်းတော်တော်များများမှာ တော့ လိုက်နာဆောင်ရွက်နေတာ တွေ့ရပါတယ်။ နောက်တစ်ခုက ကလေးတွေ စာကြည့်တိုက် အသုံးပြု လာဖို့အ တွက်က ဆရာ ဆရာမတွေအနေနဲ့လည်း အများကြီးလိုအပ်ပါတယ်။ ဆရာ ဆရာမတွေက စာကြည့်တိုက်ကို သွားဖို့အတွက် ကြီးကြပ်ပြီးတော့ လမ်းòန်ဆောင်ရွက်မယ့် အခုလက်ရှိ ပြဋ္ဌာန်း စာအုပ်မှာ သင်ရတဲ့ အကြောင်းအရာတွေနဲ့ ချိတ်ဆက်ပြီးတော့ စာကြည့်တိုက်က ထပ်မံ လေ့လာနိုင် မယ့် အကြောင်းအရာလေးတွေကို ကျွန်မတို့က သင်ခန်းစာခေါင်းစဉ်လေးပေးပြီး သူတို့ကို လေ့လာ ခိုင်းမယ်၊ လုပ်ငန်းလေးတွေ ပေးမယ်ဆိုရင် ကလေးတွေက မဖြစ်မနေ စာကြည့် တိုက်ကိုသွားပြီး လေ့လာကြမှာပါ။
အဲဒီလို လုပ်ငန်းလေးတွေပေးဖို့ ဒီဘက်မှာလည်း ဆရာ ဆရာမတွေကို အစည်းအဝေးတွေမှာ ညွှန်ကြားတယ်။ ပြောပြတယ်။ ဆွေးနွေးတယ်။ အခုလည်း ကျောင်းတော်တော်များများမှာ ဆောင် ရွက်လာပါပြီ။ ကလေးတွေ စာဖတ်တတ်တဲ့ အလေ့ အကျင့်ရရှိဖို့ဆိုရင် အသက်ကြီးမှ ဒီလုပ်ငန်းကို လုပ်လို့ မရပါဘူး။ မူလတန်းအဆင့်အရွယ် ကတည်း က ကလေးဟာ စာဖတ်ခြင်းအလုပ်ကို သူသည် ပျော်မယ်၊ ဒီစာကြည့်တိုက်ကို သွားချင်တဲ့စိတ်ဖြစ် အောင် လေ့ကျင့်ပေးရပါမယ်။ အခုလည်း ကျောင်း တွေမှာ ကလေးမိတ်ဆွေ စာကြည့်တိုက်လေးတွေ ဖြစ်လာဖို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။
အစီအစဉ်မှူး။ ။ စာကြည့်တိုက် အသုံးပြုသူတွေ များပြားပြီးတော့ ရေရှည်တည်တံ့အောင် ဆောင် ရွက်သင့်တဲ့ လုပ်ငန်းတွေကိုလည်း ရှင်းပြပေးစေလိုပါတယ်။
ဒေါက်တာသန့်သော်ကောင်း။ ။ဒါဟာ အင်မတန်အရေးကြီးပါတယ်။ စာကြည့်တိုက်ဆိုတာက ဖွင့်ရတာ လွယ်ပါတယ်။ ထိန်းသိမ်းရတာ ခက်ပါတယ်။ ရေရှည်တည်တံ့ဖို့အတွက်လုပ်သင့်တဲ့ အချက် လေးတွေ ရှိပါတယ်။ အဓိက (၆) ချက်လောက် ဆွေးနွေးချင်ပါတယ်။ နံပါတ် (၁) ကတော့ Fresh ဖြစ်ဖို့ လိုပါတယ်။ စာကြည့်တိုက်တွေဟာ အမြဲသစ် လွင်ရမယ်။ စာကြည့်တိုက်ရဲ့ အခန်းကလည်း သစ်လွင်နေဖို့လိုသလို စာအုပ်တွေကလည်း သစ်လွင်ဖို့လိုပါတယ်။ ကျွန်တော်တို့ ပေးထားတဲ့ စာအုပ်တစ်အုပ်ဟာ ခြောက်လလောက်ဆိုရင် ကလေးတွေက အကုန်ဖတ်ပြီးသွားပြီ ဖြစ်ပါ တယ်။ အဲဒီအခါကျရင် အသစ်တွေက ထပ်လိုလာလိမ့်မယ်။ ဒါကြောင့် နောက်ထပ် စာအုပ်အသစ်ထပ်ရ နိုင်ဖို့ကို သင်တန်းတွေမှာလည်း ပို့ချပါတယ်။ ကျွန်တော်တို့ဘက်ကလည်း လှူနိုင်ရင်လှူမယ်၊ မလှူ နိုင်လည်း ဒီကျောင်းမှာရှိတဲ့ မိတ်ဖက်အဖွဲ့တွေ ရှိတယ်။ မိဘဆရာအသင်းတို့၊ ကျောင်းအကျိုးတော် ဆောင်အဖွဲ့တို့နဲ့ ချိတ်ဆက်ပြီးတော့ စာအုပ်တွေကို လှူနိုင်အောင်၊ ရနိုင်အောင် ကြိုးစားဖို့ပါ။ အခန်း ရော၊ စာအုပ်ရော၊ လူကလည်း Fresh ဖြစ်နေဖို့ လိုပါတယ်။
Regular Activities က အခုဆိုရင် တစ်ပတ် တစ်ကြိမ်ကို ပုံမှန်စာကြည့်တိုက် မသွား မနေရပေါ့။ ကလေးတွေက တက်တက်ကြွကြွနဲ့ မတိုက်တွန်းဘဲကို သွားတာပါ။ ပျော်လို့ကို သွားတာပါ။ အဲဒီ အချိန်မှာ စာဖတ်ခြင်းလေးမျိုးကို အလှည့်ကျ လုပ်တယ်။ နောက်ပိုင်းကျရင်တော့ Read Review လေးတွေ လုပ်တာမျိုးတွေ ရှိလာမယ်။ ပြိုင်ပွဲလေးတွေလုပ်တာမျိုးတွေ ရှိလာမယ်။ ဒါက ပုံမှန်လှုပ်ရှား မှုပါ။ အရေးကြီးတဲ့ တစ်ချက်ကတော့ Ownership ပြန်ပေးဖို့ လိုပါတယ်။ ကျောင်းသူ ကျောင်းသား တွေပိုင်တဲ့ စာကြည့်တိုက်လေးဖြစ်ပါတယ်။ဒီစာကြည့်တိုက်လေး ရေရှည်တည်တံ့ဖို့ သားတို့သမီးတို့က ဒါကို မွမ်းမံပါ။ ထိန်းသိမ်းပါဆိုတဲ့အခါ ကလေးတွေကိုယ်တိုင်က ပါဝင်လာပြီး စာအုပ်ကို ဝိုင်းစီပေးတာ၊ လုပ်အားပေးဝင်လုပ်ပေးတာ ဒါမျိုးလေးတွေကို တွေ့ရပါ တယ်။ ဒါကျွန်တော်တို့က Ownership ပေးတာပါ။ ဒါမှသာလျှင် ဒီစာကြည့်တိုက်လေးသည် သူတို့ ပိုင်တဲ့ စာကြည့်တိုက်လေးပါလားဆိုတဲ့ အမြင်လေး ဖြစ်မှသာလျှင် သူတို့ကိုယ်တိုင် ထိန်းသိမ်း စောင့်ရှောက်မှာ ဖြစ်ပါတယ်။ တစ်ချိန်တည်း မှာပဲ Ownership ကို ရပ်ရွာကိုလည်း ပေးဖို့လိုပါတယ်။ ဒါမှလည်း ရပ်ရွာကလည်း တတ်နိုင်သမျှ ပူး ပေါင်း ဆောင်ရွက်ပေးလို့ရမှာပါ။
နံပါတ် (၄) အချက်က Partnership ပူးပေါင်းဆောင်ရွက်မှုပါ။ ဒီ Project ဆိုရင်လည်း ကျွန်တော်တို့ တစ်ဖွဲ့တည်းလုပ်တာ မဟုတ်ပါဘူး။ ပြည်တွင်းမှာဆိုရင် MBAPF အပြင် မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ ပညာရေးဝန်ကြီးဌာနက အဓိကပါတယ်။ နိုင်ငံ တကာမှာတော့ Room to Read က အဓိကပါပါတယ်။ အခုရက်ပိုင်းမှာတော့ MAX Power ဆိုတဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုအဖွဲ့ကလည်း စာကြည့်တိုက် ၁၅ လုံးကို ရင်းနှီးမြှုပ်နှံထားပါတယ်။ ရန်ကုန် တိုင်း ဒေသကြီးကလည်း စာကြည့်တိုက် ၁၆ လုံးအထိ လှူထားတာ ရှိပါတယ်။ ဒီ Partnership က ကျွန်တော်တို့ရဲ့ တာဝန်ပါ။ ကျွန်တော်တို့ က အမြဲတမ်းရှာရတာပေါ့။ အခုဆိုရင် UNICEF နဲ့ စကား ပြောနေတာ ရှိတယ်။ ကျောင်းပေါင်း နောက်ထပ် ၄၉ ကျောင်းလောက် ထပ်ပြီးတိုးချဲ့ဖို့ တွေ ရှိနေပါ တယ်။ ကျွန်တော်တို့ ပံ့ပိုးတဲ့သူတွေက Partnership လုပ်ဖို့လိုသလို ကျောင်းတွေဘက် ကလည်း ကျောင်းအကျိုးတော်ဆောင်တွေနဲ့ Partnershipတွေ ရှာဖို့လိုပါတယ်။
နောက်တစ်ချက်က Capacity Building လို့ခေါ်ပါတယ်။ စာကြည့်တိုက်မှူး စွမ်းဆောင်ရည် မြှင့်သင်တန်းတွေ ပေးဖို့လို ပါတယ်။ အဓိကက စာကြည့်တိုက်တစ်ခုကို ဘယ်လို Management လုပ်ရမလဲ၊စာဖတ်ချိန်ကို ဘယ်လို အကျိုးရှိအောင်အသုံးချရမလဲ။ ကိုယ့်စာကြည့်တိုက်တွေကို ကောင်း ကောင်း ဘယ်လိုလုပ်ရမလဲ။ ဒါမျိုးတွေကို Training ကောင်းကောင်းပေးပါတယ်။ ဒါမှ သာလျှင် စာကြည့်တိုက်တွေကို သွားတဲ့အခါမှာ သေချာလုပ်တတ်မယ်။
နောက်ဆုံးတစ်ချက်အနေနဲ့ အရေးကြီးဆုံး ကတော့ M and E လို့ခေါ်ပါတယ်။ Monitory and Evaluations ပေါ့။ ကိုယ်လုပ်နေတဲ့ အလုပ်က ဘယ်လောက်ထိ အောင်မြင်နေလဲ၊ ဘယ် လောက်အ တိုင်းအတာအထိ ဖြစ်နေပြီလဲ။ စောစောကပြောခဲ့တဲ့ Observation Form လေးကို Community Librarianနဲ့ ရပ်ရွာစာကြည့် တိုက်မှူးတွေက ယူရမယ်။ ကျောင်းတွေကို ယူသွား ပြီးတော့ ကြည့်မယ်။ နောက် ခြောက်လလောက် ဆိုရင် အခုလုပ်နေတဲ့ Project မှာ ၇၁ ကျောင်းမှာ Categories သုံးမျိုး ကွဲသွားပါလိမ့်မယ်။ တစ်ခုကတော့ Developing လို့ခေါ်တဲ့ ဖွံ့ဖြိုးဆဲ စာကြည့်တိုက် တစ်ခုကတော့ Functionalလို့ ခေါ်တဲ့ လုပ်ငန်းလည်ပတ်နေပြီးတဲ့ စာကြည့်တိုက်၊ နောက်တစ်မျိုးကတော့ Highly Functional လို့ခေါ်တဲ့ အစွမ်းကုန်လည်ပတ်နေပြီးတဲ့ စာကြည့်တိုက်ဆိုပြီးတော့ Categoriesသုံးမျိုး ကွဲသွားပါတယ်။ ဒါမျိုးတွေကို နောက် ခြောက်လလောက် ဆို မြင်ရပါလိမ့်မယ်။ ဒီရေရှည်တည် တံ့ဖို့အတွက်က ဒီခြောက်မျိုးက အရေးအကြီးဆုံးဖြစ်ပါတယ်ဆိုတာ ကို တင်ပြချင်ပါတယ်။
အစီအစဉ်မှူး။ ။အဆင့်မြင့်ပညာကဏ္ဍမှာ ကျောင်းသားကျောင်းသူတွေရဲ့ စာကြည့်တိုက် အသုံးပြု မှုနဲ့ပတ်သက်ပြီးတော့ ဘယ်လိုစာပေမျိုးတွေ လေ့လာဖတ်ရှုနေတယ်ဆိုတာ သိပါရစေ။
ဒေါ်ယုယုတင်။ ။အဆင့်မြင့်ပညာကဏ္ဍရဲ့ တက္ကသိုလ်ကောလိပ်တွေမှာဆိုရင် ကျောင်းသူ ကျောင်း သားတွေက သုတ စာပေရော၊ရသစာပေရော မျှမျှတတ ဖတ်ကြပါတယ်။ ပညာရပ်ဆိုင်ရာ စာအုပ် တွေကိုလည်း လေ့လာဖတ်ကြတယ်။ နောင်သူတို့ရဲ့ Majorနဲ့ ဆိုင်တဲ့ Psychology, Philosophy, Chemistry တို့၊ Maths တို့နဲ့ပတ်သက်တဲ့ စာအုပ်တွေ လည်းဖတ်တယ်။ ဗဟုသုတရမယ့် ဉာဏ်စမ်း ပဟေဠိစာအုပ်မျိုး၊ ကျန်းမာရေးနဲ့ ပတ်သက်တာမျိုး၊ ကမ္ဘာ့နိုင်ငံအကြောင်း၊ စီးပွားရေး၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာအုပ်မျိုးတွေ ဖတ်ကြပါတယ်။ ရသ အနေနဲ့ဆိုရင် မြသန်းတင့်တို့၊ ဂျူးတို့၊ ဂျာနယ် ကျော် မမလေးစတဲ့ ဘာသာပြန်စာအုပ်မျိုးလည်း ဖတ်ကြပါတယ်။ နောက်ပြီးတော့ ကျမ်းပြုတဲ့ သူတွေ၊ သုတေသနပြု နေတဲ့သူတွေ အားလုံးကလည်း လာပြီးတော့ အရင်က မဂ္ဂဇင်းဟောင်းတွေ၊ သတင်းစာတွေ သူတို့နဲ့ပတ်သက်ရာ လိုအပ်တဲ့ information တွေကို လာပြီးတော့ ဖတ်ကြပါတယ်။ နောက်ပြီးတော့ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှာ စာအုပ်စာတမ်းအပြင် ပေ၊ ပုရပိုက်တွေ လည်း စုဆောင်းထားတဲ့အတွက်ကြောင့် ပြင်ပသုတေသီတွေရောလာပြီးပေ၊ ပုရပိုက်တွေကို လေ့ လာပြီး အဲဒီမှာပါတဲ့ ဆေးကျမ်းတို့၊ ဓမ္မသတ်တို့၊ ဘာသာ ရေးဆိုင်ရာတို့၊ နက္ခတ်တို့နဲ့ ဗေဒင်ကျမ်းနဲ့ ပတ်သက်တာ မျိုးတွေလည်း လာပြီးတော့ ဖတ်ကြ ပါတယ်။
အစီအစဉ်မှူး။ ။ဆရာမတို့ရဲ့ စာကြည့်တိုက်ကို လူတိုင်းက အသုံးပြုနိုင်ပါသလား။ နောက် ကျောင်း သားမဟုတ်တဲ့ လူတွေ အတွက်ရော ဘယ်လိုမျိုး စီစဉ်ထားလဲဆိုတာ ရှင်းပြ ပေးစေလိုပါတယ်။
ဒေါ်ယုယုတင်။ ။ကျွန်မတို့ စာကြည့်တိုက်က ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာရှိပြီး ရန်ကုန်တက္ကသိုလ်က ကျောင်းသူ ကျောင်းသားတွေလည်း ဖတ်နိုင်ပါတယ်။ ပြင်ပလူတွေ အနေနဲ့ ဖတ်ဖို့အတွက် မှတ်ပုံတင်ကတ်ပြားကို ပြသပြီး ဖတ်လို့ရ ပါတယ်။ မိတ္တူကူးလို့ရတယ်။Scan ဖတ်ပေးတယ်။ Digital Type လုပ်ပေးတယ်။ အိမ်ကိုငှားသွားမယ်ဆိုရင်တော့ နှစ်အုပ်ပေးငှားပါတယ်။ ပြင်ပလူတွေ အတွက် လည်း အငှားကတ်လေးတွေ လုပ်ပေးထားပါတယ်။
အစီအစဉ်မှူး။ ။ဒီစကားဝိုင်းနဲ့ ပတ်သက်ပြီး မိဘပြည်သူတွေ၊ ကျောင်းသား ကျောင်းသူတွေကို အသိပေးပြောကြားလိုတဲ့ အကြောင်းအရာလေးတွေရှိရင်လည်းဖြည့်စွက် ပြောကြားပေးစေလိုပါတယ်။
ဒေါ်သစ်သစ်ခိုင်။ ။ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန အနေနဲ့ ဖြည့်စွက်ပြောချင်တာကတော့ စာကြည့်တိုက်တွေ အသုံးပြုမှုနဲ့ ပတ်သက်ပြီး အဓိကကတော့ ကျောင်းအုပ်ကြီးပါ ကျောင်းအုပ်ကြီးရဲ့ စွမ်းဆောင်ရည်အပေါ်မူတည်ပြီး ကိုယ့်ကျောင်းရဲ့ စာကြည့်တိုက်တစ်ခုရဲ့ သက်ဝင်လှုပ်ရှားမှု၊ Functional ဖြစ်မှုတွေဟာ ဒီကျောင်းအုပ်ကြီးပေါ်မှာ အလွန် အရေးကြီးပါ တယ်။ ဒီကျောင်းအုပ်ကြီးက စာကြည့်တိုက်လုပ်ငန်းကိုစိတ်ဝင်တစားနဲ့ဆရာ၊ဆရာမတွေနဲ့ရော မိဘ၊ ဆရာတွေနဲ့ရော ပြင်ပ Community အဖွဲ့တွေနဲ့ပါ ပူးပေါင်းပြီးတော့ ကလေးတွေအတွက်ကိုလည်း မိတ်ဆွေစာကြည့်တိုက် တစ်ခုဖြစ်ဖို့ဆိုတာ လိုအပ်တဲ့ စာအုပ်တွေက Update နဲ့ ပတ်သက်ပြီး ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာ ကျောင်းအုပ်ကြီးက သူ့ရဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းပြီး သူသည် အမြဲတမ်း စဉ်းစားပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းအုပ်ကြီး တွေသည် ကျောင်းတွေမှာ သင်ကြားရေးသာမကဘဲနဲ့ ကလေးဘ၀ကတည်းကနေ သူတို့ အသက်ကြီးလာတဲ့အထိ အကျိုးရှိ သွားမယ့် စာဖတ်ခြင်း အလေ့ အကျင့်ကို ရှင်သန်နိုင်ဖို့က လုပ်ပေးရမယ့် တာဝန်ရှိပါတယ်။ ဒါကြောင့်မို့ ကျောင်း တစ်ကျောင်းရဲ့ စာကြည့်တိုက်ဖွံ့ဖြိုးဖို့ အတွက်ဆိုရင် ကျောင်းအုပ်ကြီးအပါအဝင် ဆရာ ဆရာမတွေ၊ မိဘ၊ ဆရာအဖွဲ့တွေ၊ ရပ်မိ ရပ်ဖတွေ အကုန်လုံးက ပူးပေါင်းပြီးတော့ ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းအကြံပြုလို ပါတယ်။
ဒေါက်တာသန့်သော်ကောင်း။ ။ဒီစီမံကိန်းတွေရေရှည်တည်တံ့ခိုင်မြဲဖို့ အရေးကြီးဆုံးက ပူးပေါင်း ဆောင်ရွက်မှုပါ။ ပူးပေါင်းဆောင်ရွက်မှုဆိုတဲ့နေရာမှာ ကျောင်းအုပ်ကြီးက အရေးကြီးပါတယ်။ သူ့ရဲ့ စိတ်ဝင်စားမှု၊ တက်တက်ကြွကြွရှိမှု၊ ဘယ်လောက်ထိ စွမ်းဆောင်နိုင်မှုရှိသလဲ၊ တခြားအဖွဲ့အစည်း တွေနဲ့ ဘယ်လောက်အထိ ပူးပေါင်းဆောင်ရွက် ချင်စိတ် ရှိသလဲဆိုတာမူတည်နေပါတယ်။ ဒါကြောင့် ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးပါတယ်။ ကျွန်တော်တို့ တစ်ဖွဲ့တည်းနဲ့ လုပ်လို့မရပါဘူး။ ကျောင်း ပေါင်း ၄၇၀၀၀ လောက်ရှိပါတယ်။ အဲဒီထဲမှာ ၂၆၀၀၀ လောက်ပဲ စာကြည့်တိုက်ရှိသေးတယ်။ ဒီစီမံကိန်းတွေဆိုတာက နိုင်ငံနဲ့အဝန်းလုပ်ရမယ့် စီမံကိန်းတွေဖြစ်တဲ့အတွက်ကြောင့် ပူးပေါင်းဆောင် ရွက်ဖို့ လိုပါတယ်။ ဝိုင်းဝန်း ဆောင်ရွက်ပေးကြတဲ့ ပညာရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ မြို့နယ် ပညာရေးမှူးတွေ၊ ကျောင်းအုပ်တွေ၊ ဆရာဆရာမတွေ၊ Community Librarian တွေပါ အထူးကျေးဇူး တင်ရှိကြောင်း ပြောချင်ပါတယ်။
ဒေါ်မြတ်စမ်းငြိမ်း။ ။မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းအနေနဲ့ ကတော့ Non-Professional တွေ Para-Professionalတွေ ခုလိုပြောတဲ့ စာကြည့်တိုက်မှူးတွေ သူတို့က စာကြည့်တိုက်မှူးတွေ လုပ် နေကြတယ်။ ဒါပေမယ့် စာကြည့်တိုက်သင်တန်း မတက်ရသေးတဲ့ ဆရာ ဆရာမတွေ အများကြီး ရှိပါတယ်။ အဲဒီအတွက် ကျွန်မတို့ မြန်မာနိုင်ငံစာကြည့်တိုက် အသင်းတွေက အခြေခံစာကြည့်တိုက် ပညာနဲ့ အဆင့်မြင့်စာကြည့်တိုက်ပညာဆိုပြီး နှစ်ပိုင်းခွဲပြီး တစ်နှစ်ကို နှစ်ကြိမ် အမြဲပြုလုပ်နေတာ ရှိပါတယ်။ စာကြည့်တိုက်လုပ်ငန်းကို လုပ်နေသောသူတွေ၊ စာကြည့်တိုက်လုပ်ငန်းကို ဝါသနာပါ သူတွေ၊စာပေကိုချစ်မြတ်နိုးသူတွေ မည်သူမဆိုတက်ရောက်လို့ ရပါတယ်။ ဒီဇင်ဘာမှာ တစ်လ သင်တန်းဖွင့်မှာ ဖြစ်တယ်။ အဲဒီအတွက်လည်း ဝန်ကြီးဌာနတွေ အကုန်လုံးကို စာပို့ထားပြီး ဖြစ်ပါ တယ်။ ဒါကအခြေခံကစပြီး လုပ်ငန်းကျွမ်းကျင် အောင်နဲ့ စာကြည့်တိုက်ကို ချစ်မြတ်နိုးအောင် သင်ပေး လိုက်တာ ဖြစ်ပါတယ်။ တော်တော်များများ စာကြည့်တိုက်မှူးတွေ၊ ဆရာ ဆရာမတွေလာတက် ကြပါတယ်။ အဲဒီလိုတက်ပြီးတဲ့အခါမှာ သူတို့ဟာ ကျောင်းစာကြည့်တိုက်ကို စိတ်ဝင်စား သွားတယ်။
ပြောချင်တာက ယခင်တုန်းကရှိတဲ့ စာကြည့်တိုက်ဆိုတာ စာအုပ်ငှားရုံသက်သက်ပဲ ရှိတဲ့ စာကြည့် တိုက်တွေဖြစ်ခဲ့တယ်။ အခုအခါမှာ တကယ့်ကို အသွင်ပြောင်းလာတဲ့အချိန်မှာ စာကြည့်တိုက်ဆိုတာ တကယ်ကို အားလုံးပျော်ရွှင်ပြီးတော့ စိတ်ချမ်းမြေ့မှုရတဲ့ နေရာတစ်ခုဖြစ်တယ်။ ကလေးတွေ ပျော်တဲ့စာကြည့်တိုက်၊ကလေးမိတ်ဆွေ စာကြည့်တိုက်ဖြစ် အောင်ကြိုးစားတဲ့နေရာမှာ အခက်အခဲတွေ အများကြီးရှိပါတယ်။ပထမဆုံးBudget အအခက်အခဲရှိတယ်။
နောက်တစ်ခါစာကြည့်တိုက်ဖွင့်ချိန် နည်းတယ်။ စာကြည့်တိုက်မှူး သီးသန့်မရှိဘူး။ ကျောင်းစာကြည့်တိုက် ဆရာ၊ ဆရာမတွေက တာဝန်နှစ်ခုကို ထမ်းနေရတယ်။ အဲဒီတော့ ကျောင်းစာကြည့်တိုက်အလုပ်ကိုလည်းသူတို့ လုပ်ရတယ်၊ စာသင်ခန်းထဲမှာလည်း စာသင်ရတယ်။ ဒီ Work Group နှစ်ခုကို လုပ်နေရတာက သူတို့ဝါသနာပါလို့ သူတို့လုပ်နေကြ တာဖြစ်ပါတယ်။ သူတို့ကို ဒီ Capabilities built လုပ်တဲ့အနေနဲ့ ဒီလို Training တွေ ပေးလိုက်ရင်သူတို့က စာကြည့်တိုက်လုပ်ငန်းတွေကို Highly Function တွေအဖြစ် လုပ်သွား နိုင်မှာ ဖြစ်တယ်။ ဒါက တစ်ချက်ပါ။နောက် ရွေးချယ်စရာတစ်ခုက ပညာရေး ဝန်ကြီးဌာနအနေနဲ့ ကျောင်း စာကြည့်တိုက်မှူး သီးသန့် တစ်ယောက်ခန့်ထားနိုင်ရင် တကယ့်ကို Functional ဖြစ်နေတဲ့ စာကြည့် တိုက်ကောင်းတစ်ခုကို အမြဲတမ်းရေရှည်တည်တံ့အောင် ထိန်းသိမ်းသွား နိုင်မယ်လို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံမှာလည်းစာကြည့်တိုက်ဘွဲ့ရကလေးတွေအများကြီးရှိနေပါတယ်။ ဒီလိုဘွဲ့ရပညာ တတ် တွေကို ကျောင်းရဲ့ဖွဲ့စည်းပုံထဲမှာ စာကြည့်တိုက်မှူးတစ်ယောက် ခန့်ထားနိုင်မယ်ဆိုရင် ကျောင်း စာကြည့်တိုက်များ ပြန်လည်ရှင်သန်တိုးတက်ရေး လမ်းကြောင်းမှာ အင်အားတစ်ရပ် ဖြစ်သွားမှာ ဖြစ်ပါတယ်။ မူလတန်း၊ အလယ်တန်း၊ အခြေခံပညာအထက်တန်းအဆင့်မှာ ကျောင်းစာကြည့် တိုက် တွေကိုစနစ်တကျ အသုံးပြုလာတတ်ပြီဆိုရင် အဆင့်မြင့် ပညာတက္ကသိုလ်တွေ ရောက်သွားတဲ့ အခါမှာ သူတို့ရဲ့ သင်ကြားရေး၊ သင်ယူရေး၊ သုတေသနပြုရေးအတွက် စာကြည့်တိုက်ကို ကောင်းကောင်း အသုံးချတတ်သွားမှာ ဖြစ်တယ်လို့ နိဂုံး ချုပ်အနေနဲ့ ပြောလိုပါတယ်။
ဒေါ်ယုယုတင်။ ။ကလေးတွေကို မူလတန်း၊ အလယ်တန်းကတည်းက ဒီလိုစာကြည့်တိုက်ကို သုံးတတ်အောင်၊ ချစ်အောင်၊ စာပေကို ချစ်မြတ်နိုးလာအောင်လုပ်လာပြီဆိုတဲ့ နောက်သူတို့တွေက အဆင့်မြင့်ပညာကဏ္ဍ ရောက်လာမယ်၊ တက္ကသိုလ်ရောက်လာပြီဆိုရင် စာကြည့်တိုက်ကို မလွဲမသွေ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ကျွန်မတို့ တက္ကသိုလ်များ ဗဟို စာကြည့်တိုက် အနေနဲ့ Information တစ်ခုပေးချင်တာက ကျွန်မတို့ရဲ့ Website ဖြစ်တဲ့ www.uclmyanmar.org အခု လောလော ဆယ်မှာတော့ တက္ကသိုလ်ကောလိပ် ၂၃ ကျောင်းရဲ့ e-resources တွေ၊ Informationတွေ တင်ထားပါတယ်။ ဒါတွေကို ကြည့်ကြပါ။ အသုံးပြုကြပါ။ Information တွေ၊ သုတေသီတွေ စာတမ်းပြုစုတဲ့သူတွေ၊ ကျောင်းသား ကျောင်းသူတွေ ကြည့်ကြပါ၊ အဲဒါလေးတွေကိုလည်း Information ပေးချင် ပါတယ်။
ကျွန်မတို့ စာကြည့်တိုက်ကို မလာဘဲနဲ့လည်း e-mail တို့၊ Fax တို့၊ ဖုန်းတို့နဲ့ လိုချင်တဲ့ Information တွေလည်း ဖြေပေးပါတယ်။ ကျွန်မတို့ရဲ့ e-mail ကတော့ uclmyanmarlibrary@gmail.com ဖြစ်ပါတယ်။ စာကြည့်တိုက်မှာ ခေတ်မီ နည်းပညာတွေနဲ့ လုပ်ထားတဲ့ စာအုပ်တွေ၊ ရှေးဟောင်း စာပေတွေလည်း ရှိနေပါတယ်။ ဒါကြောင့် စာကြည့်တိုက်ကို လာရောက်ပြီးအသုံးပြုကြပါ။ စာကြည့်တိုက်မှာလာရောက်ပြီး စာပေဆွေးနွေးလို့ရပါတယ်။ နောက်ပြီး ကျောင်းသား ကျောင်းသူ တွေအတွက် တစ်ခါတလေမှာ Laptop တွေ မရှိရင် စာကြည့်တိုက်အတွင်းမှာသုံးဖို့ service ဝန်ဆောင်မှု ပေးနေပါတယ်လို့ သတင်း ကောင်းပေးချင်ပါတယ်။ ။
သတင်းအဖွဲ့

No comments:

Post a Comment